Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

ကိုမျိုးမြန်မာ သို့  ပြန်ကြားခြင်း

ကျနော့ ဆောင်းပါးနဲ့ ပတ်သတ်ပြီး ကိုမျိုးမြန်မာ မေးတဲ့ မေးခွန်းတချို့ ကို ကျနော် တာဝန်ယူ ပြန်ကြားသင့်တယ် လို့ ထင်တဲ့မေးခွန်း တွေ ကို ဖြေလိုက်ပါတယ်။ ကျနော် အနေနဲ့ ဒီမိုကရေစီ သမားအားလုံးကို ကိုယ်စားပြုပြော နိုင်တဲ့ အနေအထား မရှိဘူး ဆိုတာတော့ ကြိုပြော ထားချင်ပါတယ်။ ကျနော့ ကိုယ်ပိုင် မမြင်နဲ့  ယုံကြည့်ချက်ကိုတော အပြည့်အဝအာမခံ ဖြေကြားပါ့မယ်။

၁) ဒီမိုကရေစီသမားများသည် အနောက်နိုင်ငံများမှ မလှုပ်ရှားခြင်းကို ငြူစူကာ အမှန်တကယ်တွင် သင့်ဆောင်းပါးတွင် ဆိုခဲ့သကဲ့သို့ ရမ်ဘိုကြီးတွေမိုးပေါ်ကကျလာကာ မြန်မာနိုင်ငံအား ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့ကို မျှော်ခဲ့ပါသလား။

ကျနော် ဟာ အနောက်နိုင်ငံတွေရဲ့  မလှုပ်ရှားခြင်းအပေါ် မည်သို့ မျှမငြူစူပါ။ ရမ္ဘိုႀကီးလဲ မလိုခ်င္ပါ။ လက်နက်ကိုင် သိမ်ပိုက်မှုမျိုးသာ မက လက်နက်မဲ့ စီးပွားရေး အရ အတွေးခေါ် အရ ထိန်းချုပ်လွမ်းမိုးမှုကို လဲ မခံနိုင်ပါ။ ဒါတင်မက လက်ရှိတရုတ်၊ အိန္ဒိယ၊ အာစီယံ နိုင်ငံများ ရဲ့  ကျနော် တို့  တိုင်းပြည်အပေါ် သဘောထားကို လဲ လက်မခံနိုင်ပါ။ တကယ်လို့  အမေရိကန် နဲ့  နိုင်ငံတကာ တပ်တွေစစ်အုပ်စု ကို မောင်းချပေးဖို့  အိရတ်ကို ဝင်သလိုဝင်လာ မယ် (ဖြစ်လာမယ်လို့  လုံးဝ မယုံကြည်ပါ၊ လုံးဝ မမျော်လင့်ပါ) ဆိုရင်လဲ မောင်းထုတ်ပေးတဲ့ အတွက်ကျေးဇူးတင်မယ်။ နှောင်ကြိုးတွေ ပါလာမယ် ။ မိတ်ဆွေအဆင့်ထက် ကျော်လာပြီး လက်ရှိ တရုတ်လို ၊ အာစီယံလို အပေါက်မျိုး ဖြစ်လာပြီး ဆိုရင်တော့ အဲဒီအုပ်စုတွေ ကို ကျနော် တော့ တိုက်မယ်။ ကျနော် တိုက်လို့ ရတဲ့နေရာက တိုက်မယ်။ ဒါဟာ ကျနော်နဲ့  ထိတွေ ဖူး တဲ့ တော်လှန်ရေး သမား (နိုင်ငံရေး သမား မဟုတ်ပါ) အများစုရဲ့  အမြင်ဖြစ် တယ်။ ပြည်ပအားကိုး ဘာဖြစ်တို့ ၊ အနောက်မျှော် တို့ ဆိုတာ စစ်အုပ်စု ရဲ့ ၎င်းတို့ နဲ့  တရုတ် ဆက်ဆံရေး၊ ရုရှားဆက်ဆံရေး၊ အိန္ဒိယဆက်ဆံရေး နဲ့  အာစီယံဆက်ဆံရေး စတဲ့ ဖြစ်စဉ်းတွေ ပေါ်ကနေ မြင်ပြီး ဆွဲယူထားတဲ့ ကောက်ချက်လို့ ပဲ ကျနော်တော့ မြင်တယ်။ စစ်အုပ်စု ရဲ့ ငါတို့ တောင် အားကိုးရှာ တာ သူတို့ လဲ အားကိုးရှာ မှာပဲဆိုတဲ့ တန်းညှိ ကောက်ချက် ဖြစ်တယ်။


၂) ပြည်သူအနေဖြင့် ကိုယ်အလောင်း စင်ကို ပြင်ကာတိုက်ပွဲဝင်သင့်ပြီဟု သင်ယူဆသည်။ အဘယ်ကြောင့်ပါနည်း။ အချိန်ဆွဲကာ Road Map ကိုအသက်သွင်းရန် ကြိုးပမ်းနေသည့် နအဖအား မိမိအသက်စွန့် အချိန်မီတားဆီးရမည်အထိ အရေးကြီးသည်ဟုဆိုရန်၊ ပြည်သူအား အဆိုးဆုံးထိ ပြင်ဆင်ကြတော့ဟုဆိုရန်အထိပင် လိုအပ်လောက်အောင် ဖြစ်နေသည့် ဦးတည်ချက်သည် အဘယ်အရာပါနည်း။


ကျနော့ ရေးတဲ့ ထဲမှာပါပြီးပါပြီ။ စစ်အုပ်စုရဲ့ စက်တင်ဘာလူထုလှုပ်ရှားမှု အပေါ်ကိုင်တွယ် သွားတဲ့ ပုံစုံကို ကြည့်ရင် ပြည်သူနဲ့  အစိုးရကြားက ပြဿနာလို ကိုင်တွယ်တာ မဟုတ်ပဲနဲ့  ရန်သူနဲ့  စစ်တပ်ဆိုတဲ့ သဘောထားအပေါ်မှာ စစ်ရေးအရ ကိုင်တွယ်သွား တာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော် အလောင်းပြင်ဖို့  တိုက်တွန်းတာ ဖြစ်ပါတယ်။ ချောချောမွေ့ မွေ့  အသွင်ကူးပြောင်းဖို့  ကျနော်တို့  အနှစ် ၂၀ လောက်စောင့်ခဲ့တာပဲ။် RM နဲ့  ပတ်သက်လို့  အသိအမှတ်ပြုစေချင်တယ်။ အလေးထားစေ့ချင်တယ် ဆိုရင် ဦးဝင်းတင် က အစ မနေ့  တစ်နေ့ ကမှ ဖမ်းသွားတဲ့ ကိုသီဟန် နဲ့ ကိုထိန်ဝင်း ( ဒီချုပ်တာဝန်ခံ) အထိ အရင် လွတ်ပေးလိုက်ဖို့ လိုပါလိမ့်မယ်။ နောက်ဆုံး အပြင်မှာ မထားနိုင်ဘူး ဆိုရင်တောင် ညောင်နှစ်ပင်မှာ အတိုက်အခံတွေ အားလုံးကို အကျယ်ချုပ်ထားရင်း အလုပ်ဖြစ်မဲ့ အချက်တစ်ခုခုလုပ်ခိုင်း ဖို့ ကောင်းပါတယ်။ အဆိုးဆုံးထိ ပြင်ဆင်ဖို့  ကိစ္စကတော့ ကျနော့ စကား မဟုတ်တဲ့ အတွက် ကျနော် ဖြေဖို့ မဖြစ်နိုင်လို့  မဖြေတော့ပါဘူး။

ဒီမိုကရေစီဆိုလျှင် နအဖသည် Road Map ဖြင့် ဒီမိုကရေစီသို့သွားမည်ဟု ဆိုထားပြီးဖြစ်၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် မရှင်းလင်းသည်မှာ သင်တို့တားဆီးချင်သည်မှာ
- ထိုRoad Map ဖြင့် ပေါ်ပေါက်လာမည့် ဒီမိုကရေစီလော၊ သို့မဟုတ်

ဒီအချက်နဲ့ ပတ်သက်ရင် RM ကြောင့် ဒီမိုကရေစီ ပေါ်ပေါက်လာမယ်ဆိုတဲ့ အချက် အပေါ်မှာ ကို သဘောတရား အရရော လက်တွေ့ အရရော မယုံကြည်ပါ။ လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝ သော နိုင်ငံတော်ပေါ်ပေါက်ဖို့  ဖိနှိပ်ချုပ်ချယ် မှုတွေနဲ့  သွားနေတယ်လို့  မြင်ပါတယ်။

- မရောက်အောင် နအဖမှ အချိန်ဆွဲသွားနေမည်ကို စိုးရိမ်သည်လော၊ သို့မဟုတ်

အချိန်ဆွဲမဆွဲ ဆိုတာကတော့ ကျနော်ဖြေဖို့ လိုမယ်မထင်တော့ပါဘူး။

- ဒေါ်စုကြည်ပါကိုပါရမည့် ဒီမိုကရေစီလော

ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို ဝိုင်းရန်နေခြင်း ဟာ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့ ဒီမိုကရေစီ ဆိုတဲ့ အဓိပ္ပါယ် မရောက်ဘူးထင်တယ်။ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စု ကို လက်တွဲတိုက် ပွဲ ဝင်နေကြချင်းပဲဖြစ်ပါတယ်။ နအဖ ဆန့် ကျင်တဲ့ နေရာမှာ သက်တန်း အရင့် ဆုံး BCP ကနေ သက်တန်းအနုဆုံး ဖြစ်တဲ့ GW အဖွဲ့ တွေ အထိ အားလုံး လက်တွဲ သွားမှာ ဖြစ်တယ်။ နောင်တစ်ချိန် ဒီမိုကရေစီ ရလို့  ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD အဖွဲ ဟာ ပြည်သူပေါ်မှာ၊ နိုင်ငံပေါ်မှာ မကောင်းသော အမှားအယွင်း များ ကျူးလွန်လာခဲ့ရင်လဲ ကျနော် အပါအဝင် ပြည်သူတစ်ရပ်လုံး က ခုလို ပဲ ဆန္ဒပြဆန့် ကျင် ကြဦးမှာပဲ ဖြစ်ပါတယ်။ လောလောဆယ် တော့ NLD ကောင်းတာ မကောင်းတာ ကျနော့ အနေနဲ့  မပြောနိုင်ပါဘူး။ ကျနော် အသေအချာပြော နိုင်တာ စစ်အုပ်စု မကောင်းဘူး ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဲလို ဆန္ဒပြ ဆရာ အဖြစ်မျိုး နဲ့  ကြုံလာခဲ့ရင်လဲ လူကြားသူကြား မှာ ဖုန်းတော်ကြီးတွေ ကို တုတ်နဲ့  ရိုက်မယ် မဟုတ်ဘူး ၊ ဘုန်းကြီးကျောင်းတွေ ကို လူဆိုးစခန်းလို ဝင်စီးမှာ မဟုတ်ဘူး။ လူတွေ ကိုလဲ နိုင်ငံရေးလုပ်တာ၊ စာရေးတာလောက်နဲ့  နှစ်ရှည်ထောင်ချမှာ မဟုတ်ဘူးလို့ တော့ ယုံတယ်။ ဒီမိုကရေစီ လို ချင်သူတိုင်းဟာ နိုင်ငံရေးသမားတွေ ချည်းပဲ။ အဖွဲ့ အစည်းစွဲ နဲ့  လုပ်နေတာပဲ ဆိုတာ စစ်အုပ်စု ရဲ့  ဝါဒဖြန့် ချီမှု သက်သက်ဖြစ်ပါတယ်။ အများစု က တော်လှန်ရေး စိတ်နဲ့ လုပ်နေကြတာဖြစ်ပါတယ်။

- တပ်မတော်၏ 25 % ကြောင့်လော

ဟုတ်ပါတယ် လို့ ရှင်းရှင်းဖြေရပါလိမ့်မယ်။ တိုင်းပြည်ပေါ် တကယ်စေတနာထားရင် အရပ်သား အစိုးရအောက် မှာ တိုင်းပြည်ကာကွယ်ရေး ကို ပဲ စောက်ချလုပ်ပေါ့။ လွတ်တော် ဆိုတာ ပြည်သူတွေ အတွက်ပါ။ ဘယ်ယူနီဖောင်းဝတ်နဲ့ မှ (လေလာသူအနေနဲ့  လည်းကောင်း လွတ်တော်က လို အပ်လို့  ဆင့်ခေါ်တဲ့ အခါမျိုး မှာလည်းကောင်း ) မဆိုင်ပါဘူး။ စစ်ဝတ်စုံ ဝတ် လွတ်တော် အမတ် လက်မခံနိုင်ပါဘူး။ တပ်မတော်ကသာ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုတဲ့ ခံညံ့ညံ့ကောက် ချက်ကိုလဲ လက်မခံနိုင်ပါဘူး။ တဖက်ကလဲ စစ်အုပ်စုလက်ထက်မှာသာ အရပ်သား အစိုးရဖြစ်လာ နိုင်ဖို့ ကို အကြောက်ကန် ငြင်းဆန်နေတာပါ။ ဒီမိုကရေစီ ခေတ် ရောက်ရင်တော့ တပ်မတော် ဆိုတာ တိုင်းပြည်ရဲ့  အဆောင်အယောင် တစ်ခု ၊ အင်အားတစ်ခု အနေနဲ့  ဆက်လက်တည်ရှိနေဦးမှာပါ။ ဗိုလ်သန်းရွှေပါသော တပ်မတော်၊ ဗိုလ်ရွှေမန်း ပါသောတပ်မတော် ကို ဆိုလိုတယ် ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့လေ။

- ထို Road Map ဖြင့် ဒီမိုကရေစီရခဲ့ပါလျှင် အမှန်တကယ်ထိခိုက်မည်မှာ နိုင်ငံလော၊ အဖွဲ့အစည်းတစ်ခုလော။

RM ဖြင့် ဖြင့် ဒီမိုကရေစီရခဲ့ပါလျှင် အမှန်တကယ်ထိခိုက်မည်မှာ နိုင်ငံလော၊ အဖွဲ့အစည်းတစ်ခုလော ဆိုတဲ့ အမေးကို ဖြေပါမယ်။ ကျနော်တို့  အနာဂတ်တစ်ခုလုံး ထိခိုက်ပါ လိမ့်မယ်။ တပ်မတော် က တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ်လုပ်၊ အစိုးရအဖွဲ့  ကပြည်သူတွေ အတွက်အလုပ်လုပ်တဲ့ နိုင်ငံတော်ကိုပဲလို ချင်ပါတယ်။

ယခုသင်၏တိုက်တွန်းချက်သည် သာမညမဟုတ်ချေ။ ပြည်သူသည် ထိုဆိုသောအရာ အတွက်အသက်စွန့်ရမည်ဖြစ်သည်။ အဆိုပါ ထိုဆိုသော အရာသည် အဘယ်အရာဖြစ်သနည်း။ ရှင်းလင်းစွာသိရန်လိုအပ်ပါသည်။

နိုင်ငံတကာ ကလဲ စီးပွားရေး ပိတ်ဆို့ တာထက်၊ပြင်းထန်စွာ ရှုံချတယ်ဆိုတာထက် ဘာမှ ပိုလုပ်ပေးမယ် မဟုတ်ဘူး၊ စစ်အုပ်စုကလဲ အာဏာလွဲ ပြောင်းဖို့ ကို အကြောက်ကန်ငြင်းဆန်၊ ဒီလို အခြေအနေကြား မှာ ပြည်သူက တဖြည်းဖြည်း မွဲသထက်မွဲ ၊ အောက်တန်းကျသည် ထက်ကျ လာတဲ့ အခြေအနေ ကို ကျော်ဖြတ် ဖို့  ဒီလမ်းတစ်ခု ကျနော်တွေး နိုင်တဲ့ အတွက်ပါ။ ထိုအရာ ဆိုတာကတော့ ကျနော်တို့  ချိုးဖောက်ခံထား ရတဲ့ အခွင့်အရေး တွေ အတွက်ပါ။ အုပ်ချုပ်သူ ဆိုသူရဲ့  မျက်နှာကို လက်ညိုးနဲ့ တဲ့တဲ့ ထိုးပြီး “ခင်ဗျား တလွဲတွေလုပ် မနေနဲ့ ” လို့ ပြောနိုင်ဖို့  အတွက်ပါ။

တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆိုလျှင်မူ ကျွန်တော်တို့ အဓိကတိုက်ထုတ်ရမည်မှာ စီးပွားရေးပိတ်ဆို့မှုပင်ဖြစ်ပါသည်။

စီပွားရေးပိတ်ဆို့ မှု ဆိုတာ ကို တိုက်ထုတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်တဲ့ သူတွေဆိုတာ ပိုက်ဆံလိုချင်လို့ လုပ်တယ်ဆိုတဲ့ အချက်ကို တော့ မေ့ထားလို့ မရပါဘူး။ ကျနော်တို့  ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေရဲ့  စီးဆင်းမှု ချောမွေ့  နေတယ် ဆိုရင် ဘယ်သူတားတား လုပ်တဲ့လူက လုပ်မှာပဲ။ သူတို့ နိုင်ငံတွေ မှာကလဲ အစိုးရအမိန့် နဲ့ တားထားတာကို ချိုးဖောက်လို့  နှစ်ရှည်ထောင်ချလို့ မှ မရပဲ။ မတော် ဒဏ်ငွေရိုက်ရုံပေါ့။ အဲဒီ ဒဏ်ငွေဆိုတာလဲ ကျနော်တို့ တိုင်းပြည်ကို လာလုပ်လို့  ရတဲ့ အမြတ်အစွန်း နဲ့ ဖာထေးနိုင်ရင် ဘယ်သူမဆိုလာလုပ်ကြမှာပါပဲ။ လက်ရှိလဲ စည်းပွားရေး အရ တွက်ချေကိုက်နေတဲ့ အနောက်ကုမ္မဏီတွေ ရှိနေတုန်းပါပဲ။ ပြင်ပစီးပွား ရေးပိတ်စို့ မှု ကို မတိုက်ခင် ပြည်တွင်း စီးပွားရေး ကန့် သတ်ချက်တွေကို အရင် တိုက်ထုတ်ဖို့ အရးကြီးမယ်လို့  ထင်ပါတယ်။ ဥပမာ။ ။ ဆန် ကို နယ်ကူးသယ်လို့ မရတာမျိုး၊ ကားပါမစ်တွေကို ထိန်းချုပ်ထား တာမျိုးတွေပါ။ စစ်အုပ်စု အနေနဲ့  ကြိုးနီစနစ်နဲ့  လိုရာဆွဲ စီးပွားရေး ဥပဒေတွေ ကို သာ ရပ်နိုင်ရင် အစိုးရတွေ အနေနဲ့  ကျနော်တို့ နိုင်ငံအပေါ် စီးပွားရေး ဘယ်လောက်ပိတ်ဆို့  ပိတ်ဆို့  လုပ်ငန်းရှင်ဆိုတဲ့ လူတွေကတော့ ဝင်လာမဆဲ တသဲသဲနေပါလိမ့်မယ်။

လုံလောက်ကျေနပ်နိုင်မယ် လို့ ထင်ပါတယ်။ နောက်အခါတွေတော့ ဒီလိုထပ်ဖြေ နိုင်မယ် မထင်တော့ ဘူး။ မေးစရာရှိရင်တော့ မေးထားပါ။ အားတဲ့အခါ ကိုမျိုးမြန်မာ သိချင်တာတွေ ကို ခြုံငုံနိုင်မဲ့ ဆောင်းပါး ရေး ဖို့ ကြိုးစားပေးပါ့မယ်။

မိုးထက်နေ

ဘလော့ရေးသူများသို့ 

ကျနော် တို့ စစ်အစိုးရရဲ့ ရူးကြောင်မူးကြောင် နိုင်တဲ့ နောက်ဆုံး လှုပ်ရှားမှုကတော့ ဝန်ထမ်းတွေ၊ ကြံခိုင်ရေးတွေကို ဘလော့ဂါ သင်တန်းတွေ ပေးပြီးတော့ ဘုန်းတော်ဘွဲ့ ရေး ခိုင်းတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ကျနော်ဟာ ၂၀၀၇ စက်တင်ဘာလ မတိုင်ခင် အထိ ဘလော့ ဆိုတာကို ကြားဘူးနားဝ ရှိဘူးရုံကလွဲ လို့  လိုက်လဲမဖတ်ဘူး ကိုယ်ပိုင်လဲ ဘလော့မရှိပါဘူး။ အွန်လိုင်း အသိုင်းအဝိုင်းနဲ့ ဝေးတယ်ပဲပြောပြော ကျနော် ဘလော့တွေ၊ ဘလော့ဂါတွေ နဲ့ က ဘုန်းကြီးနဲ့ ဘီးလို ပါပဲခင်ဗျာ။ ဖြစ်ချင်တော့ စက်တင်ဘာ လူထုတိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ ကျနော် က မြန်မာပြည်နဲ့ တော်တော်ဝေး ပြီး ၊ မြန်မာလူမျိုး တော်တော်နည်းတဲ့ တိုင်းပြည်တစ်ပြည်မှာ ရောက်နေခဲ့ပါတယ်။ အဲဒီ အချိန်မှာ ပဲ ဒီဘလော့ရဲ့ ပိုင်ရှင် ကိုရွှေဘိုသား က ကျနော် ကို စာရေးဖို အကြိမ်ကြိမ့် တိုက်တွန်း တဲ့ အတွက် ကျနော် ဒီဘလော့မှာ စာဝင်ရေး ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုဘလော့သွားလည်ဒီဘလော့ သွားလည် ဟို Tag ဒီ Tag ဆိုတဲ့ ဘလော့ ယဉ်ကျေးမှုထဲ မှာတော့ ခုထိကျနော် ရှိမနေပါဘူး။ ရှိလာဖို့  လဲ့ မရှိပါဘူး။ ကျနော်တွေ မိတာတွေ ကို လူတွေကို ပြောပြချင်တဲ့ အတွက် ဒီဘလော့မှာ ဆက်ရေးနေတာ ဖြစ်ပါတယ်။ ကျနော့ Personnel ဘလော့တစ်ခု တော့ ရှိပါတယ်။ အဲဒီဘလော့ ကလဲ တစ်စုံတစ်ယောက် ကတိုက်တွန်း လို့ ကျနော် ပြောချင်တဲ့ တသိပုဂ္ဂလ ခံစား ချက်တွေကို ချပြတဲ့ နေရာအဖြစ်တော့ ရှိနေပါတယ်။ အဲဒီတစ်စုံတစ်ယောက်နဲ့  ကျနော် သူငယ်ချင် တစ်ချို့ ပဲ သိတဲ့ နေရာတစ်ခု အဖြစ်ပဲ ရှိနေတာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်စုံ တစ်ယောက် ကျေးဇူး ကြောင့်ပဲ မြန်မာနိုင်ငံသား ဘလော့ဂါတွေ၊ ဘလော့တွေ အကြောင်း သိခွင့် ရခဲ့ပါတယ်။ တစ်ချို့ ဘလော့ဂါများတော့ လဲ ဘလော့ရေးတာကို ပဲ အတတ်ပညာ တစ်ခု လို သွေးနားထင်ရောက်နေ တာကို လဲ တွေရပါတယ်။ ကျနော့ အမြင်ကတော့ ဘလော့ရေးခြင်း ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခု အနေနဲ့  ပဲ မြင်လို့ ရပါတယ်။ သူတောင်း စားတောင် ပိုက်ဆံတတ်နိုင်ရင် ဘလော့ရေး လို့  ရပါတယ်။


ဒီနေတော့ သူငယ်ချင်းတစ်ယောက်ပို့ လိုက်လို့  နာမည်ကြီး လား နာမည်မကြီးလား မသိပေမဲ့ မြန်မာနိုင်ငံသား စစ်စစ်မြန်မာပြည်ထဲမှာနေတဲ့ ဘလော့ရေးတဲ့ လူတစ်ယောက် ရဲ့  ပို့ စ် တစ်ခု ကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာပြောစရာလေးတွေ နဲနဲ ရှိလားတဲ့ အတွက် ဘလော့ဆရာမ၊ ဘလော့ဆရာတွေ မေတ္တာပို့ ချင်ပို့ ပါစေတော့ အဲဒီလူနားထဲ ပြန်ရောက်စေ့ ချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။

ကျနော်ပဲ အကောင်းမမြင်စိတ်များနေလို့ လားဘာလား တော့ မသိဘူး သူ့ ပထမဆုံးစာပိုဒ်ကို ဖတ်ပြီးနာလည်တာကတော့ တန်ဖိုးရှိတာ လုပ်ဖို့ စိတ်ကူးနေတုန်း ဝန်ထမ်းတွေကို ဘလော့ အကြောင်းဟောပြော ပေးဖို့ ဖိတ်ကြားခံရတဲ့ အကြောင်းရေးထားတာပါ။ ပြည်တွင်းမှာနေပြီး နအဖ ရဲ့ အာဏာစက်ကို ငြင်းဖို့ ဆိုတာတော် တန်ယုံလူအတွက် မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့ ဒါကို တန်ဖိုးရှိတဲ့ အလုပ်တစ်ခုအနေနဲ့ တင်စားတာတော့ တော်တော်ကို ဆိုးဝါးတယ်လို့ ခံစား မိပါတယ်။ ဒုတိယအပိုဒ်ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘလော့ရေး ဖို့  အချိန်တွေ၊ ငွေတွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို ရေးထားပါတယ်။ အဲဒီထဲ မှာ စိတ်မကြေလည် စရာကောင်းတဲစာပိုဒ်ကတော့ “အခု ဖြစ်ပြီးသွားတဲ့ အရေးအခင်းမှာ နာမည်အကြီးဆုံးက မြန်မာဘလော့ဂ်တွေပဲ။ နိုင်ငံခြားက လူတွေကလည်း တကယ်ကို ဂုဏ်ပြုချင်တာလား၊ မတာလား၊ မစာနာတာလား မသိဘူး စောက်သရမ်းတွေ ချီးမွမ်းခန်း ဖွင့်လိုက်ကြတာနဲ့ သိပ်မကြာခင်ဘဲ ဘလော့ဂ်ကို ပိတ်ထည့်လိုက် ပါတော့တယ်။” တာဝန်ကျေတဲ့ ဘလော့ရေးသားသူ အချို့ ကို ချီမွမ်းတာဖြစ်ပါလိမ့်မယ်။ နောက်သူသုံးထား တဲ့ အခြေအနေရောက် သည်အထိ ချီးမွမ်းတယ် ဆိုတာတော့ ကျနော်လက်မခံနိုင်ပါဘူး။ နောက်တစ်ခု က အဲဒါတွေကြောင့် ဘလော့တွေ ပိတ်လိုက်တယ် ဆိုတာလဲ အတွေးတိမ်လွန် တယ်လို့ မြင်ပါတယ်။ နအဖ ဟာ သူတို့ အကြောင်း အမှန်ရေးတဲ့ ဘယ် Media ကိုမဆိုတားဖို့  ကြိုးစားမှာဖြစ်ပါတယ်။ အင်တာနက်သတင်းဌာနတွေ ကိုလဲ တားထားတာပဲ ဖြစ်ပါတယ်။

ဒီဘလော့သင်တန်းမှာ ပါဝင် ပို့ ချသူတွေကတော့ သောင်းစုငြိမ်း ၊ ရဲ မြတ်သူ ၊ ဦးကိုကို ဆိုတဲ့ နအဖနဲ့  အကျိုးစီးပွားတူ ပညာရှင်တွေရယ် ဘလော့ရေးတဲ့ ဇော်မိုးအောင်၊ ညီလင်းဆက်တို့  ဖြစ်တယ် လို့ အသိပေးထားပါတယ်။ ဒါဟာတစ်ဘက်က ကြည့်ရင် ရိုးရိုးသားသား ထုတ်ဖော် ပြောတယ်လို့ တွေးလို့ ရပေမယ့် ကျနော်ကတော့ ကိုယ့်ပေါင်ကို လှန်ထောင်းတယ်လို့ ပဲ မြင်ပါတယ်။ ကိုယ်စိတ်ကြိုက်အားနဲ့ ထောင်းလို့ ရတာပေါ့ ဗျာ။ သူများထောင်းတာ ခံရရင် ပိုနာမှာပေါ့။

ဝန်ထမ်းတွေကို အစိုးရအောက်က လူတွေမို့ ဘလော့သင်မပေး ဘူးဆိုတာမျိုးမဖြစ်သင့်တဲ့ အကြောင်း လျှောက်လွဲချက်ပေးထားတာပါ။ ဒါကိုတော့ လက်ခံပါတယ်။ ဝန်းထမ်းတိုင်းဟာ နအဖ ဘက်က လူမဟုတ်ပဲ အမှန်တွေ ရေးလာနိုင်တယ် ။ မကျေနပ်ချက်တွေကို နာမည်အရင်း နဲ့ မဟုတ်တောင် တခြားဘလော့ နာမည်တစ်ခုနဲ့  ရေးလာနိုင်တယ်ဆိုတဲ့ အထိ ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ နအဖ ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခု ကို အကောင်အထည်ဖော် တဲ့ နေရာမှာ ကိုယ့် ပရောဂတော့ ဘယ်နည်းနဲ့ မှ မပါစေချင်ဘူး။ အဲလို မပါအောင်နေနိုင်တာလဲ တော်လှန်ရေး တစ်မျိုးပါပဲ။ အဲဒီမှာ သင်တန်းသွားပေးတဲ့ လူတွေ မသွားနိုင်လို့ နအဖ ရဲ့  ဘလော့သင်တန်းကြီး လုံးဝပျက်သွားမှာ မဟုတ်ပါဘူး။ နောက်ဆုံး ပြည်တွင်းမှာ ရှိတဲ့ ဘလော့ရေးတဲ့ လူအကုန်က သင်တန်းပေးဖို့ ငြင်းဆန်လိုက်ရင် ပြည်ပက ပညာရှင်တွေ ကို နအဖ က ငွေပေးခေါ်ပြီး သင်မှာ ပဲ။ နောက်ဆုံး အဲဒီအတွက် ပိုက်ဆံမသုံး နိုင်ဘူးဆိုရင် တောင် စွေဆောင်းကို ခေါ်သင်ခိုင်းလို့ ရပါတယ်။ ခင်ဗျား အကြောင်းပြချက်က သိပ်တော့ မခိုင်လုံသေးဘူး ကိုယ့် ဆရာရဲ့ ။ သာကီနွယ် လို ဘလော့တွေ ထပ်ပေါ်လာရင် ခင်ဗျား ကြောင့် မဟုတ်ပေမဲ့ ခင်ဗျား တို့ ဟာ ပင်နယံ တစ်ခုဖြစ်တယ် ဆိုတာတော့ ဘယ်လို မှ ငြင်းချက်ထုတ် ဖို့ မကြိုးစားပါနဲ့ ။ အဲလို ဘလော့တွေပေါ်လာ လို့ လဲ လူတွေ က အမှန်နဲ့  အမှား မခွဲနိုင်လောက်အောင် မညံ့ပါဘူး။ ဒါပေမဲ့ မျက်စိတော့ နောက်တာပေါ့ ကိုယ့်ဆရာ ရယ်။

“မြန်မာနိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတယ်လို့ စင်္ကာပူနိုင်ငံသား သူငယ်ချင်းက ပြောဖူးတယ်။ အိန္ဒိယနိုင်ငံက အိုင်တီ မန်နေဂျာ တစ်ယောက်ဟာ မြန်မာပြည်ကို ယိုးဒယားရဲ့ အစိတ်အပိုင်းလို့ ထင်နေတုန်းပဲ။ ပြောချင်တာက ဘလော့ဂ်တွေ အများကြီး ဖြစ်စေချင်တယ်။”ကျနော်တို့ နိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတဲ့ ကိစ္စကို ဘလော့တွေ များလာချင်း ဆိုတဲ့ ဆေး တစ်မျိုးထဲနဲ့ ကုစားလို့ မရပါဘူး။ လူဦး ရေ သန်း ၆၀ လောက်ရှိတဲ့ တိုင်ပြည်မှာ ဘလော့ ဝင်ကြည့်တဲ့ လူ တစ်နေ ခြောက်ထောင်ရှိသလား စဉ်းစားဖို့ ကောင်းပါတယ်။ နောက် တစ်ကမ္ဘာလုံး မှာ ရှိတဲ့ လူ သန်းခြောက်ထောင် ထဲမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပါ ဆိုတဲ့ ဘလော့ ကို တစ်ရက် ခြောက်သိန်းလောက် ဝင်ကြည့်နေတာမျိုး ရှိပါသလား။ ကျနော်တော့ ရှိလိမ့်မယ် မထင်ဘူး ။ သူ့ ကောက်ချက်အတိုင်း သာ ဘလော့တွေ ကြောင့် သတင်းတွေ ပျံ့  နိုင်မယ် ဆိုရင် BBC , NHK, CNN က ဝန်ထမ်တွေ အလုပ်ပြုတ်တာ ကြာရော့မယ်။ နောက် တစ်ချက် မြန်မာပြည်ကို အိန္ဒိယ က အိုင်တီမန်နေဂျာ က ယိုးဒယား ရဲ့ အစိတ်အပိုင်း တစ်ခု လို့ ထင်တယ် ဆိုတာလဲ သိပ်အံသြစရာမကောင်းပါဘူး။ ကျနော်လက်ရှိနေတဲ့ နိုင်ငံဆို မီဒီယာ အင်အားလဲ ကောင်းတယ်၊ မီဒီယာ လွတ်လပ်ခွင့်လဲ ရှိပါတယ်။ နောက် ငွေကြေးချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံတစ်ခု လဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ဒီနိုင်ငံကို လာရမယ် ဆိုမှ ဒီနိုင်ငံရဲ့  အကြောင်း သိတာပါ။ အဲဒီ ကုလားမန်နေဂျာ တစ်ယောက် မသိတာနဲ့ တော့ ဘလော့တွေ များ လာဖို့ ကောင်းတယ်ဆိုတဲ့ ကောက်ချက်က နည်းနည်း ရီချင်စရာ ကောင်းလွန်းပါတယ်။ တကယ်လို့ ကျနော် တို့ ဘလော့တွေ အများကြီးရေးရင်ရော အဲဒီ ကုလားက မြန်မာပြည်ဟာ စစ်ဖိနပ်အောက် က အင်မတန်သနား စရာကောင်းတဲ့ နိုင်ငံဆိုတာ သိလာပါ့မလား။ မည်သို့  ပင်ဖြစ်စေ အဲလိုလူတွေ သိစေချင်ရင် Wikipedia နဲ့  Encarta နှစ်ခု ကို ညွှန်းလိုက်ဖို့ အကြံ ပေးပါတယ်။ နောက်တစ်ခု က မီဒီယာ တွေ ဘယ်လောက် များများ လွတ်လပ်စွာရေး သား ခွင့်အရှိသမျှ အမှန်တရားဆိုတာတွေ ကို ဖော်ပြလို့ ရမှာမဟုတ်ပါဘူး။

ညီလင်းဆက် ရဲ့ ပိုစ် က ဖတ်ရင်းဖတ်ရင်း ဘာဆိုလို ချင်မှန်း မသိပေမဲ့ မြန်မာပြည်ထဲမှာ ဘလော့ပြန်ပွင့်ပေးမလား လို့ သူကြိုးစားခဲ့တယ်လို့ ဆိုချင်ဟန်တူပါတယ်။ ဘလော့ပြန်မဖွင့် လို့  ကျနော်တို့ ဘာမှ မဖြစ်ပါဘူး။ ကျော်လို့ ခွလို့ ရမဲ့ နည်းတွေလဲ ဒုနဲ့ ထေး ပါ။ ဘလော့ရေးတဲ့ လူတွေ သတင်းတို့ ဆောင်းပါးတို့ ရေးချင်ရင်လဲ အပြင်က ကိုယ်နဲ့ နီးစပ် တဲ့ ဘလော့ဂါတွေ ဆီပို အဲဒီလူတွေ က ပိုစ့်တွေတင်ပေးမယ် လို့ ကျနော် တော့ ယုံကြည်တယ်။ ဘလော့ရေး ပြီး နာမည်တည်ဆောက် ချင်တဲ့ လူတွေ အတွက်တော့ သိပ်အဆင်မပြေဘူးပေါ့။ ငါစာ ငါ့ဘလော့မှာ ပဲတင်မယ် ဆိုတဲ့ ဆရာမတွေ ဆရာတွေ အတွက် တော့ မပြောလို ပါဘူး။ နအဖ ဘလော့တွေကို ပိတ်လိုက်ရုံနဲ့ ဗမာပြည်ထဲက သတင်းတွေ ဆောင်းပါးတွေ နိုင်ငံတကာကို မတင်ပြနိုင်တော့ ဘူးဆိုတဲ့ အတွေမျိုး ကတော့ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်လောက်က တွေးဖို့ ကောင်းတဲ့ အတွေးအခေါ်ပါ။ နောက် ဘလော့ တွေ ရေးသားခွင့် ရပေမဲ့ ပြည်ပက ဘလော့တွေ ကို ကြည့်ခွင့်မပေး ဘူး ဆိုရင်လဲ ဘာမှ မထူးပါဘူး။ အဲဒီနာမည်နဲ့ ဘလော့ဖွင့်ရင် ဆွဲစိမယ်လို့ ပြောထားရင် စာရေးတဲ့ ညီလင်းဆက် ကိုယ်တိုင်တောင် မဖွင့်ရဲ ပါဘူး လို့ ဝန်ခံထား ပြီးဖြစ်တာ ကိုထောက်ရင် သူတို့ ဘက်ကလူ တွေ တန်ပြန်ဝါဒဖြန့် ဖို့  အတွက် ရေးဖို့ သက်သက် ဖွင့်ပေး တာမျိုး ကတော့ ဘာမှထူးခြား လာမယ် မဟုတ်ပါဘူး။

ဘလော့ရေးတဲ့ရည်ရွယ်ချက်တို့  ဘာတို့  စတဲ့ လက်ချာတွေ ကို သင်ယူထားတဲ့ ပြည်တွင်း နအဖ ဘလော့ဂါအင်အား စု ကလည်း တဖြေးဖြေး တိုးတိုးလာတော့မယ် ထင်ပါတယ်။ အမှန်တော့ ဘလော့ရေးတယ် ဆိုတာ ကိုယ်စိတ်အစာပြေ အောင် ကိုယ်လုပ်ချင်တာကိုယ် လုပ်တယ် လို့ ပဲထင်ပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်တာတွေရေးမှ ဘာမှ မဟုတ်ပါဘူး ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိပါတယ်။ ကျနော် ကိုယ်ပိုင်ဘလော့ မှာဆို နိုင်ငံရေး တစ်လုံး တစ်လေမှ ရေးထားတာမဟုတ်ပါဘူး။ ကျနော် ဒီဆောင်းပါးကို ရေးတဲ့ ရည်ရွယ်ချက်က တစ်ခုထဲ ပါ ပြည်တွင်းမှာ ရှိတဲ့ ဘလော့ဂါတွေ ဘလော့ဆရာ ညီလင်ဆက် ၊ ဇော်မိုးအောင် တို ကို အားကျပြီး ဝန်ထမ်းတွေတို့ ကြုံ့ ဖွတ် တွေတို့ ကို ဘလော့ရေးနည်းသင်တန်း ပို့ ချ ပေးမှာ စိုးရိမ်လို့ ဖြစ်ပါတယ် ခင်ဗျာ။ လူတိုင်း တော်လှန်ရေးလုပ်ဖို့ နအဖ ကို ဆန့် ကျင်ဖို့  မတောင်းဆိုပါဘူး။ နအဖ ရဲ့ လမ်းစဉ်ကို သဘောကျလို့  ကူညီပေးနေတဲ့ လူတွေ ဆိုရင်တော့ ကြိုက်တာလုပ်ပါ။ နောက်မှ ပြည်သူနဲ့ စာရင်းရှင်းတာပေါ့ ဗျာ။ နအဖ ကို လဲမကြိုက် ပေမဲ့ တော်လှန်ရေးမှာ ပါဖို့  အခြေအနေမပေးတဲ့ လူတွေကိုလဲ အပစ်မတင်ပါဘူး။ ဒါပေမဲ့ နအဖ ကို ထောက်ခံလား မထောက်ခံလား ကိုယ့်ဟာကို အရင်ဆုံးတွေးစေချင်ပါတယ်။ တကယ်လို့  ခင်ဗျားတို့ အဖြေ က မကြိုက်ဘူးဆိုဖြစ်ခဲ့ရင် နအဖ နဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေတာ ဟာလဲ တော်လှန်ရေး ကို ကူညီရာရောက်တယ် ဆိုတာကို သိစေချင်ပါတယ်။

မိုးထက်နေ

(ညီလင်းဆက် ရဲ့ မူရင်းပိုစ့် ကို http://nyilynnseck.blogspot.com/2007/11/blog-post_08.html မှာ ဖတ်လို့ ရပါတယ်)

အညတြပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ (အောက်တိုဘာ ၁၊ ၂၀၀၇)

လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသည့်
ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များခင်ဗျား ......

မြန်မာနိုင်ငံ၏ကောင်းကျိုးချမ်းသာကိုလိုလားသော မြန်မာပြည်သူလူထု၏ကိုယ်စား အညတရမြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းတွင် ဒီမိုကရေစီရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှအခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့်သံဃာပူးပေါင်းကာ စတင်တိုက်ပွဲဝင်နေကြပြီဖြစ်ပါသည်။၊ ယခင့်ယခင်ကာလများဆီက လူထုတိုက်ပွဲဖြစ်မြောက် အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင်ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်ကို ကြားသိဖတ်ရှုခဲ့ရပါသည်ခင်ဗျား။

ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါ သည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းကလူထုသည် သံဃာတော်များ၏ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲအသွင်မျိုးတိုက်ပွဲဝင်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်းတို့အသိပင်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့်သံဃာများစွာရှိနေသလို၊ လက်ရှိအဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူလူထုနှင့်သံဃာများလည်း များစွာရှိနေပြီဖြစ်ပါသည်။

ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင်လုပ်ဆောင်ကြရမည့်ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင် နေကြသူများအနေနှင့် ပြည် တွင်းကလူထုကြီး ၏သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပလွတ်မြောက်နယ်မြေများမှနေ၍ နည်းလမ်းမျိုးစုံအသုံးပြုကာ ပြည်တွင်းကိုအထောက်အပံ့ပေးရန်အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ဘုံရန်သူ သာသနာဖျက်မင်းဆိုးမင်းယုတ် နအဖစစ်အစိုးရအား ဘက်ပေါင်းစုံမှဖိအားပေးလုပ်ဆောင်သင့်ပြီဟု လည်းထင်မှတ်မိပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင်လုပ်ဆောင်နိုင်သူအများစုမှာ နအဖမှ ဖမ်းဆီးထားသူများမှလွဲလျင် ပြည်ပတွင်သာရောက်ရှိနေကြပါသည်။ လူကြီးမင်းတို့အနေဖြင့် လူထုလိုက်ပါမှုကို တကူးတကစည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ် သဖြင့် လွတ်မြောက်နယ်မြေအသီးသီးမှ ယခုမြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှုပေးစေလိုပါသည်။ နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ် သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။

လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များကဦးဆောင်မှုပေးလျှင် ပြည်တွင်းကပြည်သူလူထုသည်လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှုလိုအပ်နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။

ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင်ဆန္ဒပြနေရုံမျှနဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင်စုစစ်စစ်တည်ထောင်ရေးကို ပြည်တွင်းမှမြန်မာပြည်သူလူထုနှင့်ပူးပေါင်းလုပ်ဆောင်သင့်သည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း သတိထားမိစေလိုပါသည်။

၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်းကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထုအာဇာနည်များကို လေးစားအသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေးအခြေအနေအခွင့်ကောင်းကို အမိအရဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာကိုရေးသားရခြင်းဖြစ်ပါတယ်။

အမိနိုင်ငံတော်အကျိုးကိုလိုလားသူ
ရွှေဘိုသား(အညတြပြည်သူတစ်ဦး)