ပြည်တွင်းနာ

အောင်သူငြိမ်း
အောက်တိုဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာပြည်သူများ အတော်များများတွင် စိတ်ဒဏ်ရာ ရသွားကြသည်။ အမာရွတ် ထင်စေနိုင်လောက်သည့် စိတ်အတွင်း ဒဏ်ရာမျိုး ဖြစ်သည်။ ၁၉၈၈ ခုနှစ် အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်များက သွေးမတိတ်သေး။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အစုအပြုံလိုက် လူသတ်ပွဲများ၏ ဒဏ်ရာ ဒဏ်ချက်များက သွေးစိမ်းရှင်ရှင်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်များ ရစေခဲ့ပြန်သည်။ ဤတကြိမ်တွင်တော့ အတော် ကုစားရန် ခက်ပါလိမ့်မည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့၊ ပြန်လည် သင့်မြတ်ရေးတို့ ပြောနေကြသော်လည်း ဤတကြိမ်တွင်တော့ အစစ်အမှန် ပြန်လည် ပေါင်းစည်းနိုင်ရန် အတော် အချိန်ယူကြရတော့မည် ဖြစ်သလို၊ ပျက်ပြားသွားပြီ ဖြစ်သော ယုံကြည်မှု တည်ဆောက်ရေး အတွက်လည်း နိုင်ငံတခု၊ လူမှု အဖွဲ့အစည်းတခု အနေဖြင့် အတော် ရုန်းကန်ကြိုးပမ်း ကြရပါဦးတော့မည်။

(Trauma) ဟု ဆေးပညာရပ်အားဖြင့် ခေါ်ဆိုကြသော စိတ်တွင်းနာ၊ သို့မဟုတ် စိတ်ဒဏ်ရာသည် လူတဦးချင်းအဖို့ပင် နှစ်ပေါင်းများစွာ ရင်ဆိုင် ရုန်းကန်ကြရသော ပြဿနာ ဖြစ်ပါသည်။ လူတဦး၏ စိတ်တွင်း ဒဏ်ရာများ ကုသနိုင်ရေး အတွက်ပင် နှစ်ပေါင်းများစွာ အချိန်ပေးကြရသည်။ အချို့ ပညာရှင်များက ၇-နှစ်မှ ၁၅-နှစ်တိုင်တိုင် အချိန်ယူကြရသည်ဟု ဆိုကြပါသည်။ ကဗျာဆရာကြီး ဦးတင်မိုးက သူ၏ ကဗျာတပုဒ်တွင် မြန်မာပြည်၏ အခြေအနေနှင့် ပတ်သက်၍ "ပြည်တွင်းနာ" ဟု သုံးနှုံးခဲ့ဖူးသည်ကို ကျနော် မှတ်မိနေပါသည်။ သူက ကပ်သဘော၊ အထွေထွေ အကျပ်အတည်း သဘောကို ပြောသည် ဖြစ်နိုင်ပါသည်။ ကျနော်၏ ယူဆချက်ကတော့ ဤ "ပြည်တွင်းနာ" ဟူသော စကားလုံးတွင်ပင် စိတ်ခံစားချက် သဘောများလည်း ပါဝင်နေသယောင် ထင်မှတ်မိပါတော့သည်။ လူတဦးချင်း၏ စိတ်ဒဏ်ရာများ ပေါင်းစည်းမိသောအခါ၊ ကပ်ဘေးဒုက္ခ၊ အကျပ်အတည်းများ၊ စစ်ကြီးများ၊ အဖျက်အဆီး ဘေးဆိုးကြီးများ ကြုံတွေ့ရသောအခါ လူမှုအဖွဲ့အစည်း တခုလုံး စိတ် ဒဏ်ရာ ခံစားရတတ်ပါသည်။ ကျနော်ကတော့ ၁၉၈၈၊ ၂၀၀၃ ဒီပဲယင်း၊ ၂၀၀၇ သံဃာများ၏ ကံဆောင်ပွဲ ဖြိုခွင်း နှိမ်နင်းမှု များသည် ကျနော်တို့ လူမှုအဖွဲ့ကြီး တခုလုံးအတွက် တခုအပေါ် တခုဆင့်၍ စိတ်ဒဏ်ရာများ အနာဖေး မတက်နိုင်ခင်၊ နောက်ထပ် နာကျဉ် စေပြန်ခဲ့ပြီဟု မြင်နေမိပါတော့သည်။

ဤသို့ စိတ်ဒဏ်ရာ ရစေလောက်အောင် ကြုံရသော အခြေအနေမျိုးတွင် ထိုသူတဦး၏ လုံခြုံမှုနှင့် ပတ်သက်သော ကျနော်တို့၏ ယုံကြည်ထားချက်ကို အခြေခံ ဖောင်ဒေးရှင်းမှ စ၍ ဆွဲလှုပ် ခံလိုက်ရပါသည်။ တနည်းဆိုရသော် ယုံကြည် ထားသောအရာ ကိစ္စများလည်း ပြိုကွဲ ကြေမွ သွားရပါတော့သည်။ ထို့အပြင် စိတ်ဒဏ်ရာရလျှင် လူအများသည် ဤဒဏ်ရာ ပြေပျောက်စေကြောင်း အတွက် နည်းလမ်းများစွာဖြင့် တုံ့ပြန် တတ်ကြပါသည်။ ဥပမာအားဖြင့် - မိမိ စိတ်တွင်း ခံစားချက်ကို ဖြေသိမ့်နိုင်ရေးအတွက် အရက်သောက် ထွက်ပေါက် ရှာကြခြင်းများ၊ အိမ်ပြန်လာသောအခါ မိန်းမရိုက်၍ အိမ်တွင်း အနိုင်ကျင့် နှိပ်စက်မှုများ၊ အခြားနည်းပေါင်းစုံဖြင့် လွဲမှား မူမမှန်စွာ ဖြေရှင်း ကြသည်များလည်း တွေ့ရတတ်ပါသည်။ ဤ တုံ့ပြန်ပုံ လုပ်ငန်းမျိုးကို Coping mechanism ဟု ခေါ်ကြပါသည်။

နိုင်ငံအများတွင်လည်း ဤသို့ လူမှု အဖွဲ့အစည်းကြီး တရပ်လုံး စိတ်ဒဏ်ရာ ရစေသော ဖြစ်ရပ်များ ကြုံခဲ့ကြရဖူးပါသည်။ ဥပမာ- အမေရိကန် ပြည်ထောင်စု ဆိုလျှင် ပြည်တွင်းစစ်၏ သမိုင်းကြောင်းကို ပြော၍ မဆုံးသေးသကဲ့သို့၊ ဒုတိယ ကမ္ဘာစစ် ကို ကြုံခဲ့ရသော မျိုးဆက်များက ရန်-ငါ (အဖြူ သို့မဟုတ် အမဲ) စသည့် အတွေးများနှင့် စစ်အေး တိုက်ပွဲကို ဆက်ခဲ့ကြကြောင်းလည်း လေ့လာသူများက ဆိုကြပါသည်။ ထို့အပြင် စက်တင်ဘာ ၁၁ (September 11) သည် အမေရိကန် လူထု အများအတွက် စိတ်ဒဏ်ရာ အကြီးအကျယ် ရစေခဲ့သော ကိစ္စပင် ဖြစ်သည်။ ဤစက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ တုံ့ပြန်လာပုံ ဆိုးကျိုးများကို မိမိတို့ တွေ့ကြုံ ခံစားနေကြရပြီ ဖြစ်ပါသည်။ အမေရိကန် လူထုများ၏ အစွန်းရောက် မျိုးချစ်စိတ်ဓါတ်ကို ပိုမို ပြင်းထန်စေသကဲ့သို့ အခြားသော လူမှု အခွင့်အရေး၊ စစ်၊ ကမ္ဘာ့ ဆက်ဆံရေး မျက်နှာစာများတွင် များစွာ အကျိုး သက်ရောက်စေခဲ့ပါသည်။

အချို့ လူမှု အဖွဲ့အစည်းများတွင်လည်း စိတ်ဒဏ်ရာ ရစေသော ဖြစ်ရပ်များ ကြုံကြရဖူးပါသည်။ နာဇီများ၏ အစုလိုက် အပြုံလိုက် ဂျူးများကို လက်စတုန်း သုတ်သင်မှုသည် လူမှုအဖွဲ့အစည်း တခုလုံးကို ထိခိုက် စေခဲ့သကဲ့သို့၊ ပါလက်စတိုင်း ပြည်သူများ၏ နိုင်ငံမဲ့ တွန်းပို့ ခံရသော အခြေအနေ၊ ဒုက္ခ သံသရာများကလည်း လူမှု အဖွဲ့အစည်းကို ဝါးအစည်းပြေစေ သကဲ့သို့၊ တဖက်တွင်လည်း အစွန်းရောက် အယူအဆများ ထွက်ပေါ်လာစေပါသည်။ အကြမ်းဖက်မှုများ အကြောင်း လေ့လာကြသူများက ထိုလူမှု အဖွဲ့အစည်း၏ ကောက်ယူ မွေးစားထားသော စိတ်ဒဏ်ရာ (chosen trauma) များ အကြောင်းကိုလည်း အကျယ်တဝင့် လေ့လာ ဖူးခဲ့ကြပါသည်။

ယခုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သံဃာများကို လမ်းမလယ်ခေါင် ရက်ရက်စက်စက် ပစ်ခတ် ချေမှုန်း နေပုံများကို မြင်တွေ့ခဲ့ကြရသည်။ ပြောရမည်ဆိုလျှင် ၂၀၀၇ စက်တင်ဘာလ သံဃာများနှင့် ဆန္ဒပြ ပြည်သူများကို ရက်ရက်စက်စက် ဖြိုခွဲချေမှုန်းမှုသည် မြန်မာနိုင်ငံ၏ စက်တင်ဘာ (၁၁) Burma September 11 ဟု တင်စားလျှင် မမှားနိုင်ပါ။ ထစ်ကနဲရှိ စစ်တပ် အားကိုး၊ လက်နက် အားကိုးဖြင့် ဖိနင်း ချေမှုန်းလိုသည့် အာဏာရှင်များ၏ ဒေါသ၊ အမျက် မာန်မာနများကို မြင်တွေ့လိုက်ကြရသည်။ ထို့အပြင် တဖက်သတ် ပြောဆို ဝါဒ ဖြန့်ချိနေမှုများ ကလည်း၊ ထပ်မံ စော်ကားသကဲ့သို့ ရှိနေစေသည်။ သံဃာများက ဆိုခဲ့သကဲ့သို့ မေတ္တာဓါတ် အားနည်းသည့် အပြုအမူများ၊ ရုန့်ရင်း ကြမ်းတမ်းမှုများ ကလည်း ဆက်လက် သည်းညည်း မခံနိုင်စရာ။ လူအများ၏ ကိုးကွယ် ယုံကြည်မှု ဘာသာရေး အခြေခံကိုပါ ရိုက်ချိုး ကြေမွ စေသကဲ့သို့ ဖြစ်စေခဲ့သည်။

သမိုင်းအရလည်း စိတ်နာကျည်းစရာများက အကြိမ်ကြိမ်၊ ၁၉၆၂ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခဲ့သည်။ ဦးသန့် အရေးအခင်းတွင် သွေးချောင်း စီးခဲ့ရသလို၊ ၁၉၇၀ ခုနှစ် အလုပ်သမား ဆန္ဒပြပွဲများကိုလည်း ပစ်ခတ် ချေမှုန်းခဲ့သည်။ ၁၉၈၈၊ ၂၀၀၃၊ ၂၀၀၇ သွေးချောင်း စီးရမှုများက မြန်မာ့ လူ့အဖွဲ့အစည်း အတွက် မမေ့နိုင်စရာ အဖြစ်အပျက်များ ဖြစ်နေသည်။ ထိုထက်ပို၍ ဆိုးသည်မှာ ငြိမ်းချမ်းမှုကို လိုလားသည့်၊ ဗုဒ္ဓဘာသာ ထွန်းကား၊ အလေးအမြတ် ထားသည့် လူမှု အဖွဲ့အစည်းဟု ဂုဏ်ယူနေကြဆဲ ရဟန်း သံဃာများနှင့် သာသနာကို အဆိုးဝါးဆုံး ဖျက်ဆီး ချေမှုန်းလိုက်မှုသည် လူအများအတွက် စိတ်ဒဏ်ရာကို ပို၍ နက်ရှိုင်း လာစေခဲ့တော့သည်။

သံဃာများ၏ ဆန္ဒပြပွဲများကို အကြမ်းဖက် ချေမှုန်းနေစဉ်တွင် ပြည်တွင်းမှ "သဲ" ဟူသော ကလေးမ တဦးနှင့် မိမိ ချက်တင် စကားပြောခွင့် ရနေခဲ့ပါသည်။ သူရော၊ ကျနော်ပါ စိတ်လှုပ်ရှား နေကြ၍ အတော်လည်း စိတ်ထိခိုက် နေကြရပါသည်။ "ပစ်နေပီ။ ပစ်နေပီ။ လုပ်ကြပါဦး" "သေကုန်ကြတော့မှာပဲ" တဖက် မြန်မာပြည်ဖက်မှ သူမ ရိုက်ပို့လိုက်သော စာသားများ ကျနော် ရရှိနေပါသည်။ သူမက ပြင်ပသို့ အဖြစ်အပျက်များကို တတ်နိုင်သမျှ သတင်း ပေးနိုင်ရေးအတွက် ကြိုးစား ကူညီနေသူသာ ဖြစ်ပါသည်။ မိမိနှင့် ယခင်ကလည်း မရင်းနှီး၊ မကျွမ်းဝင်ခဲ့ပါ။ "ပြောပေးကြပါဦး" "ကျမတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး" သူမက အဖြစ်အပျက် အသေးစိတ်ကို ပေးပို့နေချိန်တွင် ခံစားချက်ကိုပါ ကျနော် ထဲထဲဝင်ဝင် မြင်နေရပါသည်။
ကျနော်လည်း မည်သို့မျှ မကူညီနိုင်ခဲ့ပါ။ ကျနော့ကိုယ် ကျနော်လည်း ၁၉၈၈ အာဏာသိမ်းမှု အပြီး၊ ရန်ကုန် ဆေးရုံကြီးအနီး ရင်ခွဲရုံရှိ သူငယ်ချင်း အလောင်းနားတွင် နံရံကိုထု၊ မျက်ရည်တွေကျ ငိုယိုနေသော လူငယ်လေး တယောက်ကို ပြန်မြင်ယောင် နေပါသည်။ ထိုသို့ ငိုယိုနေခဲ့သူ လူငယ်ကလေးမှာ ကျနော်ကိုယ်တိုင် ဖြစ်ပါသည်။ ယခုတော့ ငိုယိုနေသူ ကလေးမ တဦး၏ အဖြစ်ကို ကျနော်ကိုယ်တိုင် နောက်ထပ် မြင်တွေ့နေရပါတော့သည်။

ကျနော်တို့၏ စိတ်ဒဏ်ရာများက ပို၍ပို၍ နက်ရှိုင်း လာစေပါသည်။ ကျနော် တယောက်ထဲ မဟုတ်။ ကျနော်တို့ လူမှု အသိုင်း အဝိုင်းကြီးရော၊ နောက်ထပ် မျိုးဆက်သစ် လူငယ်များပါ ထပ်၍ စိတ်ဒဏ်ရာ သင့်ရပြန်ပါပြီ။ ဘယ်တော့များမှ ပြီးနိုင်တော့ မည်နည်း။ မည်သည့်အခါမှ ကျေပျောက် နိုင်ကြပါတော့မည်နည်း။ မျိုးဆက်များ ဆင့်ခဲ့ကြပြီ ဖြစ်သည်။

စစ်အစိုးရကတော့ လူအနည်းစုကလေး၏ အုံကြွမှု၊ ကောက်ရိုးမီးသဖွယ် ပုံဖော်နေပါသည်။ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့မည်ဟု အပေါ်စီး မက်လုံး ပေးရုံလောက်ဖြင့် ငြိမ်းအေးသွားတော့မည့် ကိစ္စဟု ထင်နေပုံရပါသည်။ လူမှု အဖွဲ့အစည်း အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေခဲ့သော စိတ်ဒဏ်ရာ အတွင်းကြေကို ဤမျှလောက်ဖြင့် ကျေပျက်စေလိမ့်မည် မဟုတ် ပါ။ ကျနော်တို့၏ ယုံကြည်မှု အခြေခံ တခုလုံး ကိုင်လှုပ် ခံလိုက်ရသော အခြေအနေ၊ ကမ္ဘာ့ ကုန်သွယ်ရေး မျှော်စင်ကြီး ပြိုကျခဲ့ သလို အပြန်အလှန် ယုံကြည်မှုများ ပြိုကွဲ မြေပေါ် ပုံကျသွားရသည့် အခြေအနေကို ကျနော် မြင်နေရပါသည်။ ဤစိတ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ကျနော်တို့ လူမှု အဖွဲ့အစည်းကြီးက ကာလအတန်ကြာ ဆက်လက် လျှောက်လှမ်း နေကြရဦးတော့မည် ဖြစ်ပါတော့သည်။

အောက်တိုဘာလ ၂၀၀၇ ခုနှစ်။

ဆရာကိုအောင်သူငြိမ်း၏ဆောင်းပါးကို မဇ္ဖျိမသတင်းဌာန၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):