သာမန် လူလိုတွေး ခေါ်ခြင်း (၁)

တကယ်တော့ အကြာကြီး ကြာခဲ့ပါပြီ။ တချို့ လူကြီးတွေက ကံကိုပဲ လက်ညှိးထိုးကြမယ်။ တချို့ တွေက မိုးကောင်းတုန်းရွာပေါ့ဆိုပြီး အံတကြိတ်ကြိတ် ရှိကြမယ်။တချို့ ကလဲ တိုက်ယူမှ ရမယ်ဆိုတာမျိုး။ တချို့ ကလဲ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ။ တချို့ ကလဲ အဝေးကနေ ကြိုးစားပြီး နေကြတယ်။ ကျွန်တော်တို့  ဘာကိုမျော်လင့်ပြီး နေထိုင်ခဲ့ကြပါသလဲ။ ပညာတတ်တွေ ပညတ်ထားတဲ့ ဝါဒတွေလား။ ကျွန်တော်တို့  အများစုကတော့ မေးခွန်းတွေလဲ မသိ၊ အဖြေလဲ မရှိ။ ဒီလိုနဲ့ ပဲ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတယ်။ အများစုကတော့ ကိုယ့်ဆန်အိုးလေး တဆဆ လုပ်လို့ ပေါ့။

ကံအကြောင်း
ဓမန္တရာယ်ဖြစ်မှာစိုးလို့ အများကြီးမပြောရဲပါဘူး။ သေချာတာက ကံဆိုတာ ဒီတိုင်းတော့ ဖြစ်မလာပါ။ ကံကငါးဖြစ်မယ်ဆိုရင် အလုပ်ဆိုတဲ့ ငါးမျှားချိတ်နဲ့  ကူမှ ဟင်းစားရ နိုင်မှာပါ။

လက်နက်ကိုင် တိုက်မယ်
၈တန်း ၉တန်း လောက်က အမေပေးတဲ့ အင်္ဂလိပ် အဘိဓာန်လေး(Dictionary) မတတ်တတတ် ကိုင်ပြီး တောင်အမေရိက တော်လှန်ရေးခေါင်းဆောင် ချေဂွေဗါးရားရေးတဲ့ ပျောက်ကျားးစစ်ပွဲ (Ernesto Che Guevara’s Guerrilla Warfare) စာအုပ်လေး ဖတ်ပြီး အိပ်မက်ထဲ တော်လှန်ရေး လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပညာတတ်ဆန်တဲ့ တွေဝေခြင်း ပဲလား။ ကြောက်လန့်ခြင်းကြောင့်လား။ အသက်ကြီးလာလေလေ အတွေးအခေါ်တွေ ပြောင်းလဲလာလေလေ ဆိုတာတော့ ၀န်ခံချင်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအတွက် ကျွန်တော်တို့ မှာ လက်နက်ရှိရုံနဲ့  မပြီးပါဘူး။ ကျောရိုးနယ်မြေ (Arm Area) ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ မှာ လတ်ဆတ်တဲ့ ကျောရိုးနယ်မြေ ရှာမတွေ့ ပါ။ စီးပွားရေး လက်နက်ကိုင်တွေရဲ့ အကျိုးစီးပွား နယ်မြေရယ် နှစ်ပေါင်းများစွာ ယမ်းငွေ့ တွေလွှမ်း နေတဲ့ နယ်မြေတွေပဲ ရှိခဲ့တာပါ။ ကျွန်တော် ခပ်ငယ်ငယ် ကရင်ပြည်နယ် ကို ရောက်တုန်းက KNU နဲ့  စစ်တပ် ဘယ်သူက ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းအတွက် ဒေသခံ အများစုရဲ့ အဖြေက ဘယ်သူမှ မကောင်းဘူး အတူတူပဲတဲ့။ကျွန်တော်တို့  သာမန်လူအများစုအတွက် ဒီမိုကရေစီ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဖက်ဒရယ် ဆိုတာထက် ဘယ်စနစ်နဲ့ ပဲ ဖြစ်ဖြစ် ငြိမ်းချမ်းစွာ
နဲ့ လူ ပီပီသသ နေထိုင်နိုင်ရေး ပါ။ နောက်ပြီး ကျွန်တော်တို့  နိုင်ငံရဲ့  လူ့ အဖွဲ့ အစည်း က လူမျိုးခြား ဂျပန်တွေကိုတောင် တော်လှန်ရေး ကာလထဲမှာ လူလူချင်း အသတ်ခံရ မှာစိုးတဲ့ စိတ်သက်သက်နဲ့ ပဲ ဖွက်ပေးထားတဲ့ အဖြစ်တွေ အများကြီးပါ။ လူလူချင်း မပြောနဲ့  သတ္တ၀ါလေးတွေကိုတောင် အကြောင်းမဲ့ သက်သက် သတ်ဖြတ်တတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ န.အ.ဖ နဲ့  ဖက်ဆစ် ရဲ့ ဆိုးဝါးမှုရေချိန် က သိပ်မကွာလှပါဘူး။ ဒါပေမဲ့ န.အ.ဖ ရဲ့  အမျိုးအဆွေတွေကတော့ လူထုထဲ မှာ ရှိနေပါတယ်။ အဲဒီတော့ လက်နက်ကိုင် တော်လှန် ဖို့  ဆိုတာ အကျိုးထက် အပြစ်ကများမယ်လို့  ခံစားရပါတယ်။

အကူအညီ
ရဲဘော်သုံးကျိတ်က ဂျပန်အကူအညီနဲ့  အင်္ဂလိပ်ကို မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဂျပန်က ဘာလို့ ကူညီခဲ့လဲ ဆိုတာကိုတော့ ကျွန်တော်တို့  အားလုံးလဲသိပြီးသား ပါပဲ။ အခု ကျွန်တော်တို့ ကို ဘယ်သူက ကူညီနိုင်မှာလဲ။ ကျွန်တော်တို့  တိုင်းပြည်မှာရှိတဲ့ ကျွန်းသစ်တို့ ၊ ကျောက်သံပတ္တမြား တို့  ဆိုတာကလဲ အမြင်သစ်ခေတ် (Ideologies Age) မှာ တော်တော် ပျင်းဖို့ ကောင်းနေပါပြီ။ စစ်အေးတိုက်ပွဲ(Cool War) ကာလ က လက်ဝဲလက်ယာ ဩဇာ ပြိုင်မှုကလဲ အဆုံးသတ် ခဲ့တာ သေချာပါတယ်။ ကျွန်တော်တို့ ကို စာနာနိုင်မဲ့ တစ်ခုသော အကြောင်းတရား ကတော့ လူ့ အခွင့်ရေး (Human Right) ဆိုတဲ့ ရှုထောင့်တစ်ခု ပဲရှိ တာပါ။ စီးပွားရေး ပိတ်ဆို့ မှု တစ်မျိုးတည်း နဲ့ တော့ လူ့ အခွင့်ရေး ကိုယူပေး နိုင်မယ် မဟုတ်ပါဘူး။ ကျွန်တော်တို့  နိုင်ငံနဲ့  စီးပွားရေး အဆက်အသွယ် မရှိတဲ့ အတွက် အကြွေးပေးရတာတောင် သက်သာနိုင် ပါသေးတယ်။ ဒါက ကုန်သွယ်ရေး အပိုင်းပါ။ ရင်းနှီးမြှုပ်နှံ မှု အပိုင်းမှာ လည်း စက်ရုံတစ်ရုံ ဆောက်ဖို့ ဆိုတာ မြေနေရာ၊ လူအရင်း အမြစ်၊ စက်ပစ္စည်း တွေ ရှိတိုင်း မရပါဘူး။ အခွန် ကိစ္စ (Taxing) ၊ စွမ်းအားအရင်း အမြစ် (Power Source) ၊ နိုင်ငံပိုင်ပြုလုပ်မှု ကာလ (Nationalization Period) တွေနဲ့  အခြား လိုအပ်ချက်တွေ အများကြီး ရှိနိုင် ပါတယ်။ ဒီလိုအပ်ချက်တွေ မပြည့် စုံ ခြင်းကတော့ န.အ.ဖ ရဲ. တာဝန် လုံးလုံး ဖြစ်ပါတယ်။ ဒီစီးပွားရေး ပိတ်စို့ တဲ့ ဒဏ်ကို တကယ်တန်း အလူးအလဲ ခံရတာက စင်ကာပူ၊ ထိုင်း တို့ လို နိုင်ငံ တွေနဲ့  အလှမ်းဝေးလွန်းတဲ့ လက်လုပ်လက်စား တွေပါ။ မီးစက်ရှိတဲ့ လူတွေ အတွက်တော့ ဘယ်နားရောက်ရောက် လျှပ်စစ်ဓာတ်အား
ရနိုင်ပါတယ်။

အရှေ့ အလယ်ပိုင်းလိုလား
အရှေ့ အလယ်ပိုင်းမှာ မဟာမိတ်တပ်ပေါင်း စုက လက်နက်ကိုင်တပ် သုံးပြီး ပြဿနာတွေ ရှင်းပေး လေ့ရှိပါတယ်။ အဓိက ကတော့ ဒီနေခေတ်လူ့  အဖွဲအစည်း ရဲ့ ကျောရိုးတစ်ခု ဖြစ်တဲ့ ရေနံဟာ အရှေ့ အလယ်ပိုင်း မှာ အမြောက်အများ ထွက်ရှိနေတာပါ။ နောက်တချက်က အရှေ့ အလယ်ပိုင်း နိုင်ငံတွေရဲ့ ထုံးတမ်းစဉ်လာ၊ အယူဝါဒ နဲ့  လူမှုရေးစနစ်တွေ က အရမ်း မကွာလှဘူး ထင်ပါတယ်။ တကယ်လို့ သာ ဘင်လာဒင် (Bin Laden) လို ဆဒန်ဟူစိန် (Saddam Hussein) လို အစွန်းရောက် တစ်ဦး ရဲ့  နောက်လိုက်နိုင်ငံတွေ ဖြစ်သွား ခဲ့မယ်ဆိုရင် ကမ္ဘာမှာ ထိန်းမရ သိမ်းမရ ပြဿနာတွေ ဖြစ်လာဖို့ ရှိပါတယ်။ ဒါဟာ လက်ဘနွန်(Lebanon) နဲ့  အစ္စရေး (Israel) တို့ ရဲ့  ဆယ်စုနှစ်ပေါင်း များစွာကြာတဲ့ ပြဿနာကိုတော့ ဘာကြောင့် ထိထိရောက်ရောက် မကိုင်တွယ်ရသလဲ ဆိုတဲ့ မေးခွန်းရဲ့  သည်းလွန်စ ဖြစ်နိုင်ပါတယ်။ ကျွန်တော် တို့ နိုင်ငံ မှာ ဘယ်လို အစိုးရ အုပ်ချုပ်ပါစေ အင်အားကြီး နိုင်ငံတွေရဲ့ အကြိုစီးပွား ပေါ်မှာ တစ်စုံတစ်ရာ ပြဌာန်း နိုင်ခြင်းမရှိပါဘူး။ တချို့ နိုင်ငံတွေ အတွက်ဆို ဒီအခြေအနေ ကိုက နိုင်ဖဲကို ကိုင်ထားခွင့် ရနေသလိုပါပဲ။ ကိုယ့် အိမ်လေး ကို ဆေးသုတ်ချင် ရင်တော့အိမ်ထဲ ကို အရင်ရောက် နေဖို့  လိုပါလိမ့်မယ်။ အဝေးကနေ တော့ စုပ်တံကိုင် ဖို့ မလုပ်သင့်ဘူး ထင်ပါတယ်။

နတ်ဆိုးတွေကိုကောင်းအောင် လုပ်မယ်
အမှတ်မမှား ရင် ၁၉၉၇ လောက်က အသိုင်းအ၀ိုင်း တစ်ခုမှာ ဂယက်ရိုက်ခတ်ဖူးတဲ့ ကဗျာစာသားလေး တစ်ကြောင်းပါ။ လူ့ အခွင့်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူကောင်းရော လူဆိုးပါ ပါဝင်ခွင့် ရှိပါတယ်။ ဆိုးတဲ့သူ မို့ လို့  ဆိုတဲ့ အကြောင်းပြချက် ကတော့ လူ့  အခွင့်အရေး ဆိုတဲ့ စကားလုံး ကို ပျက်ရယ်ပြုရာ ရောက်မယ်။ ဒီနေ့  ကျွန်တော်တို. နိုင်ငံမှာ ခြစားနေတဲ့ အသိုင်းအ၀ိုင်း က လူတွေကိုလဲ မျက်ကွယ်ပြုဖို့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ကောင်း သထက်ကောင်း အောင်နေပြ ပြီး အရှက်တရား နဲ့ သိမ်းသွင်း ယူရမယ်။ အတ္တမကင်းနိုင် အမှားမလွတ် နိုင်တဲ့ လူတွေဆိုတာ သိပြီး သီးခံနိုင် ရမယ်။ နတ်ကောင်း များကလဲ ကိုယ်ခံအား ကောင်းဖို့ လိုပါလိမ့်မယ်။ နိုင်ငံရေး ဆိုတာ အမြင်မတူ တဲ့ သူ တွေကို ရအောင် စည်းရုံးခြင်း လို့  ဖတ်ဖူး ပါတယ်။

ဘာလို့ လွတ်လပ်ရေး ရတာလဲ
တိုက်ယူတာ သက်သက်နဲ့  ရခဲ့တဲ့ လွတ်လပ်ရေး တော့ မဟုတ်ပါ ဘူး။ တော်လှန်ရေး ဆိုတာသွေး စက်တွေနဲ့  ချည်းပဲတော့ မအောင်မြင် နိုင်ပါဘူး။ သခင် အောင်ဆန်း တို့ ရဲ့  အမျှော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်ခဲ့တဲ့ ညှိနှိုင်းရေး (Negotiation) ဟာ အဓိကနေရာ က ပါမယ် လို့  ထင်ပါတယ်။ အင်္ဂလိပ် ဟာလဲ စည်းတွေဘောင်တွေ သိတယ် ဆိုပေမယ့် ဒီနေ့  အတိုက်အခံခေါင်းဆောင်တွေအပေါ် န.အ.ဖ စော်ကားသလို စော်ကားခဲ့ တာပါဘဲ။ ဖတ်ထားပြီး မှတ်မိတဲ့ တစ်ချက်ကတော့ ဂျပန်တော်လှန်ရေး ကာလမှာ အင်္ဂလိပ် စစ်ဌာနချုပ်က ဗိုလ်ချုပ်အောင်ဆန်း အတွက်ရေးတဲ့ စာရဲ့ ခေါင်းစည်း က ကိုယ့်ဘာသာကို ပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း General Aung San (Self Style) ဆိုတာနဲ့  စပါတယ်။ အဲဒီလောက် စော်ကား နှိမ်ချတဲ့ အင်္ဂလိပ် အစိုးရ ကိုပဲ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ ကျွန်တော်တို့  ခေါင်းဆောင်တွေ က မရရအောင် ညှိနှိုင်း ပြီး လုံးဝ လွတ်လပ်ရေး ကို ရအောင်ယူခဲ့ တာပါ။ သခင်အောင်ဆန်း တို့ လည်း အလွယ်တကူ ညှိနှိုင်း လို့  ရ ခဲ့တာတော့ မဟုတ်ပါဘူး။ ညှိနှိုင်း ရတယ် ဆိုတာကို က ခံစားချက် မတူ၊ အမြင်မတူလို့  ဆိုတာကိုလဲ မေ့ထားလို့  မရပါဘူး။ ညှိနှိုင်းတဲ့ အခါမှာလည်း လက်ရှိ အသာစီး ရထားတဲ့ သူ ကတော့ အပေါ်စီးက တောင်းဆိုမှုတွေ ကိုလုပ် မှာလည်း အသေအချာ ပါဘဲ။ အင်္ဂလိပ် ကိုယ်တိုင်လည်း မစားရတဲ့ အမဲ သဲနဲ့ ပက် ခဲ့တာ ပါဘဲ။ ဖက်ဒရယ် (Federal) ကိစ္စ၊ ဖ.ဆ.ပ.လ ထဲက အဖွဲ့  တစ်ချို့ ကို ထုတ်ခိုင်းတဲ့ ကိစ္စ လို မျိုး ပါ။ အဲဒီ ဂယက်တွေ က ဒီနေ့  အထိ ဖြေရှင်းလို့  မပြီးသေးတဲ့ ပြဿနာတွေ ပါ။ အင်္ဂလိပ် တွေမှာ ပြန်စရာမြေ ရှိတာတောင် ညစ်ကျယ်ကျယ် ကလေး အလုပ် လုပ်သွား ခဲ့တာပါ။ န.အ.ဖ မှာက ပြေးစရာမြေ မရှိ ပါဘူး။ ပြီးတော့ လူဆန်တဲ့ အတ္တ နဲ့ လက်ရှိ အာဏာ ကို အသည်းအသန် ကာကွယ် ဖို့  ကြိုးစား မှာလဲသေချာ ပါတယ်။ တိုင်းရေးပြည်ရေး ဆိုတာက တခါတလေ မှာ အကုန်မရရင် ဘာမှ မယူဘူ ဆိုတဲ့ စိတ်မျိုး မထားသင့်ဘူး ထင်ပါတယ်။ ဘာမှာ မရှိတာထက် စာရင် ကျွန်တော်တို့  ရနိုင်တဲ့ အစလေး ဆွဲထုတ် ပြီးရနိုင်သလောက်ကြိုးစား ကြည့်ဖို့ ကောင်း တယ်လို့ ရိုးရိုးသားသား တွေးမိပါတယ်။ သခင်အောင်ဆန်း နဲ့  ခေါင်းဆောင်များ က ကိုယ့်စည်းရုံးရေး အစွမ်းကို ယုံကြည်မှု ရှိရှိနဲ့  အင်္ဂလိပ် ရဲ့  မသန့် စင်တဲ့ ညှိနှိုင်းမှု အောက်က လွတ်လပ်ရေး ကိုရယူပေး နိုင်ခဲ့ပါတယ်။ ဒီနေ့ ခေတ် ကျွန်တော်တို့  ခေါင်းဆောင်တွေ မှာလဲ ညှိနှိုင်းရေး (Negotiation) စွမ်းရည် အပြည့် ရှိမယ် ဆိုတာလဲ ယုံကြည်နေ ပါတယ်။

လူညံ့တစ်ယောက်ရဲ့ အသံ
ဒီစာတမ်း ရဲ့ သမိုင်းရေး ဆိုင်ရာအချက် တွေက မှားယွင်းမှုရှိ နေနိုင်ပါတယ်။ ကျွန်တော်က မြန်မာစာအုပ် တွေနဲ့ ဝေးရာ မှာရောက်နေပါတယ်။ အန်ကယ် ဦးဝင်းတင်၊ အန်တီ စု၊ ကိုပေါ် နဲ့  ပြည်တွင်း နိုင်ငံရေး လှုပ်ရှားသူ တို့ ကို လေးစား ချစ်ခင်ပြီး (ဒေါက်တာ) ဇာနည်၊ (ကို) အေးလွင် တို့ ကို စိတ်ကုန် ဆန့် ကျင် နေယုံ ကလွဲပြီး နိုင်ငံရေး အရ ကျွန်တော်က သမိုင်း၊ အရည်အချင်း၊ သတ္တိ ဘာတစ်ခုမှရှိ တဲ့ကောင် မဟုတ်ပါဘူး။ အေးရာအေးကြောင်း ခွေးလေးတွေ မွေးဖို့ ၊ ကျွန်တော်က ချစ်တဲ့ ကျွန်တော့်ကို ချစ်တဲ့ ကောင်မလေး နဲ့  ဘ၀ကို ရိုးရိုးရှင်းရှင်း တစ်သက်လုံး နေထိုင် ဖြတ်သန်းသွားဖို့  ကြိုးစားနေတဲ့ တကယ့်ကို သာမန် လူတစ်ယောက်ပါ။
နှစ်ဖက် အကြိတ်အနယ် ကစားရတဲ့ဘောလုံးပွဲ တွေမှာ အချိန်တန်လို့  အနိုင်အရှုံး မပေါ်ရင် ပင်နယ်တီ စနစ်နဲ့  အဆုံး သတ်လေ့ရှိ ပါတယ်။ ပွဲချိန် သိပ်ကြာနေရင် နေ့ လည် ဘက်ဆို ပရိတ်သတ် နေပူမယ်၊ ညနေ ဘက်ဆို ပရိတ်သတ် ထမင်း ဆာမယ်။ ဟုတ်ကဲ့ပါ ကျွန်တော် တို့  နေပူထဲမှာ ထမင်း ငတ်နေတာ ၁၉ နှစ် ရှိနေပါပြီ။


မိုးထက်နေ
ဒီစာတမ်းလေး ကို ၁၈.၈.၂၀၀၇ မှာ ကျနော်ရေးခဲ့တာပါ။

4 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

nice article..
i agree with u at all and
hope everybody see like that
and wish can make to free from those situations..

Mintasay said...

good job, bro. it's great, really great. I am a childhood-fan of Che Guevara too.

ခင်မင်းဇော် said...

အင်းဆွေးနွေး ညှိုနှိုင်းတာတော့ကောင်းတာပေါ့.......
ဒါပေမဲ့
တဖက်သတ် ဒူးထောက်ဆွေးနွေးရမှုကိုတော့
လက်သင့်ခံလို့မရဘူးလေ....
စကားဝိုင်းတခု ဖြစ်တည်ဖို့ ...
အားလုံးကို ပေးလိုက်ရမယ် ဆိုရင်တော့...
ဒါဟာ စကားဝိုင်းမဟုတ်တော့ဘူး....
အရှုံးပေး လိုက်လျောရတာပဲ ဖြစ်သွားမယ်ထင်ပါတယ်..
သွေးစက်တွေချည်းနဲ့ မရသလို..
စကားဝိုင်းတွေချည်းပဲနဲ့လဲ မရနိုင်ပါဘူး...
တကယ့်မျှတတဲ့ စကားဝိုင်းကို ရောက်ဖို့...
တော်လှန်တဲ့ အသက်သွေးတွေနဲ့ ရင်းရတာပါပဲ...
အခု သူတို့ဆွဲတဲ့ ဥပဒေကို လက်ခံမှဆိုရင် ဒီဥပဒေက တပ်မတော်ရဲ့ ၂၅ % ကို လက်ခံလိုက်ရင်..
ဒီဥပဒေကို ပြင်ဆင်ဖို့ ဘယ်တော့မှ လုပ်ရမှာ မဟုတ်ပါဘူး။
ဒါဟာ တကယ့်ကွာခြားချက်ပါပဲ...
မြန်မာနိုင်ငံရဲ့ အခြေအနေက ဘယ်နိုင်ငံကိုမှပုံတူကူးမရသလို...
ကိုယ့်ပြည်အရေးကို ကိုယ့်နိုင်ငံသားတိုင်းက စိတ်ပါဝင်စားစွာနဲ့ ဟန်ချက်ညီလုပ်ကြဖို့လိုပါတယ်..
အဓိက ဘယ်သူ့ကိုမှ အားကိုးလို့ ရမယ်လို့ မမြင်တာက
အားလုံးရင်ထဲမှာ ရှိနေသိနေပြီး ဖြစ်မယ်ထင်ပါတယ်..
တနေ့ကို ရောက်ဖို့ ကိုယ်တတ်နိုင်သလောက်က စလုပ်ကြရမှာပေါ့လေ...

Unknown said...

very good post , pls keep on,i always support to u