အိပ်မက်မက်တဲ့ရွှေဘိုသား

ရွှေဘိုသားတစ်ယောက် အခုတစ်လော ယောင်ခြောက်ဆယ်ဖြစ်နေပါတယ်။ ပုဂ္ဂလိက အဆင်မပြေမှု တွေနဲ့ရော၊ အထွေထွေမကျေနပ်မှုတွေနဲ့ပါ မအားလပ်နိုင်ဖြစ်နေရပါတယ်။ ဒါနဲ့ ကိုယ့် ကိုယ်ကိုစိတ်ပြေရာပြေကြောင်း မဂ္ဂဇင်းအဟောင်းလေးတွေကို ပြန်လှန်ဖတ်ကြည့်လိုက်တော့ မဂ္ဂဇင်း အဟောင်းတစ်အုပ်မှာ ဆရာလူထုစိန်ဝင်းရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သွားတွေ့မိပါတယ်။ အဲဒီဆောင်းပါးမှာ ဆရာက ကမ္ဘာသားပီသတဲ့ ပရိုဖက်ရှင်နယ် ဘောလုံးသမားတွေအကြောင်းကို ပြောပြထားပါတယ်။ ပရိုဖက်ရှင်နယ်ဘောလုံးသမားတွေဟာ မိမိကစားတဲ့ ကလပ်အသင်းနဲ့ ကျန်တဲ့ ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကြပြီဆိုရင် အားသွန်ခွန်စိုက် စိတ်လိုလက်ရ ကစားကြတာကိုတွေ့ရပါ တယ်။ တစ်ခါတစ်ရံမှာ အနိုင်ရလိုဇောနဲ့ တစ်ဖက်အသင်းသားကို ရန်လိုတဲ့အပြုအမူတွေပါ ပြုမူကြ တာကို တွေ့မြင်ရနိုင်ပါတယ်။

ဆရာလူထုစိန်ဝင်းရေးတဲ့ဆောင်းပါးထဲမှာဆိုရင်(ခုနှစ်တော့မမှတ်မိပါ။ အလန်စမစ် မန်ယူကို ပြောင်းတဲ့နှစ်လို့ထင်ပါတယ်။ ဘောလုံးဝါသနာအိုးတွေကတော့မှတ်မိမလားမသိဘူး။)အလန်စမစ်နဲ့ ဥပမာပေးတင်စားထားပါတယ်။ အလန်စမစ်ဆို တာ အင်မတန် တွန်းတွန်းတိုက်တိုက်ကစားတဲ့ အားကစားသမားပါ။ အထူးသဖြင့် သူက လိဒ်ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမားဖြစ်တဲ့ အတွက် မန်ယူလိုပြိုင်ဘက်အသင်းကောင်း အသင်းကြီးမျိုးနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါတိုင်း အနိုင်ယူ လိုစိတ်ပြင်းထန်ပြီး မန်ယူရဲ့ကစားသမားတွေထဲက အနည်းဆုံးတစ်ယောက်နဲ့တော့ရန်မဖြစ်ပဲ ဘယ်တော့မှ ပွဲမသိမ်းတတ်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိခင် လိဒ်ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်ရဲ့အောက်တန်းကိုဆင်းရတော့မယ် ဆိုတဲ့အချိန်ကျတော့ သူဟာ အဲဒီအသင်းနဲ့အတူ အောက်တန်းကို ဆင်းလိုက်မသွားပဲသူ့ဘ၀ပိုမိုတိုး တက်နိုင်ဖွယ်ရှိတဲ့ မန်ယူ အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။(ထားပါ။ ဒါကတော့ ပရိုဖက်ရှင်နယ် အားကစားသမားတွေ လုပ်တတ်တဲ့ ငွေနဲ့အောင်မြင်မှုနောက်လိုက်တတ်တဲ့သဘောမို့)။ ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ အလန်စမစ် မန်ယူကိုရောက်လို့ ဂိုးတွေသွင်းယူပြတဲ့အချိန်မှာ သူ့ကိုပွေ့ဖက် ဂုဏ်ပြုနေကြတဲ့၊ အားရပါးရနမ်းနေကြတဲ့ လူတွေဆိုတာ တစ်ချိန်က သူနဲ့ ခွန်းကြီးခွန်းငယ်စကားများ ဖူးတဲ့သူတွေ ချည်းပါပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့ရန်ဖြစ်ဖူးခဲ့ကြတာကိုမေ့ပြီး မန်ယူအသင်းအတွက်ပဲ ကစား နေကြတဲ့သူတွေဖြစ်ကုန်ကြပါပြီ။

ခုနကပြောတဲ့ဥပမာလိုပဲ တခြားဘောလုံးသမားတွေကိုကြည့်ရင်လည်း အခြေအနေအကြောင်း ကြောင်းကြောင့် ကိုယ့်ရဲ့ပြိုင်ဖက်အသင်းဆီ(တခြားနိုင်ငံတစ်ခုခု)ကို ရောက်ရှိသွားရင်တောင်မှ တစ်ချိန်ကပြိုင်ဖက်ဆိုတာကိုမေ့ထား၊ ရန်ဖြစ်ခဲ့ဖူးတာတွေကိုမေ့ထားပြီး ကိုယ့်လက်ရှိအသင်းရဲ့ ကောင်းကျိုးကို ဆောင်ရွက်တတ်ကြတာကို သတိထားမိပါတယ်လို့ ဆရာလူထုစိန်ဝင်းက သူ့ရဲ့ဆောင်းပါမှာဆိုထားပါတယ်။ ပြီးတော့ ဆရာက ဒါဟာဘောလုံးသမားတွေရဲ့ ကမ္ဘာသား ဆန်မှုလို့လဲမြင်ပါတယ်တဲ့။ ရွှေဘိုသားအရမ်းကိုသဘောကျမိပါတယ်။

ရွှေဘိုသားကြားဖူးတာတစ်ခုရှိပါတယ်။ နိုင်ငံရေးမှာ အမြဲတန်းရန်သူ၊ အမြဲတန်းမိတ်ဆွေ ဆိုတာမရှိပါဘူးတဲ့။ ဘယ်ပညာရှိပြောခဲ့တယ်ဆိုတာကတော့ ရွှေဘိုသားရဲ့ မှတ်ဥာဏ်အားအခြေအနေ အရမမှတ်မိတော့ပါဘူး။ ဒါပေမယ့် အဲဒီအဆိုကို ရွှေဘိုသားအပြည့်အ၀လက်ခံပါတယ်။ ဖြစ်လည်းဖြစ် သင့်တယ်လို့ထင်ပါတယ်။ နိုင်ငံရေးဆိုတာဘာလဲ။ လူတွေနိုင်ငံရေးကို ဘာလို့လုပ်ကြတာလဲ။ ရွှေဘိုသားကတော့ ရိုးရိုးလေးပဲနားလည်ပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့ မိမိနိုင်ငံတော်ရဲ့အရေးကိစဖြစ်ပါတယ်။ လူတိုင်းနဲ့သက်ဆိုင်သလို လူတိုင်းလည်းစိတ်ဝင်စားသင့်ပါ တယ်။ လူတွေ နိုင်ငံရေးကိုဘာလို့လုပ်သလဲဆိုရင် နိုင်ငံသားတိုင်း နိုင်ငံသားရဲ့အခွင့်အရေးရရှိနိုင်ဖို့နဲ့ ကိုယ့်နိုင်ငံကို သူများနိုင်ငံတွေနဲ့ယှဉ်ရင် မျက်နှာမငယ် စေချင်ကြတာ အဓိကအချက်လို့ထင်ပါတယ်။ အဲဒီတော့ မြန်မာ့နိုင်ငံရေးကိုလုပ်ဆောင်နေ ကြတဲ့သူတွေမှာ အဓိကရည်ရွယ်ချက်သည် မြန်မာလူမျိုးများ(တိုင်းရင်းသားများအပါအ၀င်) ဘ၀မြင့်မားရေးနဲ့ မြန်မာနိုင်ငံ ကမ္ဘာအလယ်မှာ မျက်နှာမငယ်ရေး လို့ပဲ ရွှေဘိုသားထင်မြင်မိပါတယ်။

ဒါပေမယ့် ရွှေဘိုသားသိသလောက်တော့ ရွှေဘိုသားတို့လူမျိုးဟာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်အင်မတန်များတယ်လို့ထင်ပါတယ်။ အခုလည်းမြန်မာနိုင်ငံကောင်းရာကောင်းကျိုးလုပ်ဆောင်ကြ ရာမှာလည်း အဖွဲ့အစည်းတွေနည်းနည်းများလွန်းနေတယ်လို့ထင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရွှေဘိုသားအနေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးရဲ့ နာမည်နေနေသာသာ ဘယ်နှစ်ဖွဲ့ရှိသလဲဆိုတာတောင် မသိပါဘူး။ ထင်ရှားတဲ့အဖွဲ့အစည်းအနည်းငယ်ကိုသာသိပါတယ်။ ရွှေဘိုသားလက်လှမ်းမီသလောက်လေ့လာကြည့်ရာမှာလည်း အချို့အချို့အဖွဲ့အစည်း(အားလုံးကို မဆိုလိုပါ။ အနည်းငယ်မျှကိုသာဆိုလိုပါသည်။)တွေဟာ ဒီမိုကရေစီကိုဖော်ဆောင်ဖို့ စစ်အစိုးရကို တိုက်ထုတ်နေတယ်လို့သာဆိုပါတယ်။ အဲဒီအဖွဲ့အစည်းရဲ့ကောင်းရာကောင်းကျိုးအနည်းငယ်မျှသော အပြုသဘောမျိုးဝေဖန်ခွင့်လေးကိုတောင် လက်မခံနိုင်ဘဲ ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်ပြုမူ လိုကြတာကိုတွေ့ရပါတယ်။ ရွှေဘိုသားရဲ့ ကိုယ်တွေ့ပါ။ နောက်ပြီး ငါလုပ်တာကမှအမှန်၊ ဟိုအဖွဲ့ကလူတွေက မှားနေတယ်ဆိုတဲ့ဆိုတာမျိုးကို နားနဲ့ဆတ်ဆတ်ကြားခဲ့ဖူးပါတယ်။ ကိုယ့်ကိုယ် ကို စစ်အစိုးရမကောင်းကြောင်းအားရပါးရပြောနေရရင်ပဲ လူထုသူရဲကောင်းလို့ထင်နေကြတာကို တွေ့ ခဲ့ဖူးပါတယ်။

အရင်က ကြားဖူးခဲ့ပါတယ်။ အဝေးရောက်နိုင်ငံရေးခေါင်းဆောင်များက မိန့်ကြားတာပါ။ ပြည်သူလူထုမပါပဲအောင်ပွဲကို မရယူနိုင်ပါဘူး။ ပြည်သူလူထုပူးပေါင်းပါဝင်ကြပါလို့ နှိုးဆော်ခဲ့ကြပါ တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ ပြည်သူလူထုနဲ့သံဃာထုလမ်းပေါ်ကိုထွက်လာတဲ့အချိန် ရွှေဘိုသားတို့နိုင်ငံရေးခေါင်းဆောင်တွေကို ဘယ်မှာလိုက်ရှာရမှန်းမသိတော့ပါဘူး။ ပြည်တွင်းမှာ ပြည်သူလူထုနဲ့သံဃာတွေ သေနတ်နဲ့အပစ်ခံရ၊ တုတ်တွေ၊ ဓားတွေနဲ့ အရိုက်သတ်ခံ၊ အခုတ်သတ် ခံနေရတဲ့အချိန်မှာ လူထုခေါင်းဆောင်အမှန်တစ်ကယ်လိုအပ်လာပါတယ်။ အဲဒီအချိန်မှာ ရွှေဘိုသား တို့အတွက် လိုအပ်နေတဲ့ လူထုခေါင်းဆောင်မျိုးတွေ တစ်ယောက်မှ ပေါ်ထွက်လာတာမတွေ့ခဲ့ ရပါဘူး။ လူထုခေါင်းဆောင်တွေနဲ့ ပြည်သူ့လူထုကြားမှာ အဆက်ပြတ်နေတယ်လို့ ထင်ခဲ့မိပါတယ်။ ပြည်တွင်းမှာရှိနေတဲ့လူထုကိုခေါင်းဆောင်နိုင်တဲ့ ခေါင်းဆောင်အားလုံး အဖမ်းခံနေရချိန်မှာ ပြည်ပကနိုင်ငံရေးခေါင်းဆောင်တွေကလည်း ပြည်တွင်းကပြည်သူလူထုကို တစ်ကယ်တန်း စစ်မှန်တဲ့ ဦးဆောင်မှုမျိုးမပေးနိုင်ခဲ့ပါဘူး။ လူထုမပါလို့ လုပ်မရတာပါဆိုတဲ့ လူထုခေါင်းဆောင်တွေကို ရွှေဘိုသားတို့ဘယ်မှာလိုက်ရှာလို့ရှာရမယ်မှန်း မသိခဲ့ကြပါဘူး။

ဒီလိုနဲ့ပဲ ပြည်သူလူထုနဲ့ သံဃာတော်တွေ အသတ်ခံ၊ အဖမ်းဆီးခံ၊ အစော်ကားခံပြီး အရှိန်တန့်သွားခဲ့ရတာပါ။ အဲဒီတော့ ဒီအချက်လေးတွေကို တစ်စိတ်လောက် စဉ်းစားပေးစေလိုပါ တယ်။ ပြည်ပရောက်နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ ဘာဖြစ်လို့စက်တင်ဘာတိုက်ပွဲမှာ လူထုအားကိုရယူပြီး မနွှဲနိုင်ခဲ့ရတာလဲ။ ရရှိလာတဲ့အခွင့်အရေးကို ဘာလို့လက်ဆုပ်လက်ကိုင်မယူနိုင်ပဲ ဆုံးရှုံးခဲ့ရသလဲဆိုတာကို ကိုယ့်ကိုယ်ကို မညှာတန်း သေသေချာချာ ဆန်းစစ် ပေးကြစေလိုပါတယ်။ သင်ခန်းစာယူပြီး မှန်ကန်တဲ့ခေါင်းဆောင်မှုမျိုး ပေးစေလိုပါတယ်။ ရွှေဘိုသားတို့လို သာမန်ပြည်သူတွေအနေနဲ့တော့ နိုင်ငံရေးခေါင်းဆောင် အားလုံးကို ယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။ အားကိုးပါတယ်။
ရွှေဘိုသားရဲ့အမြင်အရပြောရရင် အဖွဲ့အစည်းအသေးလေးတွေ အများကြီးဖွဲ့ပြီး မနိုင်ဝန်ကို ထမ်းနေကြမယ့်အစား၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြစ်ဖို့ သူ့ထက်သူလူစွမ်းကောင်းလုပ်ပြနေကြမယ့် အစား အစပိုင်းမှာပြောခဲ့သလို ဘောလုံးသမားတွေရဲ့ ကမ္ဘာသားဆန်မှုကိုအတုယူနမူနာယူပြီး အမိမြန်မာ နိုင်ငံတော်ကြီးအတွက်၊ စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့အတွက်၊ ပြည်ပရောက်အဖွဲ့အစည်း အားလုံးစုစည်းပြီး ညီညီညွတ်ညွတ်နဲ့ ပြည်သူလူထုတစ်ကယ်အားကိုးရမယ့် တပ်ပေါင်းစုကြီးတစ်ခု ဖွဲ့စည်းပြီး စစ်အစိုးရကို အလံတော်တစ်ခုတည်းအောက်ကနေ စုပေါင်းတိုက်ထုတ်စေချင်ပါတယ်။

စစ်အစိုးရနဲ့ပူးပေါင်းဖို့ပြောနေတာမဟုတ်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း အားလုံး အချင်းချင်းပူးပေါင်းပြီး ကြီးမားတဲ့အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာရင်……………… ဆိုတဲ့အတွေးလေး တွေးမိခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်မဖြစ်နိုင်ဆိုတာတော့မသိပါဘူး။ ရွှေဘိုသားရဲ့ခံစားချက်ကလေးကို ဖော်ပြခြင်းဖြစ်ပါ တယ်။ စစ်အစိုးရကို တိုက်ထုတ်ဖို့ရည်ရွယ်ချက်ခြင်းတူညီပေမယ့် အဖွဲ့ချင်းမတူလို့ သူကအမှား ငါကအမှန်ဆိုတာလေးတွေ တွေ့ဖူးခဲ့ပါတယ်။ ဒါကြောင့် အဓိကရန်သူဖြစ်တဲ့ စစ်အစိုးရကိုတိုက်ဖို့၊ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးကောင်းစားဖို့ကို လက်နက်ကိုင်တော်လှန် နေသော၊ လက်နက်မကိုင်ဘဲတော်လှန်နေသော တော်လှန်ရေးအင်အားစုအားလုံး အရင်ဆုံးစုစည်းမိဖို့ လိုတယ်လို့ ရွှေဘိုသားလူပြိန်းတွေးလေးတွေးမိပါတယ်ခင်ဗျာ။

ဘောလုံးသမားတွေကတော့ သေချာပါတယ်။ သူတို့မှာ အမြဲတန်းရန်သူ၊ အမြဲတန်းမိတ်ဆွေဆိုတာမရှိကြပါဘူး။ သူတို့အသင်းရဲ့အောင်မြင်မှုကိုပဲရှေးရှုပါတယ်။

ဟုတ်ကဲ့ ထပ်ပြောပါဦးမယ်။ နိုင်ငံရေးမှာ အမြဲတန်းရန်သူ၊ အမြဲတန်းမိတ်ဆွေ ဆိုတာမရှိပါဘူး ခင်ဗျာ။ ပညာရှိသတိဖြစ်ခဲဆိုတာမျိုးဖြစ်နေမှာစိုးတဲ့အတွက်ပါခင်ဗျာ။

2 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

very good idea.

Unknown said...

u r right ,we have to unite