အဖျက်သမားများမနာလိုစရာကောင်းလောက်အောင် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်နေသော ကျနော်တို့ရဲ့မြန်မာပြည်

မနေ့(၂၅-၀၉-၂၀၀၇)က နအဖသတင်းစာဖတ်လိုက်မိပါတယ်။ သတင်းစာရဲ့နောက်ကျောဖုံးကိုကြည့်ပြီး ကျနော်ကိုယ့်ကိုယ်ကို အပြစ်တင် လို့မဆုံးဖြစ်သွားပါတယ်။ နောင်တတွေလည်းအများကြီးရမိပါတယ်။ ဟုတ်ပါရဲ့ဗျာ။ ဒီလောက်အေးချမ်းတည်ငြိမ်ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေသော(အံမာလေးဗျ မောလိုက်တာ) အမိမြန်မာပြည်ကြီးကိုစွန့်ခွာပြီး တိုင်းတစ်ပါးမှာ အလုပ်အကိုင်ရှာဖွေ စားသောက် လိုခြင်းကိုက ကျနော်ရဲ့ကြီးမားတဲ့ အပြစ်ကြီးပါပဲ။ ဘာလို့များကျနော်တို့ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ချင်ကြတာပါလိမ့်။

နောက်ပြီးကျန်သေးတယ်။ နိုင်ငံတော်အစိုးရက ဒီလောက်စေတနာထားပြီး တိုင်းနဲ့ ပြည်နယ်တွေမှာ အဆင့်မြင့်တက္ကသိုလ်ကြီးတွေ ဖွင့်လှစ်ပေးနေပါလျက်နဲ့ ပြည်ပနိုင်ငံတွေထွက်ပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေ မင်းတို့လဲတော်တော်မိုက်မဲတာပဲကွ။ ကိုယ့်နိုင်ငံထဲမှာ အေးအေးချမ်းချမ်းပညာသင်ကြားနိုင်အောင် လုပ်ပေးထားတဲ့ နိုင်ငံတော်ရဲ့စေတနာ(အဲဒီတက္ကသိုလ်တွေက ကျောင်းပြီးယင် ရတဲ့ဘွဲ့နဲ့အလုပ်သာလုပ်မစားနိုင်တာ ဘာမှမတတ်တာကတော့ သေချာ တယ်။)ကို မင်းတို့အသိအမှတ် ဘာလို့မပြုကြတာလဲ။ ဒီလောက်ခေတ်မီတဲ့ပညာတွေကို မင်းတို့ကိုသင်ပေးနေတာကို။

အင်း ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ ကျနော်တို့နိုင်ငံမှာ ဆေးရုံ၊ဆေးပေးခန်းတွေ ဒီလောက်ပြည့်စုံအောင် နိုင်ငံတော်က စီစဉ်ပေးထားတာကို ပြည်ပထွက်ပြီးဆေးကုရတယ်လို့ဗျာ။(စစ်တပ်ကခေါင်းဆောင်တွေ ပြည်ပထွက်ဆေးကုတာကတော့ ထားလိုက်ပါ။) တွေးလေ တွေးလေအများကြီး ဒေါသထွက်မိပါတယ်ဗျာ။ နိုင်ငံတော်ရဲ့စေတနာကို နားမလည်တဲ့ ပြည်သူတွေ ကိုပေါ့။

အခုလည်းကြည့်လေ ဆန္ဒပြကြသတဲ့။ လမ်းပေါ်ထွက်လာတဲ့ သံဃာတွေ အများကြီးလို့သာထင်ရတာ။ တစ်ကယ့် တစ်ကယ်က မြန်မာပြည်မှာရှိတဲ့ သံဃာတော်တွေရဲ့ ၂ရာခိုင်နှုန်းပဲရှိတာဗျ(တို့ကတော့ ဗြောင်လိမ် ဗြောင်စားပဲ (ပုံ-သူမရငါရ မြင့်မောင်(အ၀ီဇိဗီဇာ ရရှိပြီး)))။ ဆန္ဒပြတယ်ဆိုတဲ့ပြည်သူတွေကလည်း လက်တဆုပ်စာ(ဓာတ်ပုံရိုက်ပြီး လက်ထဲထည့်ထားတာ)ပဲရှိတာပါဗျာ။

ဒါတွေအားလုံးက အမှန်တစ်ကယ်တော့ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်နေသော ကျနော်တို့ရဲ့မြန်မာပြည်ကို မလိုလားတဲ့ အဖျက်သမားတွေက ကြံတာဗျ။ ကျနော်တို့နိုင်ငံဟာ ဘယ်တုန်းကမှမကြားဖူးတဲ့။ ဘယ်နိုင်ငံကမှမရောက်ဖူးတဲ့ GDP(double digit)နဲ့ အရှိန်အဟုန်ပြင်းပြင်းတိုးတက်နေတာကို သူတို့က မနာလိုကြတာဗျ။ ဒီလောက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်က ပြည့်စုံနေတဲ့ မြန်မာပြည်ကို မနာလိုနေကြတာ။ ဟင်း ဟင်း ပြောကိုမပြောလိုက်ချင်ဘူး။

တံတားကြီးတွေဆောက်၊ လမ်းတွေဖောက်၊ ဆည်တွေတည်ဆောက်(မပြီးခင်ပျက်တာတော့ လာမပြောနဲ့) ဒါလောက်အလုပ်လုပ်တဲ့ အစိုးရကို ဘာလို့များမကျေနပ်ကြတာတုန်း။ ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းသစ်တွေပေါ်လာအောင် နေပြည်တော်မြို့တော် သစ်တည်ပေးတာကိုလည်းမကောင်းမြင်တဲ့သူတွေက မြင်ကြတယ်။ အခုဆို နေပြည်တော်တ၀ိုက်က ပြည်သူတွေအလုပ်အကိုင် အသစ်တွေရလို့(မိန်းမ ပြည့်တန်ဆာ၊ ယောက်ျား ကူလီ၊ ကလေး သူတောင်းစား)။ ကဲ ဘယ်လောက်အဆင်ပြေလဲ။ ဒါမျိုး ဘယ်အစိုးရတတ်နိုင်လဲ။ မြန်မာပြည်တင်မကဘူး နိုင်ငံတကာမှာပါ လိုက်ရှာကြည့်။ ဘယ်မှာများတွေ့နိုင်မလဲ။ ဟင်း ဟင်း ရူးတောင်သွားမယ်။ ဘာမှတ်လဲ။ ဒီလောက် ဦး(အုန်း)အရမ်းကြီး ပြီး ရွှေဥာဏ်တော်စူးရောက်တဲ့ အစိုးရကို ရထားတဲ့ မြန်မာပြည်သူတွေ လောက် ဘယ်သူမှကံမကောင်းဘူး။ မှတ်ထားကြ။

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):