ကျနော့်အတွေးသက်သက်ပါ......

ဒီနေ့ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုကြီးအကြောင်းကို စဉ်းစားမိရင် ကြက်သီးမွေးညင်းတောင်ထမိပါတယ်။ တစ်ကယ့်ကိုလေးစားဂုဏ်ယူအားကျစရာကြီးပါ။ ကျနော်တို့ မြန်မာလူမျိုးတွေမှာ မွေးရာပါဒီမိုကရေစီစိတ်ဓာတ်ရှိတယ်ဆိုတာ ပြသနေတဲ့ ပွဲတော်ကြီးတစ်ခုလို့ ကျနော်ထင်မိပါတယ်။
"ဒီမိုကရေစီကို ချက်ချင်းပေး" လို့ တစ်ချိန်က ကျနော်တို့ အော်ခဲ့ကြဖူးပါတယ်။ အခုချိန်မှာ ကျနော်နားလည်မိတာတစ်ခုက ဒီမိုကရေစီဆိုတာ ဘယ်သူ့ဆီကမှ တောင်းခံလို့မရနိုင်ဘူး ဆိုတာရယ်။ ဒီမိုကရေစီရဲ့အနှစ်သာရဆိုတာ ပြည်သူတစ်ရပ်လုံးရဲ့ အခြေခံစိတ်ဓာတ်ခံယူချက်အပေါ်မှာပဲမူတည်တယ်လို့ထင်ပါတယ်။ အဲဒီ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားကို အခုလက်ရှိမြန်မာပြည်သူတွေက ပြသနေပါတယ်။ ကျနော်တို့ တောင်းဆိုစရာမလိုပဲ လိုက်နာကျင့်သုံးလိုက်ခြင်းဟာ ဒီမိုကရေစီကို ကျနော်တို့ရရှိလိုက်တာပဲဖြစ်ပါတယ်။
အခုအချိန်မှာ တစ်ခုပဲသတိထားရပါမယ်။ စစ်အာဏာရှင်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကိုပါ။ သူတို့အနေနဲ့ ကျနော်တို့ မြန်မာပြည်ကြီးကို ၁၉၈၈ တုန်းကလိုအခြေအနေမျိုးကို ပြန်ရောက်သွားစေချင်တယ်။ အဲဒီတုန်းကလို ကယ်တင်ရှင်ကြီးတွေအနေနဲ့ သူတို့က ပါဝင်ကပြချင်ကြတယ်။ ဒါကြောင့် အကြမ်းမဖက် ဖက်အောင် သူတို့ရဲ့ သူလျိုတွေ၊ ဒလန်တွေနဲ့ လှုံ့ဆော်ကြပါလိမ့်မယ်။ ပြည်သူလူထုအနေနဲ့ အဲဒီအချက်ကို နားမယောင်မိဖို့လိုပါလိမ့်မယ်။ သူတို့ရေးနိုင်တဲ့ ဇာတ်ညွှန်းတွေကို ကြိုတင်ဖတ်ရှုနိုင်ရပါ့မယ်။ ကြိုတင်ကာကွယ်နိုင်ရပါမယ်။ ဒီနေ့ခေတ်မြန်မာပြည်သူတွေဟာ ၁၉၈၈ရဲ့ သင်ခန်းစာကို ကောင်းကောင်းကြီးယူတတ်ဖို့လိုပါလိမ့်မယ်။
အခုလက်ရှိအခြေအနေအထိဟာ လှုပ်ရှားမှုတိုင်းဟာအလွန်ကောင်းမွန်ပါတယ်။ ဒီတစ်ကြိမ်ရရှိလာတဲ့ အခွင့်အရေးကို ကျနော်တို့ရအောင်မယူတတ်ရင် နောက်ထပ်အနှစ်၂၀ လောက်ထပ်စောင့်နေရပါလိမ့်မယ်။
ကျနော်တို့အနေနဲ့ လုံးဝအကြမ်းဖက်စရာမလိုပါဘူး။ ဘုန်းဘုန်းတွေကိုင်စွဲတဲ့ မေတ္တာလက်နက်သည်သာ အထက်မြက်ဆုံးဖြစ်ပါတယ်။ လူ့သမိုင်းမှာ တစ်ခါမှမကြားဖူးတဲ့ စစ်အာဏာရှင်ကို မေတ္တာနဲ့အောင်နိုင်ခြင်းဆိုတဲ့ မော်ကွန်းထိုးနိုင်ဖို့ ကျနော်တို့မြန်မာပြည်သူတွေ ကြိုးစားကြရပါလိမ့်မယ်။ အောင်မြင်မှုဟာလည်း လက်တကမ်းမှာပဲရှိပါတယ်။

ကျနော်တို့ မျှော်မှန်းသော နိုင်ငံတော်သစ်ဆီသို့ ချီတက်သည့်တိုက်ပွဲ
အောင်ရမည်။ အောင်ရမည်။ အောင်ရမည်။

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):