အားမလိုအားမရအတွေး....


နိုင်ငံတကာဘောလုံးလောက(အထူးသဖြင့် ဥရောပဘောလုံးလောက)တွင် ဘောလုံးရာသီမဟုတ်သော အချိန်များနှင့် နှစ်သစ်ကူးကာလများတွင် အသင်းမန်နေဂျာများနှင့် နည်းပြများသည် မိမိတို့အသင်း အောင်ပွဲများရရှိရေးအတွက် အားကစားသမားများဖလှယ်ခြင်း၊ အသစ်ဝယ်ယူခြင်း၊ မလိုအပ်သောကစားသမား များကို ရောင်းချခြင်းတို့ကို အာရုံစူးစိုက်လုပ်ဆောင်ကြသည်။ ချန်ပီယံမဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အသင်းတစ်သင်း၏ပရိတ်သတ်များအနေဖြင့် မိမိအားပေးနေသော အသင်းမှာ ထူးထူးခြားခြားပြောင်းလဲမှုများမပြုလုပ်ပါက လာမည့်နှစ်တွင် မိမိအသင်းချန်ပီယံဖြစ်လာနိုင်ရေးကို မျှော်လင့်နိုင်မည်မဟုတ်ပါ။ နောက်ထပ်ဝယ်ယူလိုက်သည့် ကစားသမားအသစ်တစ်ဦးကသော်လည်းကောင်း၊ အရင်ကရှိပြီးဖြစ်သည့်ကစားသမားအဟောင်းတစ်ဦးကသော်လည်းကောင်း၊ နည်းပြကသော်လည်းကောင်း အသင်း၏သတင်းစာရှင်းလင်းပွဲတွင် ‘‘ လာမည့်နှစ်မှာ ကစားမယ့်ပွဲစဉ်တွေအားလုံးမှာ ကျနော်တို့အသင်း အနိုင်ရရှိမှာပါ။‘‘ လို့ပြောကြားပါက မဖြစ်နိုင်သည့်ကတိကိုပေးကာ ပရိတ်သက်ကို ဟဒယရွှင်ဆေး တိုက်ကျွေး လိုက်သကဲ့သို့ ဖြစ်နေမည်မှာအမှန်ပင်။


ထိုအချက်များကို အခြေခံကာ ကျနော်စဉ်းစားမိသော အချက်များကို ပြောပြချင်ပါသည်။ မြန်မာ့ဒီမိုကရေစီ အရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသောရဲဘော်များကို ဘောလုံးအသင်းတစ်သင်းအဖြစ် ကျနော် မြင်ယောင်ကြည့်မိသည်။ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ တရားမျှတလွတ်လပ်သော နိုင်ငံတော်တည်ဆောက်ရေး၊ စစ်အာဏာရှင်အမြစ်ဖြုတ်ရေး ကြိုးပမ်းလုပ်ဆောင်နေကြသည်မှာ အချိန်များစွာ ကြာမြင့်လာပြီဖြစ်ပါသည်။ ကျနော်တို့အသင်း ချန်ပီယံမဖြစ်သည်မှာ နှစ်ပေါင်း ၅၀နီးပါးရှိနေပြီဖြစ်သည်။ ပြိုင်ဖက်အသင်း၏ စွမ်းဆောင် ရည်မြင့်မားမှုကြောင့်မဟုတ်ပဲ ကျနော်တို့အသင်း၏ စည်းလုံးညီညွတ်မှု အားနည်းခြင်း၊ အသုံးပြုသော နည်းဗျူဟာများ လွဲမှားနေခြင်းကြောင့် ကျနော်တို့အောင်ပွဲနှင့် နီးမလိုနဲ့ ဝေးနေရခြင်းဖြစ်သည်ဟု ထင်မြင်မိ ပါသည်။

ဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို့အတွက်ဆိုလျှင် နည်းပြသည် အဓိကအရေးပါသော အခန်း ကဏ္ဌမှ ပါဝင်ပေသည်။ နည်းပြချမှတ်ပေးသော နည်းဗျူဟာများကို ကစားသမားများမှ အတိအကျလိုက်နာပြီး အားထည့်ကစားမှသာ ထိုအသင်းသည် အောင်ပွဲနှင့်တွေ့မည်ဖြစ်သည်။ နည်းပြကလည်း ကစားသမား တစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို မှန်ကန်စွာသုံးသပ်နိုင်သော အရည်အချင်းရှိရမည်ဖြစ်ပြီး သင့်တော်သောနေရာချ(လိုင်းအပ်ဆွဲ)ကာ အောင်ပွဲရအောင် ညွှန်ကြားနိုင်ရမည်ဖြစ်သည်။ ကျနော်တို့အသင်းတွင် နည်းပြအဖြစ်အရည်အချင်းပြည့်မီသော ကစားသမားများစွာရှိသည်။ သို့သော် အများစုမှာ အခြေအနေအရ လုပ်ဆောင်နိုင်သောအနေအထားတွင်မရှိပါ။ ဆိုလိုသည်မှာ ခေါင်းဆောင်များအနက် အများစုမှာ စစ်အုပ်စု၏ ဖမ်းဆီးခြင်း ခံနေကြရပါသည်။ ကျန်ရှိသော ခေါင်းဆောင်များမှာ ထိရောက်သော၊ ထူးခြားသော လုပ်ဆောင်ချက်များ လုပ်ဆောင် နိုင်ခြင်းမရှိဟု ထင်မြင်မိ ပါသည်။

နောက်တစ်ချက်က လူနေရာများလွဲမှားနေခြင်းနှင့် မိမိကိုယ်မိမိ မှားယွင်းစွာ သုံးသပ်နေခြင်းကလည်း တော်လှန်ရေး ကြန့်ကြာနေရခြင်းအကြောင်းတစ်ရပ်ဖြစ်နေနိုင်ပါသည်။ ကျနော်တို့လူငယ်အများစုသည် မြန်မာ့နိုင်ငံရေးကောင်းမွန်လာစေရန် အစွမ်းကုန်မျှော်လင့်ပြီး မိမိတတ်နိုင်သလောက်အခန်းကဏဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြင့် ပါဝင်နိုင်ရန် စိတ်အားထက်သန်လျက်ရှိသည်မှာ စက်တင်ဘာရွှေရောင် တော်လှန်ရေးအပြီးတွင် သိသာထင်ရှားလာပါသည်။ သို့သော် ဒီမိုကရေစီခေါင်းဆောင်များမှာ ထိုလူငယ် အားကိုလည်း ထိရောက်စွာအသုံးချနိုင်ခြင်းမရှိဟု ကျနော်ထင်ပါသည်။ လူငယ်အများစုမှာ စိတ်အားထက်သန်မှု သာရှိပြီး စစ်အစိုးရလက်ထက်တွင် မွေးဖွားကြီးပြင်းလာကြသူများသာဖြစ်သဖြင့် သဘောတရားရေးရာပိုင်းတွင် များစွာအားနည်းမှုရှိပါသည်။ သို့သော် စိတ်အားထက်သန်မှုတွင် လက်ရှိနိုင်ငံရေးသမားဟုအမည်တွင်သူများ ထက် လျော့နည်းမည်မဟုတ်ပါ။ ထိုအင်အားကို ခေါင်းဆောင်များမှ ပိုင်ပိုင်နိုင်နိုင်အသုံးချ လေ့ကျင့်ပေးရန် သာလိုအပ်ပါသည်။ ယနေ့ခေတ်စားနေသော ဘလော့ဂ်ဂါများကလည်း စစ်အစိုးရ၏ရက်စက်ယုတ်မာမှုများကို သူတို့တတ်နိုင်သလောက် ဘလော့ဂ်များတွင်ရေးသားဖော်ပြကြသည်။ ထိုသို့ရေးသားဖော်ပြကြရာမှ သူတို့ကိုယ်သူတို့ တစ်ကယ့်တော်လှန်ရေးသမားများအသွင် ထင်မြင်လာကြသည်။ ဘလော့ဂ်များတွင် ရေးသား ဖော်ပြချက်များသည် အမှန်တရားအများစုဖြစ်ပါသည်။ ခံစားချက်အစစ်အမှန်များဖြစ်ပါသည်။ သို့သော် ထိုသို့ ရေးသားဖော်ပြခြင်းသက်သက်အားဖြင့် စစ်အစိုးရကို ပြုတ်ကျအောင် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

ကျနော်သိသလောက် မြန်မာနိုင်ငံရှိလူငယ်အများစု၏ ၇၅ရာခိုင်နှုန်းကျော်သည် အိုင်တီကို စိတ်ဝင်စားကြသည်။ သို့သော် ထိုလူငယ်တိုင်း ဘလော့ဂ်ဆိုတာဘာလဲ မသိပါ။ မြန်မာပြည်သူများအနက် အင်တာနက်ကို အသုံးပြုနိုင်သောသူ၊ ဘလော့ဂ်များကို စိတ်ဝင်တစားဖတ်ရှုသူ အရေအတွက်အားဖြင့် အင်မတန်နည်းပါသည်။ နောက်ပြီး ကျနော်တို့ဘလော့ဂ်အပါအ၀င် ဘလော့ဂ်အများစုကို မြန်မာဘာသာများဖြင့်သာရေးသားကြသည်။ ထို့အတွက် နိုင်ငံတကာမှအာရုံစိုက်လာအောင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟုလည်း မပြောနိုင်ပေ။ ထိုအချက်ကို သတိမပြုပဲ ဘလော့ဂ်များတွင် ရဲရဲတောက်ရေးသားနေခြင်းသည် စစ်အစိုးရကို မိမိ၏အကြောင်းများ မမေးပဲပြောပြနေသလိုသာဖြစ်ပေလိမ့်မည်။ ဘလော့ဂ်များ၏ထိရောက်မှုကို အနည်းငယ်မျှ ဆန်းစစ်ကြည့်ကြရန် လိုအပ်ပါသည်။ အွန်လိုင်းအသုံးပြုနေသော စစ်အစိုးရ၏လူများနှင့် စကားစစ်ထိုးရုံမျှသာ ဆိုလျှင်တော့ အကျိုးရှိမည်မဟုတ်ပါ။ မြန်မာ့နိုင်ငံရေးကို အထောက်အကူမပြုသောအရာများကို ငြင်းခုံနေကြ ရုံမျှသာဆိုလျှင်လည်း ကောင်းကျိုးဖြစ်ထွန်းလာမည်မဟုတ်ပါ။ ကောင်းကျိုးမည်မျှရသည်၊ ဆိုးကျိုးမည်မျှဖြစ် သွားသည်ကို အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်တိုင်း သုံးသပ်ကြဖို့အချိန်တန်နေပြီဟု ယူဆပါသည်။

ကျနော်တို့အသင်းလူထုတ်ပုံလွဲနေသည်ဟု ထင်မြင်မိစေသည့်နောက်ထပ် အချက်တစ်ခုကတော့ ကျနော်တို့ အတွက်ဦးဆောင်မှုပေး နိုင်သည့်အရည်အချင်းရှိသော ခေါင်းဆောင်များကိုယ်တိုင် ဘလော့ဂ်များနောက်တွင် တကောက်ကောက်လိုက် နေပြီး သတင်းသမားများလုပ်ရမည့် အလုပ်မျိုးလုပ်နေကြသည်။ ဂိုးပေါက်ရှာမတွေ့ သော ရှေ့တန်းတိုက်စစ်မှူး များကဲ့သို့ဖြစ်နေသည်။ နောက်တန်း၊ အလယ်တန်းမှာနေ၍ တိုက်စစ်မှူးများကို ပံ့ပိုးရမည့်သူများက မကျွမ်းကျင်သည့်ရှေ့တန်းသို့ထွက်ကစားမိ၍ မလိုလားအပ်သော ဆုံးရှုံးမှုမျိုးကြုံတွေ့ လာရသည်။ ပြီးခဲ့သည့် စက်တင်ဘာအရေးအခင်းက အကောင်းဆုံးသက်သေဖြစ်နေသည်။ ပြည်သူများစွာ အသတ်ခံရ၊ အဖမ်းဆီးခံရ သည်။ ကျနော်တို့ခေါင်းဆောင်များသည် စက်တင်ဘာအရေးအခင်းစတင်ခဲ့ချိန်က ကြိုဆိုပါတယ်လောက်နဲ့ စတင်ခဲ့ပြီး ပြီးဆုံးသွားချိန်တွင် စိတ်မကောင်းပါဘူးလောက်နဲ့အဆုံးသတ်သွားခဲ့သည်။ တစ်ကယ့်တစ်ကယ် စစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများကို ပြည်တွင်းကပြည်သူများသာ ပို၍ခံစားနေကြရ သည်။

ပြိုင်ဘက်အသင်းဖြစ်သည့် စစ်အစိုးရသည် တစ်မျိုးပြီးတစ်မျိုးတိုက်စစ်ဖွင့်ကာ ကစား နေသော်လည်း ကျနော်တို့အသင်းမှာ အလူးအလဲခုခံနေရုံမှတပါး ပြန်လည်တိုက်စစ်ဆင်နိုင်ရင် အဝေးကြီးဝေးနေသည်။ ကျနော်တို့၏ခေါင်းဆောင်များအနေနှင့် စီစဉ်နေပါတယ်။ အချိန်မတန်သေးလို့ချမပြသေးတာပါဟုဆိုလျှင် လည်း ခေါင်းဆောင်များ၏ အစီအစဉ်ကို မြန်မာနိုင်ငံပြာပုံဘ၀ရောက်မှ အချိန်တန်ပြီဆိုကာ ချပြမှာလားဟု မေးချင်ပါသည်။ အခုလာမယ့် ဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲဟူအမည်ခံထားသော ပြိုင်ပွဲမှစတင်ကာ အကောင်းဆုံး လိုင်းအပ်ကို ထုတ်လာစေချင်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင်များအနေနဲ့ ကိုယ့်နေရာ ကိုယ်သိပြီး ခိုင်မာတဲ့ လမ်းကြောင်းသတ်မှတ်ကာ ကျနော်တို့မြန်မာပြည်သူအားလုံးကို ရည်ရွယ်ချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီထွန်းကားတဲ့ အမိမြန်မာပြည်ထံ အရောက်ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါဆိုရင်.....

ကျနော်တို့ရဲ့ နည်းပြက ဘယ်သူလဲ။

ကျနော်တို့ရဲ့ တိုက်စစ်မှူးတွေက ဘာလုပ်နေလဲ။

ကျနော်တို့ရဲ့ ကွင်းလယ်ဖန်တီးရှင်တွေ ဘယ်ရောက်နေလဲ။

ကျနော်တို့ရဲ့ နောက်တန်းခံစစ်မှူးတွေရော အဆင်သင့်ဖြစ်နေပြီလား။

အားရပါးရကစားသွားခဲ့လို့ ဒဏ်ရာရသွားတဲ့ ကစားသမားတွေ၊ ပွဲပယ်ဒဏ်ထိသွားတဲ့ ကစားသမားတွေနဲ့ အောင်ပွဲကိုဆာလောင်ငတ်မွတ်နေတဲ့ ကျနော်တို့ပရိတ်သတ်တွေကို တစ်ကယ်ချစ်တယ်ဆိုရင်၊ အသင်းရဲ့ လိုအပ်ချက်တွေကို မှန်ကန်စွာသုံးသပ် ဖြည့်ဆည်းပြင်ဆင်ပြီး အခုအချိန်ဟာ စတင်ဖို့အကောင်းဆုံးပဲလို့ နှိုးဆော်လိုက်ပါတယ်ခင်ဗျား။


ရွှေဘိုသား

‘မိုးကောင်းကင်သည် ကြီးစွာသောအသံဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ လောကဓာတ်သည်လည်း ပူအားကြီး၍ ပျက်ကြလိမ့်မည်။‘‘(၂ ပေ ၃း၁၀)


အင်ဒိုနီးရှားနိုင်ငံရှိ စက်ဝိုင်းခြမ်းသဏ္ဌာန်ရှိကျွန်းစုများထဲမှ ကရာကတိုဝါမီးတောင်ကျွန်းသည် ၁၈၈၃ ခုနှစ်တွင် ပေါက်ကွဲရာ လူတို့၏ခေတ်သစ်သမိုင်းတွင် အကြီးမားအပြင်းထန်ဆုံးသော မီးတောင်ပေါက်ကွဲမှုဟုဆိုကြသည်။ ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်၊ ကျောက်တုံး၊ သစ်ပင် အစရှိသည့်အရာဝတ္ထုများသာမက ခြောက်ကုဗမိုင်ထုရှိသည့် မြေဆီလွှာများအထိ ကမ္ဘာမြေပြင်မှ မိုင် ၂၀ခန့်အကွာအဝေးသို့တိုင်အောင် လွင့်စင် ထွက်သွားသည်ဟု ဆိုကြသည်။ တုန်ခါမှုလှိုင်းမှာလည်း ကမ္ဘာမြေကြီးကို ခုနှစ်ပတ်မျှပတ်သွားပြီး ပြာမှုန်များမှာ မိုင်ပေါင်း ၂၀၀၀ကျော်ကွာဝေးသော မာဒါဂက်စကာနိုင်ငံအထိပျံ့လွင့်ခဲ့သည်ဟုလည်း ပြောကြသည်။ ထိုအချိန်က ယင်းဒေသနှင့် မလှမ်းမကမ်းတွင်ရောက်ရှိနေသော ဗြိတိသျှသင်္ဘော Norham Castle မှ သင်္ဘောကပ္ပတိန် Sampson ၏မှတ်တမ်းတွင် ထိုပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်ရှိ သင်္ဘောသားထက်ဝက်ခန့် နားစည်များ ကွဲခဲ့ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြာမှုန့်၊ ချော်ရည်၊ ကျောက်တုံးကျောက်ခဲများ ကျနေခဲ့သည်ဟု ရေးသားခဲ့သည်။ သူကယင်းအဖြစ်အပျက်သည် ‘‘မိုးကောင်းကင်သည် ကြီးစွာသောအသံဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ လောကဓာတ်သည်လည်း ပူအားကြီး၍ ပျက်ကြလိမ့်မည်။‘‘(၂ ပေ ၃း၁၀) ဟူသော သမ္မာကျမ်းစာလာ စာသားနှင့် ကိုက်ညီနေသဖြင့် စီရင်ခြင်းနေ့သို့ရောက်ပြီး ကမ္ဘာကြီးချုပ်ငြိမ်းချိန်တန်နေပြီဟု အခိုင်အမာယုံကြည်ခဲ့ကြောင်း သူ၏မှတ်တမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

တစ်ကယ်တန်းတွင်မူ ထိုအဖြစ်အပျက်သည် လွန်ကြီးမားအံ့သြကြောက်မက်ဖွယ်ကောင်းသည်မှာ မှန်သော်လည်း စီရင်ခြင်းနေ့သို့ရောက်ရှိတော့မည်ဖြစ်သဖြင့် ဖြစ်ပေါ်နေသောအရာများမဟုတ်ပါ။ ကမ္ဘာကြီး အပြီးအတိုင် ချုပ်ငြိမ်းသွားမည့်လက္ခဏာလည်း မဟုတ်ပေ။ ကမ္ဘာကြီး၏သာမာန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုသာ ဖြစ်ပြီး အနီးကပ်ကြုံတွေ့နေရသောသူများအတွက်သာလျှင် ကမ္ဘာကြီးပျက်သုဉ်းတော့မည်ဟုပင် ထင်နေရလောက်အောင် အံ့သြကြောက်မက်ဖွယ်ကောင်းနေပြီး တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပါသည်။

ယခုမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေသည်လည်း ကရာကတိုဝါမီးတောင်၏ ဖြစ်စဉ်ဆန်ဆန်မျိုးသာလျှင် ဖြစ်ပါသည်။ နိုင်ငံတစ်ခုကို ကောင်းမွန်စွာစီမံအုပ်ချုပ်ရန် အရည်အချင်းနှင့်မပြည့်စုံ သည့် စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် ကရာကတိုဝါမီးတောင်ပေါက်ကွဲသကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစစအရာရာ ဖရိုဖရဲအစိတ်စိတ်အမွှာမွှာဖြစ်နေခဲ့ရသည်။ မရှိမဲ့ရှိမဲ့ ပညာတတ်လူတန်းစားများမှာလည်း မီးတောင်မှလွင့်ထွက်လာသည့် ပြာမှုန်များသဖွယ် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့ရောက်ရှိသွားကြပါသည်။ ပြည်တွင်းရှိသာမန်ပြည်သူများမှာလည်း အဖိနှိပ်ခံ၊ အနှိမ်ခံ၊ သတ်ဖြတ်ဖမ်းဆီးခံနေရကာ မတရားအမိန့်ထုတ် အုပ်ချုပ်ခြင်းကို ခံစားနေကြရပါသည်။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် ကရာကတိုဝါမီးတောင်ပေါက်ကွဲမှုဖြစ်သကဲ့သို့ ကမ္ဘာကြီးကို ယာယီတုန်လှုပ်သွားစေသည်မှာလည်း မှန်၏။ မြန်မာပြည်သူများစွာ အစိတ်စိတ်အမွှာမွှာလွှင့်ထွက်၊ သေကြေပျက်စီး အဖိနှိပ်ခံရသည်မှာလည်း မှန်၏။ သို့သော် ကမ္ဘာကြီးအတွက်ယာယီမျှသာဖြစ်ပေသည်။ ကမ္ဘာ၏အခြားနေရာများတွင်လည်း မြန်မာနိုင်ငံနှင့်အလားတူဖြစ်ရပ်မျိုးဖြစ်ပွားနေသည့် နေရာများစွာလည်း ရှိပေဦးမည်။ မြန်မာ့နိုင်ငံရေးအခြေအနေသည် မြန်မာပြည်သူများအတွက်သာ သေရေးရှင်ရေးတမျှ၊ အသက်တမျှအရေးကြီးနေပြီး ကမ္ဘာကြီးအတွက်မူ သိပ်ပြီးမထူးဆန်းလှသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပေလိမ့်မည်။ ထိုအချက်ကို ကျနော်တို့ ကောင်းမွန်စွာသဘောပေါက်ထားမိရန်လိုအပ်ပေသည်။ အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း သေချာသုံးသပ်ကြည့်ကြဖို့လိုအပ်ပေမည်။ မိမိ၏အနေအထား၊ ပြိုင်ဘက် စစ်အုပ်စု၏အနေအထား၊ လက်ရှိနိုင်ငံတကာအနေအထားများကို မှန်ကန်သော ရှုထောင့်မှ သုံးသပ်ရှုမြင်နိုင်ရန်လိုအပ်ပေသည်။ ခေါင်းဆောင်များမှလည်း မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေကို နိုင်ငံတကာမှဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါကလည်း စစ်အစိုးရနှင့် အတိုက်အခံများအကြား ဒိုင်လူကြီးသာသာ၊ စေ့စပ်ညှိနှိုင်းပေးရုံထက်ပိုမိုဆောင်ရွက်နိုင်မည်မဟုတ်ပေ။ နိုင်ငံတကာမှ စစ်အစိုးရကို အာဏာစွန့်လွှတ်ရန်ဖိအားပေးခြင်း၊ စစ်ရေးဖြင့်တိုက်ခိုက်ခြင်းတို့ကို မျှော်လင့်နေပါက စိတ်ကူးယဉ်ဆန်လွန်းနေပေမည်။ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသားများကိုယ်တိုင် ဖြေရှင်းမှသာ ပြေလည်နိုင်မည်ဟုယုံကြည်ပေသည်။ တိကျပြတ်သားသော ပန်းတိုင်သတ်မှတ်ကာ တိုက်ပွဲဝင် ရမည်။ ယာယီပန်းတိုင်များသည် ဘယ်သောအခါကမှ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခြင်းရှိမည်မဟုတ်။ ယာယီပန်းတိုင်များဖြင့် သာယာနေလျှင်လည်း အဓိကရည်မှန်းရာပန်းတိုင်ကို ရောက်ရှိအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ ကျနော်တို့ တွေ့ကြုံနေရသည့်အခက်အခဲ၊ ခံစားနေရသည့်ခံစားချက်များကို နိုင်ငံတကာမှ မည်မျှပင်စာနာနားလည်ပေးသည်ဟုဆိုစေကာမူ ကာယကံရှင်ဖြစ်သော ကျနော်တို့နှင့် ထပ်တူ ထပ်မျှတူညီစွာ ခံစားပေးနိုင်မည်မဟုတ်ပေ။ ကျနော်တို့အခက်အခဲကို ကျနော်တို့ကိုယ်တိုင်ဖြေရှင်းရမည်။ ကျနော်တို့ နိုင်ငံကို ကျနော်တို့ကိုယ်တိုင်တည်ဆောက်ရပေမည်။

စစ်အစိုးရသည် သူ၏ထုံးစံအတိုင်း အစွမ်းကုန်ယုတ်မာရက်စက်ပေလိမ့်မည်။ ထို့ကြောင့် ကျနော်တို့သည် ရက်စက်လိုက်တာ။ ယုတ်မာလိုက်တာ ဟူ၍ဟစ်အော်ရုံမျှဟစ်အော်နေကြမည့်အစား ယုတ်မာရက်စက်မှုများ ရပ်တန်းက ရပ်အောင်တိုက်ထုတ်ရမည်။ ကြေညာချက်များထုတ်ပြန်နေရုံမျှဖြင့်လည်းကောင်း၊ ဆန့်ကျင်ရှုတ်ချပါကြောင်း ပြောကြားနေရုံမျှဖြင့်သော်လည်းကောင်း၊ သံရုံးများရှေ့တွင် ဆန္ဒပြနေကြရုံမျှဖြင့်သော်လည်းကောင်း ပန်းတိုင်သို့ရောက်ရှိလိမ့်မည်ဟု မယုံကြည်ပေ။

ပြီးခဲ့သည့်သမိုင်းကြောင်းများကို ပြန်လည်လေ့လာကြည့်လျှင် စစ်အစိုးရကသာ အမျိုးမျိုး စစ်မျက်နှာဖွင့်တိုက်သည်ကိုတွေ့ခဲ့ရပြီး ကျနော်တို့ဘက်မှသူတို့ခင်းပေးသည့်လမ်းကြောင်းကို နင်းကာလျှောက်လှမ်းနေသလိုဖြစ်နေခဲ့ပြီး ထိရောက်သော တုန့်ပြန်မှုမျိုးဖြင့် တုန့်ပြန်နိုင်ခဲ့ခြင်းမရှိခဲ့။ ကျနော်တို့ဘက်မှ စတင်စိန်ခေါ်တိုက်ပွဲဝင်မှုမှာ မရှိသလောက်နည်းပါးသည်ဟု မြင်ပါသည်။
ရွှေဝါရောင်တော်လှန်ရေးကဲ့သို့အရေးပါသည့်ဖြစ်စဉ်။ ရတောင့်ရခဲအခွင့်အရေးကိုတောင် ကျနော်တို့ အမိအရ မဖမ်းဆုပ်နိုင်ခဲ့တာ အမှန်တရားဖြစ်ပါသည်။ တစ်ကယ်တော့ ခေါင်းတွဲမရှိသောရထားသည် မည်ကဲ့သို့ ခရီးဆက်နိုင်မည်နည်း။ လက်ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် အရေးပါသော ခေါင်းဆောင်အများစု အဖမ်းခံနေရသည်ဟုဆိုလျှင်လည်း ကျန်ရှိနေသည့်ခေါင်းဆောင်များက မည်ကဲ့သို့ထူးခြားသော ခေါင်းဆောင်မှုမျိုးပေးခဲ့သနည်း။ ဆက်လက်ခရီးဆက်နိုင်အောင် မည်သို့စစ်မှန်သောခေါင်းဆောင်မှုကို ပေးခဲ့ကြပါသနည်း။ ကြိုဆိုပါတယ်။ အားရပါတယ် လောက်မျှဖြင့်သာ ပြီးဆုံးခဲ့ပြီး နောက်ဆုံးတွင် ချေမှုန်းခံလိုက်ရသည်။

ယခုလည်း စစ်အစိုးရက ဆန္ဒခံယူပွဲကျင်းပမည်။ ရွေးကောက်ပွဲလုပ်ပေးမည်ဟူသော လက်နက်ဖြင့် စစ်မျက်နှာဖွင့်လာခဲ့သည်ကိုပင် ကျနော်တို့သည် အလိုမရှိဟူသောစကားဖြင့်သာ တုန့်ပြန်နိုင်ခဲ့ပြီး ကျနော်တို့ အလိုရှိသော ပန်းတိုင်ကို မည်ကဲ့သို့သွားရမည်မသိဖြစ်နေခဲ့ရသည်။ ကန့်ကွက်ကြောင်းပြောကြားရုံ၊ လက်မခံကြောင်းကြေညာချက်ထုတ်ပြန်ရုံမျှဖြင့် ခရီးမပေါက်နိုင်ပါ။ ထို့ကြောင့် ဒီမိုကရေစီခေါင်းဆောင်များ အနေဖြင့် ကျနော်တို့နှင့်အတူ စစ်အစိုးရလုပ်မယ့် ဆန္ဒခံယူပွဲနဲ့ရွေးကောက်ပွဲကို အလိုမရှိဟု အော်နေမည့်အစား။ ကန့်ကွက်ကြောင်းကြေညာစာတွေထုတ်ပြန်နေမည့်အစား ကျနော်တို့ရဲ့ရှေ့ကိုထွက်ပြီး အလိုမရှိတဲ့အရာတွေကို ဒီလိုတိုက်ရတယ်။ အလိုရှိတာကို ဒီလိုရအောင်ယူရတယ်ဟူ၍ တိကျတဲ့လမ်းစဉ်၊ ခိုင်မာတဲ့ဦးဆောင်မှုနဲ့ မားမားမတ်မတ်ရှေ့ဆောင်လမ်းပြပေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထိုသို့မဟုတ်လျှင်……… ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည်……………..။


ရေးသားသူ========> ညမင်းသစ်

စံပေတူးပြောသော ပုံပြင်များ (၁)


ပန်းပဲမောင်တင့်တယ်

ရွှေဘိုသားက တစ်ကိုယ်တည်းလူပျိုကြီး။ အပူမရှာချင်တာလိုလို၊ သများကို အပူမပေးချင်တာလိုလိုနဲ့ အမှန်က ပြန်ကြိုက်မယ့်သူမရှိတာနဲ့ တစ်ယောက်တည်းဖြစ်သလိုနေနေရတယ်။ မိုးထက်နေတို့လို့ လည်း ရတဲ့သူ ဖမ်းဆွဲထားတာ မျိုးမလုပ်ချင်ဘူးလို့လည်း တစ်ခါတစ်ခါသူများတွေကို ပြောနေတတ်တယ်။ မာဆိုးကပြောတာကတော့ မိုးထက်နေကလည်း လူအထင်ကြီးအောင်သာ ကောင်မလေးရှိတယ်ပြောတာ။ တစ်ကယ်မဟုတ်ဘူးလို့ပြောတာပဲ။ ထားပါတော့လေ။ ပြောချင် တာကအဲဒါမဟုတ်ဘူး။ ရွှေဘိုသား ကြားခဲ့ရဖူးတဲ့ပုံပြင်လေးတွေအကြောင်းပြောချင်တာ။ ရွှေဘိုသားက လူပျိုကြီးဆိုတော့ အပျိုကြီးလူပျိုကြီးတွေရဲ့ထုံးစံအတိုင်း ကလေးတွေကိုပဲ မုန့်ဖိုး ကလေးပေးလိုက်။ မုန့်လေးဝယ်ကျွေးလိုက်နဲ့ ကလေးချစ်တတ်တဲ့သူလိုလိုဘာလိုပုံဖမ်းပြီး ကလေးတွေရဲ့ အဒေါ်တွေ၊ အစ်မတွေကို သမာဓိပိုးလေး ပိုးနေရတဲ့ဘ၀။

ရွှေဘိုသားက ကုမ္ပဏီဝန်ထမ်း။ တစ်ခါတစ်ခါ စာတိုပေစလေးတွေလည်း ရေးတတ်တယ်။ ရွှေဘိုသားနေတဲ့ ရပ်ကွက်ကလေးကလည်း လက်လုပ်လက်စားတွေများတော့ အဲဒီလိုရပ်ကွက်ကလေးတွေရဲ့ထုံးစံအတိုင်း ကလေးဦးရေက တော်တော်လေးများတယ်။ ဒါပေမယ့်ရွှေဘိုသားနဲ့ ပလဲနံပအသင့်ဆုံးကလေးကတော့ စံပေတူး ပဲ။ သူ့နာမည်အရင်းက တော့ မင်းဘုန်းမြတ်ထက်ခေါင် ဆိုလားဘာလားပဲ။ အတိအကျတော့မမှတ်မိတော့ဘူး။ စံပေတူးလို့တစ်ရပ်ကွက်လုံးက နှုတ်ကျိုးနေတော့ နာမည်အရင်းကတော့ ကာယကံရှင် စံပေတူးကိုယ်တိုင်တောင် သတိရချင်မှရမှာ။ စံပေတူးက ကလေးသာဆိုတယ် လူကြီးတွေစကားဝိုင်းထဲမှာ ၀င်ဝင်နားထောင်တတ်တာရယ်။ ရွှေဘိုသားလက်ဖက်ရည်ဆိုင်သွားရင် လိုက်လာပြီး ရွှေဘိုသားတို့ပြောတဲ့စကားတွေနားထောင်တတ်တာရယ်။ ရပ်ကွက်ထဲမှာလည်း ရွယ်တူတွေကြားမှာ ကလေးဗိုလ်လိုဖြစ်နေတာရယ်။ ပင်ကိုယ်ကလည်း သွက်လက်။ စူးစမ်းချင်တဲ့စိတ်၊ တီထွင်ချင်တဲ့ဓာတ်ခံနဲ့ပေါင်းလိုက်တော့ သူပြောတဲ့စကားလေးတွေက အဆန်းတကြယ်ဖြစ်နေတတ်တယ်။ ကလေးပါးစပ်နဲ့ မဆန့်တဲ့ စကားလုံးကြီးကြီးကျယ်ကျယ် တွေလည်း ထွက်လာတတ်တယ်။ သူနေတဲ့ကျောင်းက ဆရာမကလည်း ပုံပြင်ပြောဝါသနာပါပုံရပါတယ်။ စံပေတူးတို့ကို ပုံပြင်တွေအမြဲလိုလိုပြောလေ့ရှိတယ်။ စံပေတူးက စနေ၊ တနင်္ဂနွေကျောင်းပိတ်ရင် ရွှေဘိုသား ငှားနေတဲ့အိမ်ကလေးကို လာပြီး စပ်စုလေ့ရှိတယ်။ နောက်ပြီး သူ့ဆရာမပြောလိုက်တဲ့ပုံပြင်တွေကိုလည်း သူ့ကိုယ်ပိုင်ဗားရှင်းပြောင်းပြီး ရွှေဘိုသားကို ပြန်ပြောပြလေ့ရှိတယ်။


ရွှေဘိုသားတို့ကြားဖူးနေကြ မြန်မာ့ရိုးရာပုံပြင်တွေ၊ နိုင်ငံတကာပုံပြင်တွေကလည်း စံပေတူးပါးစပ်ထဲရောက်ရင် အသစ်အဆန်းအဖြစ် တစ်မျိုးတစ်ဖုံကြားရလေ့ရှိတော့ ရွှေဘိုသားလည်း စိတ်ဝင်တစားနားထောင်ဖြစ်တယ်။ သူ့ဆရာမ ပြောတုန်းကတော့ အမှန်အကန်တွေဖြစ်မှာပါ။ ဒါပေမယ့် စံပေတူးပြောင်းထားတဲ့ဗားရှင်းကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စား စရာကောင်းနေတော့ ခင်ဗျားတို့ကို ဖောက်သည်ပြန်ချပြချင်တာနဲ့ ဒီစာစုကိုရေးဖို့ဆုံးဖြတ်လိုက်ရတာ။ အဲဒီတော့ ဒီစာစုရဲ့ ပိုင်ရှင်အစစ်အမှန်က စံပေတူးပေါ့ဗျာ။

အဲဒီနေ့က ရွှေဘိုသားလည်းရုံးပိတ်ရက်မို့ ကျန်းမာရေးအနေနဲ့ ငှားထားတဲ့အိမ်ဘေးကွက်လပ်မှာ ၀ိတ်မ လေ့ကျင့်ခန်းလုပ်နေတုန်း စံပေတူးရောက်လာပါတယ်။

’’ဦးလေး အဲဒါဘာလုပ်တာတုန်း‘‘

‘‘အော် ကြွက်သားတွေကြီးလာအောင် လေ့ကျင့်ခန်းလုပ်တာလေကွာ‘‘

‘‘ ဟာ… ဦးလေးအဖမ်းခံရမှာ မကြောက်ဘူးလား။‘‘

‘‘ဟ ငါ့ဟာငါ ၀ိတ်မတာနဲ့ ဘာလို့ဖမ်းရမှာတုန်းကွ။ ၀ိတ်မတဲ့လူတွေဖမ်းတော့မယ်လို့ ရပ်ကွက်ရုံးက လိုက်အော်နေတာ မင်းကြားခဲ့လို့လား စံပေတူးရ။‘‘

‘‘ ရပ်ကွက်ရုံးက ဖမ်းမှာမဟုတ်ဘူး ဦးလေးရ။ ဦးလေးကို သန်းရွှေက ဖမ်းမှာ။ ဦးလေး ဗလတွေကြီးလာရင် သန်းရွှေက ဦးလေးကို ဖမ်းပြီး မီးရှို့မယ်။ ပြီးရင် ဦးလေး ညီမကို သူကယူဦးမှာ‘‘

‘‘ အမလေး စံပေတူးရယ်။ မင်းပြောမှ ငါတောင်ကြောက်လာပြီ။ ရှင်းစမ်းပါဦး ဘာလို့ ငါ့ကိုဖမ်းပြီး ငါ့ညီမကို သူကယူမှာလဲ။ ငါ့မှာ သူယူစရာ ညီမလည်း မရှိပါဘူးကွာ။ နောက်ပြီး သူလည်း အသက်ကြီးပါပြီ။ ဒီအရွယ်ကြီးရောက်မှ သားစိတ်မယားစိတ်ရှိမယ်မထင်တော့ပါဘူး။‘‘

‘‘အဲဒါတော့မသိဘူး။ ဆရာမကတော့ပြောဖူးတယ် ရှေးတုန်းကတဲ့။ ရှေးတုန်းကဆိုတာ အခုခေတ်မဟုတ်တာကို ပြောတာနော်။ ပန်းဆွဲ မောင်တင်းတယ် ဆိုတာကို တော့ အဲဒီခေတ်က သန်းရွှေက ဖမ်းပြီးမီးရှို့ဖူးတယ်တဲ့ဗျ။‘‘

‘‘အာ… မင်းကတော့လုပ်ရော့မယ်။ ပန်းဆွဲ မောင်တင်းတယ် မဟုတ်ပါဘူးကွ။ ပန်းပဲမောင်တင့်တယ်ပါ။ ပြီးတော့ အဲဒီခေတ်က သန်းရွှေလည်းမရှိပါဘူးကွာ။‘‘

‘‘အဲဒါပြောတာပေါ့ အခုခေတ်လူကြီးများခက်တယ်ဆိုတာ ကလေးတွေကပြောတာကိုလည်း နားမထောင်။ သူတို့ကိုယ်တိုင်လည်း သေသေချာချာမသိဘူး။ ဒီမယ် ဦးလေး မသိရင်သေချာနားထောင်။ ပန်းဆွဲမောင်တင်းတယ်မှ ပန်းဆွဲမောင်တင်းတယ်အစစ်။ အခု ကျနော်သူ့အကြောင်းပြောလိုက်ရင် ဦးလေးရှင်းသွားမယ်။ ဒါပေမယ့် ကျနော်ပြောနေတုန်း ဖြတ်မပြောနဲ့။ ဖြတ်မမေးနဲ့။ မရှင်းတာရှိရင်စုထား။ ပြီးမှမေး။ ဟုတ်ပြီလား။‘‘

‘‘ ကောင်းပါပြီမောင်ရယ်။ မင်းဟာက ဘာမှမပြောရသေးဘူး။ ဟိန်းလိုက် ဟောက်လိုက်တာကလည်း လွန်ရော။ မင်းတော့ ကြီးလာရင် ပတ်စပို့ရုံးမှာအလုပ်ရလိမ့်မယ်ထင်တယ်။‘‘

‘‘ဒီလိုဦးလေးရဲ့။ ကျနော်တို့မြန်မာတွေက ဇာတ်လမ်းစစချင်းတုန်းက ရေတကောင်းလုပ်ရောင်းကြသတဲ့။ ဒါပေမယ့် တခြားဇာတ်လမ်းထဲမှာကြတော့ ကျောက်ဒယ်အိုးတွေလုပ်ပြီးရောင်းစားကြတာတဲ့။ ဒါပေမယ့် ဘယ် ဇာတ်လမ်းက အရင်မစပြသလဲဆိုတာကို ဦးလေးတို့ လူကြီးတွေက အလုပ်မရှိအလုပ်ရှာပြီး ငြင်းနေကြတုန်းတဲ့။ သေချာတာကတော့ ဘယ်သူမှ ဇတ်လမ်းအစကို မကြည့်ဘူးဖူးဖြစ်မယ်။ ဒါကြောင့်မို့ ကိုယ်ထင်ရာငြင်းနေကြတာ သေချာတယ်။‘‘

‘‘ ဟေ့ ဟေ့ စံပေတူး။ မြန်မာအစ ကျောက်ဆည်က ဆိုတာနဲ့ မြန်မာအစ တကောင်းက ဆိုတာကို ဘယ်ဟာအမှန်လဲဆိုတာ ပညာရှင်တွေဆွေးနွေးနေကြတာပါကွာ။ မင်းပြောသလို ရေတကောင်းလုပ်တာနဲ့ ကျောက်ဒယ်အိုးလုပ်တာ ငြင်းကြတာမဟုတ်ပါဘူးဟ။‘‘

‘‘တော်ပြီဗျာ။ ဦးလေးမသိဘဲ အဲဒီလို ထင်ရာတွေဝင်ပြောမယ်ဆိုရင် ကျနော်ဆက်မပြောတော့ဘူး။ အခုဟာက ဦးလေးကို ဗဟုသုတလည်းရ၊ နားလည်းလည်အောင် အစကနေပြောပြနေတာ။ စေတနာပျက်အောင်မလုပ်နဲ့။‘‘

‘‘ဟုတ်ပါပြီ စံပေတူးရယ်။ စံပေတူးရဲ့သဘောထားအမှန်ကို နားလည်သဘောပေါက်ပါပြီ။ ဆက်လက် ပြောပြပေးတော်မူပါ။‘‘

‘‘ အဲလိုလိမ်မာစမ်းပါ ဦးလေးရာ။ လူငယ်တွေနဲ့ပေါင်းတာ ဦးလေး ဗဟုသုတ တိုးပါတယ်။ အခုဖြစ်တာက အဲဒီရေတကောင်းလုပ်တဲ့ ဇာတ်လမ်းထဲမှာဖြစ်တာဗျ။ အဲဒီရေတကောင်းလုပ်တဲ့တိုင်းပြည်မှာ ပန်းဆွဲမောင်တင်းတယ် ဆိုတာရှိသတဲ့။ သူက ပန်းဆွဲသရက်ကို အရမ်းကြိုက်လို့ သူ့နာမည်ရှေ့မှာ အဲဒီသရက်သီးနာမည်ထဲ့ထားသတဲ့။ သူက ကာယဗလ အားကြီးလိုက်စားတယ်တဲ့ ဦးလေးရ။ သူက ၀ိတ်မလိုက် သူဗလကြီးကို ကြည့်လိုက်နဲ့အမြဲကျေနပ် နေတတ်တယ်တဲ့။ အထူးသဖြင့် သူ့အိမ်ရှေ့က ဖြတ်သွားတဲ့လူတွေကို အဲဒီဗလကြီးပြပြီး ကျုပ်ဗလက ကြီးတယ်မဟုတ်လား။ တင်းတယ်မဟုတ်လားနဲ့မေးတတ်လို့ သူ့နာမည်ကို မောင်တင်းတယ်လို့ခေါ်တာ။ ဒါကြောင့် ပန်းဆွဲ မောင်တင်းတယ်။ ဦးလေးပြောတဲ့ ပန်းပဲမောင်တင့်တယ်မဟုတ်ဘူး။ ရှင်းပြီးလား။ ဒါနဲ့ ဦးလေးလည်း ဂွေးသီးကြိုက်တယ်မဟုတ်လား။ ဂွေးသီးရွှေဘိုသားလို့ပြောင်းလိုက်ပါလား။ ရပ်ကွက်ထဲကျနော်လိုက်ပြောပေးမယ်လေ။ ဦးလေးနာမည်အသစ်ကို‘‘

‘‘ဟေ့ ဟေ့ ဆရာသမားလေး။ ပုံပြင်ပြောမှာသာပြောပါ။ ကျုပ်နာမည်တော့ မပြောင်းပါရစေနဲ့။ ကျုပ်ဟာကျုပ် ဂွေးသီးမကလို့ ဘာသီးပဲကြိုက်ကြိုက်။ လုပ်ပါ ပြောမှာသာဆက်ပြောပါ။‘‘

‘‘အင်းပါ။ ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်… သိပြီ။ အဲဒီမောင်တင်းတယ်က ဗလဘယ်လောက်ကြီးသလဲဆိုရင် ဆင်ကြီးတစ်ကောင်လုံးကိုတောင် ထမ်းထားနိုင်သတဲ့။ အဲဒီအကြောင်းကို အဲဒီခေတ်က သန်းရွှေကကြားတော့။ သြော် ပြောရဦးမယ်။ အဲဒီခေတ်က သန်းရွှေနဲ့ အခုခေတ် သန်းရွှေမတူဘူးတဲ့ဦးလေးရ။ အဲဒီခေတ်က သန်းရွှေကို လူတွေက ဘုရင်ကြီးလို့ခေါ်တယ်တဲ့။ အခုခေတ်လို အာဏာရူးကြီးလို့မခေါ်ဘူးတဲ့။ ဒါက ဦးလေးသိအောင်ပြောပြတာပါ။ ပုံပြင်နဲ့မဆိုင်ဘူး။ ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်… သိပြီ။ အဲဒီခေတ်က သန်းရွှေက သိတော့ ဟာ ဒီကောင် ဒီလောက် ဗလကြီး ကြီးနေတာတော်ကြာနေ ငါ့ကိုဆန္ဒပြပြီးမေတ္တာပို့နေလိမ့်မယ်။ ဖမ်းပြီးထောင်ထဲထည့်ထားတာ ငါ့အာဏာအတွက် စိတ်ချရတယ်ဆိုပြီး။ ထောက်လှမ်းရေး အဲ… ဟုတ်ဖူး မှားလို့။ စအဖရယ်၊ ကြံ့ဖွတ်ရယ်၊ စွမ်းအားရှင်ရယ်၊ ရပ်ကွက်လူကြီးရယ် ကို သွားဖမ်းခိုင်းသတဲ့။ ဒါပေမယ့် ဘာရမလဲ မောင်တင်းတယ်ကို ပြည်သူလူထုက သတင်းပေးထားတော့ မောင်တင်းတယ် မဲဆောက်ကို အရောက်ပြေးတာပေါ့ဗျာ။ မမိလိုက်ဖူးတဲ့။‘‘

‘‘ဟာ မင်းကတော့လုပ်ပြီ။ တောထဲပြေးရတာပါကွာ။ ဘယ်က မဲဆောက်ပါလာတာတုန်း။‘‘

‘‘ဦးလေးကို ကျနော်ပြောထားတယ်။ ဖြတ်ဖြတ်မပြောပါနဲ့ဆို။ အဲဒါက ထုံးစံဦးလေးရဲ့ ထုံးစံ။ အခုမှမဟုတ်ဘူး။ ဟိုးရှေးရှေးတုန်းကတည်းက အစိုးရလိုက်ဖမ်းရင် မဲဆောက်ကို ပြေးရတယ်။ ဒါမှ မြန်မာပြည်နဲ့လည်း မဝေး။ စစ်တပ်ကလာဖမ်းလို့လည်းမရ။ အဲလိုဖြစ်မှာပေါ့။ ဦးလေးကတော်တော်ပိန်းတာပဲဗျာ။ ကျနော်ဆက်ပြောရမှာလား။ ပြန်ရမှာလား။‘‘

‘‘ဆက်ပြောပါဆရာသမားလေးရယ်။ ကျနော်မျိုး ဖြတ်ပြီးမပြောတော့ပါဘူး။ လူထုဆန္ဒခံယူပွဲလို့ သဘောထားပြီး ခင်ဗျားလေးပြောတာကို ငုတ်တုတ်နားထောင်ပေးပါပါ့မယ်။ ပြီးရင် သာအချက်ပြလိုက်။ လက်ခုပ်တီးပေးမယ်။ ဟုတ်ပြီလား။‘‘

‘‘ ဒီလို လိမ်မာမှပေါ့ဦးလေးရာ။ အဲဒါနဲ့ အဲဒီခေတ်က သန်းရွှေကြီးက အခုခေတ်သန်းရွှေကြီးလုပ်သလို ကျန်ခဲ့တဲ့မိသားစုကို ထောင်ချတာမျိုး လုပ်မယ်ဆိုပြီး သွားကြည့်တော့ မောင်တင်းတယ်ရဲ့ ညီမလေးကို တွေ့သွားတယ်တဲ့။ အဲဒါနဲ့ ဒီလိုအချောအလှလေးကို ထောင်ထဲထည့်ထားမယ့်အစား မိဖုရားလုပ်တာပိုကောင်းတယ်ဆိုပြီး မိဖုရား လုပ်လိုက်သတဲ့။ အဲဒီနေရာမှာ အခုခေတ်သန်းရွှေကြီးထက်သာသွားတယ်နော် ဦးလေး။‘‘

‘‘အဲဒါတော့ ကျနော်မျိုးလည်း မပြောတတ်ဘူး။ သန်းရွှေထက်တော့ ပိုမိုက်တဲ့လူမရှိလောက်ဖူးထင်တာပဲ။ ကဲပါ ဆက်မှာသာဆက်စမ်းပါ။‘‘

‘‘ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်… သိပြီ။ မောင်းတင်းတယ်ရဲ့ညီမကို မိဖုရားသာလုပ်ထားတာ ဘုရင်ကြီးက စိတ်မဖြောင့်ဖူးတဲ့။ ဘယ်အချိန်မောင်တင်းတယ်ပေါ်လာမလဲဆိုတာကိုကြောက်နေတုန်းတဲ့။ သူ့ကိုသတ်ပြီး ဘုရင်လုပ်မှာကို စိုးရိမ်တော့ သူက အဲဒီခေတ်က ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းကို ခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းသတဲ့။ အဲဒါနဲ့ အဲဒီခေတ်က ပြန်ကြားရေးဝန်ကြီးက အဲဒီခေတ်က အယ်ဒီတာမြတ်ခိုင်နဲ့ဇာတ်တိုက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက်တာ ဘယ်ကနေဘယ်လိုဖြစ်ပြီး မောင်တင်းတယ်ကို ၀န်ကြီးရာထူးပေးမယ်လို့ဖြစ်သွားမှန်းမသိဘူးတဲ့။ ရောက်တတ်ရာရာ မေးလိုက် ဖြေလိုက်လုပ်ရင်း မောင်တင်းတယ်ကို ၀န်ကြီးရာထူးပေးမယ်လို့ ပြောရက်သားဖြစ်သွားသတဲ့။ မောင်တင်းတယ်လဲ ၀န်ကြီးရာထူးရမယ်ဆိုတဲ့အသံလည်းကြားရော မဲဆောက်ကနေ ချက်ချင်းပဲ ရေတကောင်းလုပ်တဲ့တိုင်းပြည်ကို ပြန်ပြေးလာသတဲ့။ လမ်းမှာ ခလုတ်တောင် သုံးခါတိုက်သေးတယ်ဆိုပဲ ဦးလေးရဲ့။

ဒါပေမယ့် ဘုရင်ကြီးက စအဖကို ဒီလိုမှာထားတယ်တဲ့။ မောင်တင့်တယ်လာရင် ၀န်ကြီးရာထူးပေးအပ်ပွဲဆိုပြီး အယုံသွင်း။ သစ်ပင်မှာ ကြိုးနဲ့တုပ်ပြီးမီးရှို့သတ်လိုက်တဲ့။ စအဖက လူလည်ပဲဦးလေးရ။ မောင်တင်းတယ်က ဗလကြီးတော့ လူနည်းနည်းနဲ့မရဘူးဆိုပြီး ရပ်ကွက်ထဲက အလုပ်လက်မဲ့ လူမိုက်တွေကို ခေါ်ပြီး တစ်ရက် ၁၀၀၀ စားရိတ်ငြိမ်းနဲ့ဝိုင်းဖမ်းခိုင်းလိုက်တာ။ မောင်တင်းတယ်ကို မိပါလေရော။ မိတာနဲ့ ဘုရင်ကြီးခိုင်းတဲ့အတိုင်း သစ်ပင်မှာကြိုးနဲ့တုပ် ပြီးမီးရှို့သတ်လိုက်တယ်တဲ့။ အဲဒီအကြောင်းကို မောင်တင်းတယ်ညီမ မိဖုရားကြီးလည်းသိရော သူတစ်ယောက်လုံး မိဖုရားကြီးဖြစ်ရက်သားနဲ့ သူ့အကိုသေရတယ်ဆိုပြီး မီးပုံထဲဝင်ခုန်ချလိုက်တာ ဘုရင်ကြီးလှမ်းဆွဲတာ လက်ထဲမှာ ကလစ်ကလေးပဲ ကျန်ခဲ့တယ်ဆိုပဲဦးလေးရဲ့။‘‘


‘‘အဲဒါနဲ့ ပြီးရော….။‘‘


မှတ်ချက်။ ။ ဆရာကြီး ဇ၀နရေးသားခဲ့သော အပါပုံပြောမယ်။ ဆရာသစ္စာနီ၏ မူယာပုံပြောမယ် တို့ကို ကြိုက်နှစ်သက်မိပါသဖြင့်။ စံပေတူးပြောသောပုံပြင်များကို ရေးသားလိုက်ရပါတယ်။ မိတ်ဆွေတို့ရဲ့ဝေဖန်ချက်ကလေးတွေကို ကွန့်မန့်မှာရေးသားထားခဲ့စေလိုပါတယ်။ ဆက်လက်တင်ဆက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

အလွမ်းများ



အချိန်တွေသာ
သောက်လက်စ စီးကရက်ဖြစ်ခဲ့ရင်
ထိုးချေပစ်လိုက်တာ ကြာပြီ။

တောင့်တနေတဲ့
နှလုံးသားတစ်ခုအတွက်
စိတ်ဖြေစရာ လွယ်လွယ်နဲ့ရှာမရဘူး။

အကြည့်နက်နက်တွေနဲ့
တိတ်တခိုးနှုတ်ဆက်သွားပြီးတဲ့နောက်
ခြေရာဖျောက်သွားတဲ့ကမ္ဘာမှာ
ငါ့အတွက်တော့ လွမ်းစရာတွေအပြည့်ပေါ့။

ဘ၀တစ်ခုစာ
ဖြစ်တည်ပေးဆပ်ပြီး
ခိုနားမှေးစက်လိုတဲ့ ရင်ခွင်ကမ္ဘာဟာ
ဒီလိုသာ မကြာခဏ
အဝေးပျောက်ရှသွားမှဖြင့်.......


ရေးသားသူ===> ညမင်းသစ်

ပြည်တွင်း ဘလော့ဂါ ၊ ပြည်ပမီဒီယာ နှင့် လက်ရှိ အခြေအနေ



ကျွန်တော်တို့ အခုတလော ဘာမှ မဖြစ်သလိုသာ နေ နေကြတာပါ။ ဘာဖြစ်နေလဲဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ သဘောထားကိုပြောဖို့ အများကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဖွသလို ဖြစ်မှာစိုးလို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပြောဖို့ လိုမယ်ထင်လို့ ပြောပါရစေ။

ပထမဆုံး ပြောချင်တာကတော့ ပြည်တွင်း ဘလော့ဂါတွေပါ။ ဘလော့ဂါတွေ ဘာကြောင့် ဘလော့ဂ်ရေးကြသလဲဆိုတာ တစ်ယောက်နဲ့ လွတ်လပ်စွာ အမြင် ကွဲလွဲနိုင်ပါတယ်။ ကျွန်တော်ကတော့နိုင်ငံရေးတို့၊ ကျွန်မကတော့ လူမှုရေးတို့၊ ကျုပ်တို့ကနည်းပညာအကြောင်းတို့၊ ငါကတော့ကိုယ်ရေးကိုယ်တာတို့ ကြိုက်သလိုသာပြောပါ။ ပြောလို့ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ်ရေးချင်တာကို ကိုယ်ရေးတာပါ။ ဘယ်သူရဲ့ လွှမ်းမိုးမှု၊ လောင်းရိပ်ကိုမှ မခံချင်လို့ လွတ်လပ်တဲ့ ဘလော့ဂ်ကို ရေးနေကြတာပါ။


ဘလော့ဂ်နဲ့ ပတ်သတ်လို့ကတော့ ဘယ်သူ ဘာပြောပြော ကျွန်တော်လည်း ကျွန်တော်ရေးချင်တာကို ရေးတာပါ။ ပြည်တွင်းဘလော့ဂါတွေမှာ နိုင်ငံရေးရယ်လို့ ပီပီပြင်ပြင် ရေးနေတဲ့သူ ကျွန်တော်လည်း မတွေ့မိပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ အပြင်မှာတော့ ပြောချင်ပြောကြမှာပေါ့။ ဒါကတော့ လဘက်ရည်ဆိုင်ထိုင်ရင်းလည်း ပြောနေကြတာပဲဆိုတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ငါတို့ ဘလော့ဂါတွေကို ဒီလို လုပ်လိုက်ရင် ဒီလို လုပ်ကြမယ်ဆိုတာ ဘယ်သူတွေဆီက ဘယ်လို လာတဲ့ စကားလဲဆိုတာ မေးခွန်း အများကြီး ထုတ်ဖို့ရှိပါတယ်။ အခု ပြည်ပမီဒီယာတွေမှာ ဘလော့ဂါတွေက ပြောသလိုလိုနဲ့ တက်နေတဲ့ သတင်းတွေကို ပြောစရာရှိပါတယ်။ ကိုနေဘုန်းလတ်ကို ဘလော့ဂ်လုပ်လို့ အဖမ်းခံရသလို ပြောနေကြပါတယ်။ ဘာလို့ နိုင်ငံရေးနဲ့ဘလော့ဂ်ကို အတင်းရောထွေးအောင် လုပ်နေရတာလဲ။

ပြည်ပ မီဒီယာတွေကို အမှန်အတိုင်းပြောရရင် ကျွန်တော် အပါအ၀င် လူအတော်များများက မရမက ၀င်ဖတ်ကြပြီး သတင်းတွေ ဖတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် မိုးလုံးပြည့်မုသာဝါဒီဆိုတာကို မနေ့တနေ့က အထိ ဟာသလို သဘောထားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် ဘယ်မီဒီယာကို အပြည့်အ၀ ယုံကြည်ပါသလဲဆိုရင် ဘယ်မီဒီယာကိုမှ မယုံကြည်ပါဘူး။ ယုံကြည်လောက်စရာ၊ စိတ်ချလောက်စရာ မီဒီယာကို ဘယ်မှာမှ မတွေ့နိုင်ပါဘူး။ ကျွန်တော်ဆိုလိုတာက ပြည်တွင်း ပြည်ပ အားလုံးကို ဆိုလိုတာပါ။ ဘယ်သူ ဘယ်ဝါ ပြောစရာ မလိုလောက်အောင်ကို အားလုံးလိုလိုဟာ ၀ါဒမှိုင်းတွေ တိုက်နေကြတာပါ။ လောလောဆယ် သတင်း မီဒီယာနဲ့ မပတ်သတ်ပဲ အရင်တစ်ချိန်တုန်းက ပတ်သတ်ခဲ့ဘူးတဲ့သူတွေက အစ သတင်းတစ်ခုကို သတင်းအတိုင်းမဟုတ်ပဲ ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် ကိုယ့်ကို ထောက်ပံ့သူတွေရဲ့ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကို အထောက်အကူဖြစ်အောင် ရေးနေကြတာ အထင်အရှားပါ။

ကိုနေဘုန်းလတ်ဟာ ဘာအကြောင်းနဲ့ အထိန်းသိမ်းခံထားရတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိသေးခင်မှာ ဘလော့ဂ်ကြောင့်လို့ ဘာကြောင့် စွပ်စွဲနေကြတာလဲ။ ပြည်တွင်းက ဘလော့ဂါတွေကို အနေအစားကျပ်အောင် လုပ်နေကြတာလား။ ပြည်တွင်းဘလော့ဂါတွေ အသစ်အသစ် ထွက်မလာရဲအောင် လုပ်နေကြတာလား။ ရှိပြီးသား ဘလော့ဂါတွေ ဆက်မလုပ်ရဲအောင် လုပ်နေတာလား။ အကြောင်းအရာတွေကို ရောထွေးသွားအောင် မလုပ်ကြပါနဲ့။ ခင်ဗျားတို့လို ဟိုအဝေးကနေ ဘေးတီးနေတဲ့သူတွေကြောင့် ဘာအကြောင်းမှ ထူးပြီး ကောင်းလာစရာမရှိဘူး။ အကျိုးယုတ်ဖို့ပဲ ရှိတယ်။

တစ်ယောက်တစ်ပေါက် ၀ိုင်းပြောလို့ အထဲကလူ ပိုဆိုးသွားရင် ၊ အပြင်ကလူတွေ ထပ်ပြီး ဒုက္ခများသွားရင် ခင်ဗျားတို့ ပယောဂ ကင်းတယ်လို့ မထင်နဲ့။ အဲဒီလောက်မှ မစဉ်းစားတတ်ရင် ဒီအလုပ်တွေကို ဆက်မလုပ်နဲ့။ ကိုယ်လုပ်တဲ့ အလုပ်က တစ်ဘက်သားကို စေတနာနဲ့ ကောင်းစေချင်တာလား။ အပြစ်လွတ်လား။ ကိုယ်နာမည်ကြီးဖို့ပဲလား။ သေချာစဉ်းစား။

လက်ရှိအခြေအနေမှာ ပြည်တွင်းက အချို့ဘလော့ဂါတွေ ဘယ်သူတွေရဲ့ မှိုင်းမိနေသလဲ။

လက်ရှိအခြေအနေမှာ ပြည်ပက အချို့သောမီဒီယာတွေ ဘယ်လမ်းကြောင်းကို မောင်းသွင်းနေသလဲ။

လက်ရှိအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဒါမှမဟုတ် ဘာမလုပ်သင့်ဘူးလဲ။

ပြည်ပမီဒီယာတွေကတော့ အော်နေဦးမှာပဲ။ ဟုတ်တယ်မို့လား။ ခင်ဗျားတို့လည်း ဖတ်ရင်းသေချာ စဉ်းစား။ ခင်ဗျားတို့ ထမင်းတစ်လုပ်စားရဖို့အရေး ဘလော့ဂ်တွေ၊ ဘလော့ဂါတွေကို လာပြီး အသုံးမချနဲ့။ လက်ရှိတွေကလည်း ဘလော့ဂ်ကို အသုံးချ၊ အတိုက်အခံတွေကလည်း ဘလော့ဂ်ကို အသုံးချနဲ့ ဘလော့ဂ်တွေလည်း စစ်မြေပြင်လုံးလုံးဖြစ်နေပြီ။ နောက်ဆုံးတော့ ဘယ်သူမှ အယုံအကြည်ခံရလိမ့်မယ် မထင်နဲ့။ ဘယ်ဘက်ကိုမှ လေးစားစရာ မမြင်တော့ဘူး။

လက်ရှိအချိန်မှာ ဘယ်သူ ကောင်းသလဲ၊ မကောင်းဘူးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ကို ရှင်းပြီးသားပါ။ ဘယ်သူတွေ ဘယ်လောက်ထိ အောက်တန်းကျ မိုက်ရိုင်းတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပြီးသားပါ။ အဲဒါကို ခင်ဗျားတို့ ကျုပ်တို့က ပါးပါးနပ်နပ်မရှိပဲ ကလေးအတွေးတွေနဲ့ လုပ်တဲ့သူကလုပ်၊ ငါတို့အတွက် ခွင်ဝင်ပဟဲ့ဆိုပြီး ဖွတဲ့သူက ဖွ လုပ်နေလို့ကတော့ ခင်ဗျားတို့ ကျုပ်တို့ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာလို့ ထင်တာတွေနဲ့ အဝေးကြီး ဝေးနေဦးမှာပဲ။

ကြိုပြောထားရရင် ကျွန်တော့်ကို ဘယ်သူ့ဘက်က ဘယ်ဝါ့ဘက်က လာမပြောနဲ့။ ဘယ်ဘက်ကမှ မဟုတ်ဘူး။ ကျွန်တော်သည် ကျွန်တော် မှန်တယ်ထင်တဲ့ဘက်ကနေမှာပဲ။ ဘယ်သူ့ လောင်းရိပ်အောက်မှာမှ နေမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကိုမှ အမှန်ဆုံး၊ အကောင်းဆုံးလို့ လက်ခံထားတဲ့သူ မဟုတ်ဘူး။


----------------------------------------------------------------------------------------------------------------------------------------
ကိုမျက်လုံးဘလော့ဂ်မှာ ဖတ်ရှုရတာလေးကို မျှဝေပေးထားခြင်းဖြစ်ပါတယ်။ အားလုံးတွေးဆဆင်ခြင်ကြည့်စေလိုပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ လူငယ်တွေရဲ့အခြေအနေ။ သူတို့ရဲ့ခံစားမှု။ သူတို့ရဲ့ယုံကြည့်ချက်။ သူတို့ရဲ့ ခံယူချက်တွေကို ဒီပို့စ်ကလေးကနေ တဆင့် မြင်တွေ့နိုင်ပါတယ်။ ကြည့်တတ်မယ်ဆိုရင်ပေါ့လေ။ ကိုမျက်လုံးရဲ့ပို့စ်ဟာ ပြည်တွင်းမှာရှိနေတဲ့ လူငယ်အများစုရဲ့ ခံစားချက်တွေကို ကိုယ်စားပြုတယ်လို့ ယူဆတဲ့အတွက် ကူးယူဖော်ပြရခြင်းဖြစ်ပါတယ်။ ကိုမျက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပို့စ်လေးအကြောင်းအီးမေးလ်ပို့လာတဲ့ သူငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်။

ရွှေဘိုသား


တောဆင်ခမည်း


ကျနော်တို့  လူမျိုးတွေမှာ ထုံးစံတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကလေးငယ်တွေကို ကျန်းမာရေးကောင်းအောင် ဆိုပြီး မိဘမဟုတ်တဲ့ အကြီးအကဲတွေကနေ (အဘိုး၊ ဘုန်းတော်ကြီး ) ပြီး အဆောင်သဘော လက်ဖွဲသဘော လက်ဆောင်ပေးတတ်တယ်။ ချည်ဆွဲကြိုးလေး လိုမျိုး၊ တရိစ္ဆာန် (ကျေးလက်တွေမှာတော့ ကြက်ပေါက်ကလေး ပေးလေ့ ရှိတယ်) လေးတွေ မွေးဖို့  ပေးတဲ့ အလေ့ရှိတယ်။ တက်နိုင်တဲ့သူတွေ ကလဲ ရွှေနဲ့ လုပ်ထားတဲ့ ဆွဲကြိုးကလေး၊ လက်စွပ်ကလေး ပေးလေ့ရှိတယ်။ အမှန်တော့ ကလေးငယ်တွေ ကို အသိအမှတ် ပြုလက်ဆောင်ပေးတဲ့ သဘောပါပဲ။ ကျေးလက်ထုံးစံ အတိုင်း ခမည်းပေးတဲ့ နေရာ မှာလဲ ချစ်စရာ အပြိုင်အဆိုင်လုပ်လေ့ရှိပါတယ်။ ကပ်စီးလဲနည်း ကိုယ်ပေးတဲ့ ခမည်းဟာ လည်း တန်ဖိုးကြီးတာဖြစ်စေ့ချင်တဲ့ လူတွေကို အကြောင်းပြုပြီး မဖြစ်နိုင်တဲ့ ကြီးကြီးမားမား ကတိတွေ ပေးတတ်သူတွေ ကို တောဆင်ခမည်း ပေးတယ်လို့ ပြောလေ့ ရှိတယ်။ ဆိုလိုတာက တောထဲက ဆင်ရိုင်းကို ခမည်းအနေနဲ့ ပေးလိုက်တယ်။ လိုချင်ရင်တော့ ကိုယ့်ဟာကို ဖမ်းယူပေါ့ ။

ခုလည်း စစ်အုပ်စုက ရုပ်တည်ကြီးနဲ့ ကြေငြာချက်တစ်ခုထုတ်လိုက်ပြန်ပါပြီ။ အဓိက ကတော့ လာမဲ့ မေလမှာ ဖွဲစည်းပုံခြေခံ ဥပဒေအပေါ် လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတဲ့ အကြောင်းနဲ့ ၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောင်ပွဲကျင်းပပြီး အာဏာစွန့် မယ် ဆိုတဲ့ အချက်နှစ်ခုပါပဲ။ ဆိုင်းမဆင့်၊ ဗုံမဆင့် ဘာကြောင့် ဒီလိုကြေငြာချက်တွေ ထုတ်ပြန်သလဲ ဆိုတာကိုချည်းကပ်ကြည့်တဲ့ အခါ အံ့သြဖွယ်ရာ ကောက်ကျစ်မှုတွေ ကိုတွေ့ ရမှာဖြစ်ပါတယ်။

နိုင်ငံတကာ ဖိအားလျော့ကျရေး

စစ်အုပ်စုဟာ နိုင်ငံတကာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်၊ လက်နက်ကိုင် ဝင်ရောက်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ နိုင်ငံတကားအပေါ် ဝါဒဖြန့် တိုက်ခိုက်နေ ပေမဲ့ လက်တွေမှာ နိုင်ငံတကာရဲ့ ရပ်တည်မဲ့ ပုံစံကို အတိအကျ သဘောပေါက်ထားပြီးဖြစ် ပါတယ်။ စီးပွာရေး ကျဆင်းမှုအခြေအနေအရ နိုင်ငံတကာ အနေနဲ့ စစ်ရေးအရ အရေးယူဖို့  လက်ရှိအနေအထားမှာ လုံးဝ မဖြစ်နိုင် ကြောင်း သဘောပေါက်ထားပါတယ်။ စီပွားရေးပိတ်စို့  ခြင်း ၊ ပြည်ဝင်ခွင့် မပြုခြင်း စတဲ့ ဖိအားမျိုးသာ လုပ်ကိုင်ဖို့ ရှိတယ် ဆိုတာကို သိထားပါတယ်။ နိုင်ငံတကာရဲ့ ရပ်တည်ချက်ကလဲ အာဏာလွဲပြောင်းရေးကိုသာ ဇောင်းပေးတိုက်တွန်းနေတာ ဖြစ်ပြီး ၊ တဖက်ကကြည့်ရင် ဖွဲစည်းပုံရဲ့ အရေအသွေး ၊ တရားမျှတခြင်း ရှိမရှိ စတဲ့ အချက်တွေ ကို စိတ်ဝင်စာမှု မရှိဘူးလို့ ပြောလို့ ရပါတယ်။ နိုင်ငံတကာရဲ့ နောက်ထပ်တောင်း ဆို ချက်တစ်ခုက အချိန်အတိအကျ သတ်မှတ်ပြီးလုပ်ဆောင်ရေး ပဲဖြစ်ပါတယ်။ ဒါကြောင့် RM ကို အချိန်အနား သတ်ပေးလိုက် တာဖြစ်ပါတယ်။

ဒါဟာဂမ်ဘာရီ ကို ဗီဇာချမပေးတဲ့ အကြောင်းတစ်ရပ်လဲ ဖြစ်ပါတယ်။ ကျနော့ တွက်ချက်မှု မလွဲရင် ဂမ်ဘာရီ ကို ၅ လပိုင်းကျော်သည် အထိအကြောင်းပြချက် အမျိုးမျိုးနဲ့  လှည့်ပတ်အချိန် ဆွဲနေဦးမှာ ဖြစ်ပါတယ်။ ဂမ်ဘာရီ ကို ပြည်ဝင်ခံတဲ့ အချိန်ဟာ ၂၀၀၇ ခုနှစ် စစ်တင်ဘာမှာ ဖမ်းစည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို နိုင်ငံရေးပုဒ်မ မဟုတ်တဲ့ တခြား ပေါက်ကရ ပုဒ်မတွေ နဲ့  စီရင်ချက်ချပြီးချိန်၊ ဖွဲစည်းပုံ ကိုပြည်သူလူထုက လက်ခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို လူထုက လက်ခံကြောင်း ပြနိုင်တဲ့ အချိန်ရောက်မှ ဂမ်ဘာရီကို ပြည်ဝင်ခွင့် ပေးမယ်လို့  ထင်ပါတယ်။

သင်ပုန်းချေရေး
စစ်အုပ်စု အနေနဲ့ နှစ်ပေါင်း ၂၀ ကျော် တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ စနစ်ကို တကယ်ကူပြောင်းတဲ့ အခါမှာ စစ်အုပ်စုအထက်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ ဒီအမှုတွေကို တရားဆိုင် ရဖို့ ရှိပါတယ်။ ဒီကိစ္စတွေ ကိုရှောင်တိမ်းဖို့ ရာက လက်သိပ်ထို အာဏာလွဲပြောင်း ရေး နည်းလမ်းတစ်ခုထဲသား ရှိတဲ့ အတွက်ကြောင့် RM ကို ကသုတ်ကရက် အကောင် အထည် ဖော်ဖို့  ကြိုးစား တာဖြစ်ပါတယ်။ ဒါမှသာ စစ်အုပ်စု အနေနဲ့  လွတ်တော်ရဲ့  ၂၅% ကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် ၁၉၉၀ ရွေးကောင်ပွဲ ရလာဒ်ကို တရားဝင် ကြေငြာခြင်း မရှိပဲ ကလိန်ကကျစ် ဖျက်သိမ်းလိုတဲ့ ဆန္ဒကိုလဲ တွေ့ ရပါတယ်။ မေလ ဆန္ဒခံယူပွဲ နဲ့  RM ကို ရှေ့  ဆက်ဖို့  အတည်ပြုလိုက်တာနဲ့  တပြိုင်ထဲ ဒေါ်အောင်ဆန်းစုကြည် နဲ့  တွေ့  ဆုံးဆွေးနွေးရေး ဆိုတဲ့ ဇာတ်မျောကိုလဲ အလိုလို ပြည်ဖုံးကား ချပြီးသား ဖြစ်ပါ လိမ့်မယ်။

၁၉၇၄ ၊ ၁၉၉၀ နောက် ၂၀၁၀
၁၉၇၄ တော်လှန်ရေးကောင်စီကနေ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အသွင်နဲ့ မဲ တစ်ပုံး ထဲသား ရှိတဲ့ ရွေးကောက်ပွဲကို ရုပ်တည်ကြီးနဲ့ ကျင်းပခဲ့ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်း ကနေ ပါတီခေါင်းဆောင်ကြီး ဦးနေဝင်း ထံအာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ မျက်လှည့်ပြပွဲကို ကျနော်တို့  ၂၆ နှစ်တိတိကြည့်ခဲ့ရ ပြီးဖြစ်တယ်။ ဗိုလ်စောမောင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာလဲ ၁၉၉၀ မှာ မဆလ ကနေ အသွင်ပြောင်းယူ ထားတဲ့ တစည ပါတီအားကိုးနဲ့  ၁၉၉၀မှာ နောက်တစ်ကြိမ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါ တယ်။ ဒါပေမဲ့ လက်တွေ့ မှာ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်သွားတဲ့ အတွက် မျက်နှာပြောင်တိုက်ပြီး လွတ်တော်ခေါ်ယူရေးကို ရူးချင်ဟန်ဆောင်ခဲ့ပြန်ပါတယ်။ အဲဒီမျက်လှည့်ပွဲ ဟာလဲ နှစ်ပေါင်း ၂၀ နီးပါကြာခဲ့ပါတယ်။ အခုတခါ ရွေးကောက်ပွဲကို ၂၀၁၀ မှာ ကျင်းပပေးမယ် ဆိုတဲ့ ကတိကို ချပြလိုက်ပြန်ပါပြီ။

ဗိုလ်နေဝင်း လိုလဲ ဗိုလ်ဦး မျက်လှည့်ပြ လို့  မရ။ ၁၉၉၀ ရွေးကောက်ပွဲလိုလဲ ပါတီတစ်ခုကို အားကိုးလို့ မရ ဆိုတာသဘောပေါက်တဲ့ စစ်အုပ်စုဟာ ဒီတစ်ခါမှာတော့ ကြံ့ ဖွတ် ကိုပွဲထုတ် မယ်လို့ ထင်ပါတယ်။ တစ်လျှောက်လုံး NGO ပါလို့ ရုပ်ပြထားတဲ့ ၄င်းတို့ ရဲ့ လက်ကိုင်တုတ် အဖွဲ အစည်းကို နိုင်ငံရေးအဖွဲ့ အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားပါလိမ့်ဦးမယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့ အကြုံအရ အခြားအတိုက်အခံ အဖွဲ အစည်းတွေ ကို လွတ်လပ်စွာ စည်းရုံးခွင့် ၊ မဲဆွယ်ခွင့်ပေးမယ်မထင်ပါဘူး။ တကယ်ရွေး ကောက်ပွဲ ကျင်းပဖို့  အချိန်ကပ်လာခါမှ နာမည်ကောင်းယူပြီး အထိန်းသိမ်းခံများကို ပြန်လွတ် ပေးပါလိမ့်မယ်။ တကယ်လို့  ဒီလိုကောက်ကျစ်မှု အမျိုးမျိုးကို ကျော်လွှားပြီး အတိုက်အခံတွေ အာဏာရခဲ့တယ် ဆိုရင်လဲ စစ်အုပ်စုဟာ ၄င်းတို့ လမ်းကြောင်းကို ၁၉၉၀ ကနေ ပြန်စပါလိမ့် ဦးမယ်။ နောက်တချက်က ၁၉၉၀ တုန်းက စစ်အုပ်စုဟာ ၄င်းတို့ ရဲ့ ဒေါက်တိုင်တွေကို ဒီနေ့  အချိန်လောက်ထိ မမွေးမြူနိုင်သေးပါဘူး။ အခုအချိန်မှာတော့ စစ်အုပ်စုမှာ ဒေါက်တိုင် တော်တော် များများရှိနေယုံသာ မက စစ်အုပ်စု ပိုင် လွတ်တော်နေရာ ၂၅% နှုန်းနဲ့  ပေါင်းဖို့  ကြံဖွတ် အတွက်နေရာ ၃၀% နှုန်းလောက်ကို ယုတ်မာမှုအမျိုးမျိုးသုံး ပြီးဖန်တီး နိုင်ဖို့ ၁၉၉၀ ကလောက် မခဲရင်းတော့ပါဘူး ။ ဒါဟာ လူထုရွေးချယ်တင်မြောက်မှု အမည်ခံထားတဲ့ စစ်အုပ်စုလက်အောက်မှာ ဆက် နေရဦးမယ် ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ပါတယ်။ စစ်အုပ်စုဟာ မျက်လှည့်ပွဲ အတွက် ဗုံကလေး နဲ့  လင်ကွင်းလေး တီးကာ တီးကာ အချက်ပေးနေပြီဆိုတာ အားလုံး သတိရှိဖို့ လိုပါတယ်။

ဆန္ဒလုယူပွဲ
စစ်အုပ်စုဟာ ဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ တရားဝင်ကြေငြာချက်ထုတ်ခဲ့ပါတယ်။ ပြည်သူလူ ထုအနေ နဲ့  ဆန္ဒခံယူပွဲ မှာ ဖွဲ့ စည်းပုံအခြေခံကို အတည်ပြုရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့  အတည်ပြုမှုကို ရရှိပြီးမှသာ ရွေးကောက်ပွဲကို ဆက်လက်ကျင်းပဖို့ စီစဉ်ရမှာဖြစ်ပါတယ်။ အခုနောက် ထပ်ကြေငြာချက်တစ်ဆောင် အရ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်ပမှာ ဖြစ်တဲ့ အကြောင်းကြေငြာလိုက်တဲ့ အတွက် ပြည်သူလူထုဟာ ဖွဲစည်းပုံအခြေခံဥပဒေကို သဘောတူ ကိုတူရမှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ ဆန္ဒခံယူပွဲ ဆိုတာထက် ဆန္ဒလု ယူပွဲသာဖြစ်ပါတယ်။ အချို့ အတိုက်အခံတွေက ဆန္ဒခံယူပွဲ အဖြေကိုစောင့်ကြည့်ဖို့ လိုတဲ့ ဆိုတဲ့ သဘောထားရှိတာကို ကြားရပါတယ်။ အမှန်တော့ ၂၀၁၀ မှာရွေးကောက်ပွဲကျင်းပပေး မယ်ဆို တဲ့ ကြေငြာချက်မှာ မေလ ဆန္ဒခံယူပွဲရဲ့  အဖြေဟာ တစ်ခါထဲ ပါပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့  အနေနဲ့  ဆန္ဒခံယူပွဲ တစ်ခုအနေနဲ့  မမြင်ပဲ ဆန္ဒလုယူပွဲ တစ်ခု အနေနဲ့  အမြင်ရှင်းနေဖို့  လိုပါတယ်။ အခုအချိန်မှာ အတိုက်အခံနိုင်ငံရေး သမားတွေ နဲ့  ပြည်သူ တစ်ရပ်လုံးဟာ စစ်အုပ်စုရဲ့  သွေးရူးသွေးတန်း ထိုးတင်လာတဲ့ RM ကို ပြတ်ပြတ်သားသား ငြင်းဆန်ဖို့  လိုပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့ အားလုံး နောက်တစ်ခါ လိမ်လည် တာ ကို လက်ပိုက်ကြည့်နေရဦးမှာဖြစ်တယ်။

အားစမ်းပွဲ

စစ်အုပ်စုဟာ မေလဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုကန့် သတ်ပြီး တိုက်ပွဲခေါ်ယူလိုက်တာ လဲဖြစ်တယ်။ ပြည်သူဟာ မေလမတိုင်ခင် RMကို ပြတ်သားတဲ့ ငြင်းဆန်မှုတွေ လုပ်မလာနိုင် ဘူး ဆိုပြီးတော့လဲတွက်ချက်တယ်။ ဘာကြောင့်မေ လကို ရွေးချယ်လဲလို့ တွက်ချက်ကြည့် တဲ့ အခါ မေလဟာ သင်္ကြန်ပြီးကာစ အချိန်ဖြစ်တယ်။ လူငယ်အများစုဟာ သင်္ကြန်ကို စမြုံပြန်ရင် ၊ သင်္ကြန်လက်ပမ်းကြမှုတွေကို ကုစားရင်း၊ သင်္ကြန်ပြဿနာတွေ ကိုဖြေရှင်းရင်း ပုံမှန်ဖြတ်သန်း နေကြဖြစ်တယ်။ နောက်တစ်ခုက မြန်မာပြည်ရဲ့ နေရာတိုင်းမှာ အပူလွန်နေတဲ့ အချိန်အခါ ဖြစ်တယ်။ သဘာဝ အခြေအနေကိုက လူထုတိုက်ပွဲကို တားမြစ်ထားတဲ့ ပုံစံမျိုးရှိနေတယ်။ ရွေးကောက်ပွဲတကယ်လုပ်တာ မလုပ်တာထက်၊ တရားမျှတမှု ရှိတာမရှိတာထက် ဖွဲစည်းပုံကို လူထုက သဘောတူထားတယ် ၊ ရွေးကောက်ပွဲလုပ်မယ် ဆိုတဲ့ ကတိတရားဝင်ပေးထားတယ် ဆိုရင် နိုင်ငံတကာ အနေနဲ့  အခုလောက်ဖိအားပေးမယ် မဟုတ်ဘူးလို့ လဲ တွက်ချက်မှုတွေ ရှိ နိုင်တယ်။ လူထုသဘောတူညီမှု ရထားပါတယ် ဆိုတဲ့ RM ကိုနိုင်ငံတကာ အစိုးရတွေ အနေနဲ့  ဝင်ရောက်စွက်ဖက်ဖို့  အခက်အခဲ ရှိနိုင်တယ်။

မှတ်ကျောက်
စစ်အုပ်စု ဟာ ကတိပေးဖို့ ဆုံးဖြတ်ချက် ချတာနဲ့ အတူ ၄င်းကတိကို ဖောက်ဖျက်ဖို့ ပြင်ဆင် ထား တယ်ဆိုတာကို နှစ် ၂၀ အတွေ့ အကြုံအရအားလုံးသိရှိထားပြီးဖြစ်တယ်။ စစ်အုပ်စု အနေ နဲ့  ၄င်းတို့ ရဲ့  ကတိစကား ကိုလေးနက်စေဖို့  အတိုက်အခံ နိုင်ငံရေးသမားအားလုံး ကို ချွင်းချက်မရှိ လွတ်ပေးဖို့ လိုပါတယ်။ အတိုက်အခံ တွေရဲ့ RM ပေါ်သဘောထားကို ပြည်သူလူထု ထံလွတ်လွတ်လပ်လပ်တင်ပြခွင့်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ၂၀၀၈ မေလ ကနေ ၂၀၁၀ အထိ နှစ်နှစ်တာ ကာလကို ပါတီအသီးသီးရဲ့ စည်းရုံးရေးကာလ အဖြစ်အသုံးချခွင့် ပေးဖို့ လဲ လိုပါတယ်။ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ စစ်အုပ်စုရဲ့  သဘောထားနဲ့  ဘာကြောင့် ရွေးကောက်ပွဲ အသစ်ကျင်းပရတယ် ဆိုတဲ့ အကြောင်း ပြည်သူလူထု နဲ့  နိုင်ငံတကာကို ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်။ စစ်အုပ်စုရဲ့ လူထုဆန္ဒ ခံယူပွဲ နဲ့  ရွေးကောက်ပွဲ ကို အထက်ပါစံတွေ နဲ့  အကြိုမှတ်ကျောက်တင်ကြည့်ဖို့ လိုပါလိမ့် မယ်။ ဒီမှတ်ကျောက်တွေ မှ အတင်မခံနိုင်ဘူးဆိုရင်တော့ RM ကို တညီတညွတ်ထဲ ဆန့်  ကျင်ဖို့  နှိုးဆော်လိုက်ရပါ တယ်။

စစ်အုပ်စုကတော့ အာဏာလက်မလွတ်ရေး မျှော်လင့်ချက်တွေ ၊ တွက်ချက်မှုတွေ အပြည့်အသိပ်နဲ့  တောဆင်တစ်ကောင် ခမည်းပေးလိုက်ပြန်ပါပြီ။ ဆင်တစ်ကောင်ပိုင် ရတော့မယ် ဆိုတဲ့ ကလေးငယ် တစ်ယောက်ရဲ့  ရိုးသားတဲ့ မျှော်လင့်မှုမျိုး နဲ့ ကျေနပ် ကြမလား။ ဒါမှမဟုတ်လိမ်လည် ယုတ်မာမှု တစ်ခုအဖြစ် အမှန်တိုင်းမြင်ပြီး စစ်အုပ်စုရဲ့  စိန်ခေါ်သံကို လက်ခံ တုံ့ ပြန်ကြမလားဆိုတဲ့ အမေးကို ကျနော်တို့  အားလုံး ချက်ချင်း အဖြေပေးဖို့  လိုနေပါပြီ။

မိုးထက်နေ

နေဘုန်းလတ်သို့ ….



ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။
လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။




ရမ္ဘို ကို ရမ္ဘိုလို နေပါစေ



ခေတ်ပေါ်ရောဂါလို့ ပြောရမလား ။ ကျနော်တို့  ဆရာတော်တော်များများ ရမ်ဘို ဓါတ်ရှင် ကား အကြောင်း ရေးကြတယ်။ ကျနော် ကတော့ အစ ကတည်းက ရေးဖို့ အစီအစဉ်လဲ မရှိဘူး၊ သဘောထား ပေးဖို့ လဲ စိတ်မပါဘူး။ ရမ်ဘို ဓါတ်ရှင်ကနေ ကျနော်တို့  မြန်မာနိုင်ငံ အတွက် ဘာရနိုင်မလဲ ဆိုတာပါတော့ မဝံ့မရဲ တွေကြည့်မိတာတော့ ရှိတာပေါ့လေ။ ခုတော့ အခြေအနေ တစ်ခု အရ ကျနော် မရေးလို့ တရားဝင် သဘောထားမပေးလို့  မရတော့လို့  ကျနော်လဲ ခေတ်ထဲ ခုန်ချလိုက်ပါတယ်။

ကျနော် သိသလောက်တော့ ဂျိမ်းစဘွန်းဓါတ်ရှင်တွေ၊ ရမ်ဘိုဓါတ်ရှင် တွေ ဆိုတာကလဲ မင်းသားခံရ၊ ပြန်ချ၊ ဇတ်သိမ်းတော့ လူဆိုးတွေ အကုန်သေ ဆိုတဲ့ ပက်တန်(pattern) တွေ ပဲ ဇာတ်ကွက်ဇာတ်ကြောင်း နဲ့ နေရာသာပြောင်း သွားတာရှိတာကို။ ဒါပေမဲ့ စတုတ္ထမြောက် ရမ်ဘိုဇာတ်လမ်းတွဲ ကတော့ ကျနော်နေတဲ့ နိုင်ငံအကြောင်းပါတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြူးပြဲကြည့်လိုက် မိပါတယ်။ သိတ်တော့လဲ မထူးပါဘူး။ ရမ်ဘို့ ပါစပ်က “လေးစားပါတယ်” ဆိုတဲ့ မြန်မာသံထွက်တာက လွဲလို့  ပေါ့လေ။

အဲဒီနောက်ဆက်တွဲ ပြဿနာတွေ က ရမ်ဘိုကို ချီးကျူးကျ၊ ရှုံချကျ ဆိုတဲ့ အကွဲအလွဲအသံ တွေ တသီကြီထွက်လာတာ ကို တွေ့ ရတယ်။ ဒါကလဲ လူတိုင်း ကိုယ်ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တဲ့ ခွင့်အရရေးကြတာဖြစ်တယ်။ ကျနော်တော်တော်လဲ အံ့သြတယ်။ ဘာလို ့ ရမ္ဘိုကိုရမ္ဘိုလို မမြင်နိုင်ပါလိမ့် ဆိုတဲ့ အတွေးမျိုးလဲတွေးမိတယ်။

တချို့ က လူတွေက ရမ်ဘိုကြောင့် ဗမာစစ်တပ်ရဲ့ ဆိုးဝါးရက်စက်မှု ကို ကမ္ဘာက သိမယ်။ အနည်းဆုံးတော့ ပြည်ပရောက် မြန်မာတွေရဲ့ စိတ်ထဲ ကိုယ့်တိုင်းပြည်ရဲ့ ဆိုးဝါးမှု တွေ ကို ရမ်ဘိုက သယ်ဆောင်လာပေးမယ်လို့  မျှော်လင့်တယ်။ ရေးတယ်။တချို့  က ရမ်ဘိုဟာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုတွေ တသီကြီးနဲ့  မြန်မာနိုင်ငံရဲ့  ပုံရိပ်ကို ပိုကျစေတယ် ဆိုတာ မျိုးတွေးတယ် ရေးတယ်။အဲဒီ ထဲမှာ နိုင်ငံရေးပညာရှင်တွေ၊ အနုပညာသမားတွေ ပါတယ်။

ရမ်ဘိုဓါတ်ရှင်တွေ ဟာ အပျော်ကြည့် သက်သက်လို့  ကျနော်က မြင်နေတော့ နှစ်ဘက်လုံး ကို ကျနော့ အနေနဲ့ အကျွင်းမဲ့ မထောက်ခံနိုင်ဘူး။ ရမ်ဘိုဓါတ်ရှင် အပေါ်မှာ ကျနော်မျှော်လင့် တာ စင်ကာပူ OBP အဖွဲ့ ရဲ့ လုပ်ရှားမှုမျိုး ကလွဲလို့ ဘာမှ မမျော်လင့်ပါဘူး။ ရမ်ဘိုဓါတ်ရှင် အကြောင်းပြပြီး လူအင်အားပြတဲ့ လှုပ်ရှားမှုမျိုးပေါ့။ ပြည်တွင်းမှာ ဆိုလဲ နိုင်ငံရေးလုပ်သူတွေ ရဲ့  မင်္ဂလာဆောင်တွေ ၊ အလှုတွေမှာ ပဲ ဒီလို ရှာကြံပြီး အင်အာပြနေရတာ နှစ်ပေါင်းမှ မနည်းတော့ ပဲ။

ဒီထက်ပို ပြီးကျနော် အနေ နဲ့ တော့ ဘာမှလဲ မမျှော်လင့်ဘူး ဖြစ်လာလိမ့်မယ်လို့ လဲ မယုံ ကြည်ဘူး။ ရမ်ဘို ကြောင့် မြန်မာပြည်အကြောင်း ကမ္ဘာက သိမယ်လို့ မြော်လင့်ရအောင် လဲ ရမ်ဘိုဓါတ်ရှင် ဟာ ဘယ်တော့ မှ သမိုင်းကြောင်းနဲ့ တခမ်းတနား ရိုက်တာမျိုး မဟုတ်ဘူး။ သူ့ ရန်သူ ဖြစ်မဲ့ လူတွေ ရဲ့ ရက်စက်မှုသက်သက်ကို ပဲ ရိုက်ပြတာမျိုးဖြစ်တယ်။ ဒါမှ မင်းသားဂုဏ် တက်မှာ ကို။ နောက် တစ်ခုက တကယ်စိတ်ဝင်စား တဲ့ ကမ္ဘာလူထု အနေနဲ့  မြန်မာစစ်တပ် ရဲ့ စိုးဝါးမှု အကြောင်းကို ရမ်ဘိုဓါတ်ရှင် ကြည့်မှ မဟုတ်ပါဘူး စက်တင်ဘာ ကာလ မှာတုန်းက BBC,CNN စတဲ့ ကမ္ဘာ့ သတင်း ဋ္ဌာနကြီးတွေ က သတင်းတွေကို နားထောင်ရုံနဲ့  သိမှာပါ။ ကျနော် အလုပ်လုပ်နေတဲ့ နိုင်ငံမှာ လဲ ရမ်ဘိုရုံတင်နေတာပဲ။ ကျနော့ ရုံးကလူတွေ စက်တင်ဘာ တုန်းက မေးတဲ့ မေးခွန်းမျိုး ရမ်ဘိုဓါတ်ရှင်ကို အကြောင်းပြုပြီး ခုထိအမေး မခံရသေးဘူး။ သူတို့  အနေနဲ့  ရမ်ဘိုဓါတ်ရှင် ဆိုတာ အပျော်ကြည့်သက်သက် ကို။ ဂျိမ်းစဘွန်း တို့ ရမ်ဘိုတို့ ဆိုတာ စမြုံ့ ပြန် ရလောက်အောင် တန်းမှ မရှိပဲ။

ရမ်ဘိုကို မထောက်ခံလို့ တော့ ပြဿနာတွေ မတက်ကြပါနဲ့ ။ တံဆိပ်တွေ မကပ်ကြပါနဲ့ ။ ကျနော်တို့  တော်လှန်ရေးကြီးနဲ့  ရမ်ဘိုနဲ့  လဲဘာလိုမှ မပတ်သက်ပါဘူး။ ရမ်ဘိုဓါတ်ရှင်ရဲ့  ဗမာပြည်ဆိုတဲ့ နေရာမှာ တခြားတိုင်းပြည်တစ်ခုခု ဖြစ်ခဲ့ရင် လဲ ကျနော်က တော့ ဒီတိုင်းပဲရှိ လိမ့်မယ်။

ရမ်ဘိုအပေါ်မှာ တကယ် အသုံးချသွားနိုင်တာ၊ အမှန်အတိုင်း ချဉ်းကပ်သွားနိုင်တာ ကျနော် ခုထိသိသလောက် တော့ စင်ကာပူက လူစုပဲ ရှိသေးတယ်လို့  မြင်ပါတယ်။ စုပေါင်းရုပ်ရှင် ကြည့် တဲ့ အလုပ်ကို လုပ်ဖြစ်အောင် ဦးဆောင်သွားတဲ့ OBP နဲ့  စင်ကာပူ က ရဲဘော်တွေ ကို ဒီနေရာက အလေးပြုလိုက်ပါတယ်။

ရမ်ဘိုကို တောက်ခံသူ မထောက်ခံသူတွေ ကြားက ပြဿနာဆိုတာလဲ အဓိက အကြောင်း အရင်း ကတော့ ရမ္ဘုိကို ရမ္ဘိုထက္ပို ပြီးမျှော်လင့်တဲ့ ပြဿနာက စတာပါ။ ဦးရမ်ဘိုကြီး ကြောင့် ကမ္ဘာက မြန်မာကို ပို သိမယ်လို့  ကျနော်တော့ မယုံကြည်သလို၊ ဒီဓါတ်ရှင်ကို ကြည့် ပြီး ကျနော်တို့  တိုင်းပြည်ကို မကောင်းလဲ မြင်မှာ မဟုတ်ပါဘူး။ ဘာလို့ လဲ ဆိုတော့ သူတို့  ဟာ ရမ္ဘိုကို ရမ္ဘိုလို ပဲ ၾကည့္မွာ ဖြစ်တဲ့ အတွက်ဖြစ်ပါတယ်။ က်ေနာ္တို ့အားလံုးလဲ ရမ္ဘို ကို ရမ္ဘို လိုပဲ ပေးနေလိုက် ရအောင်။

မိုးထက်နေ


ကိုမျိုးမြန်မာ သို့  ပြန်ကြားခြင်း

ကျနော့ ဆောင်းပါးနဲ့ ပတ်သတ်ပြီး ကိုမျိုးမြန်မာ မေးတဲ့ မေးခွန်းတချို့ ကို ကျနော် တာဝန်ယူ ပြန်ကြားသင့်တယ် လို့ ထင်တဲ့မေးခွန်း တွေ ကို ဖြေလိုက်ပါတယ်။ ကျနော် အနေနဲ့ ဒီမိုကရေစီ သမားအားလုံးကို ကိုယ်စားပြုပြော နိုင်တဲ့ အနေအထား မရှိဘူး ဆိုတာတော့ ကြိုပြော ထားချင်ပါတယ်။ ကျနော့ ကိုယ်ပိုင် မမြင်နဲ့  ယုံကြည့်ချက်ကိုတော အပြည့်အဝအာမခံ ဖြေကြားပါ့မယ်။

၁) ဒီမိုကရေစီသမားများသည် အနောက်နိုင်ငံများမှ မလှုပ်ရှားခြင်းကို ငြူစူကာ အမှန်တကယ်တွင် သင့်ဆောင်းပါးတွင် ဆိုခဲ့သကဲ့သို့ ရမ်ဘိုကြီးတွေမိုးပေါ်ကကျလာကာ မြန်မာနိုင်ငံအား ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့ကို မျှော်ခဲ့ပါသလား။

ကျနော် ဟာ အနောက်နိုင်ငံတွေရဲ့  မလှုပ်ရှားခြင်းအပေါ် မည်သို့ မျှမငြူစူပါ။ ရမ္ဘိုႀကီးလဲ မလိုခ်င္ပါ။ လက်နက်ကိုင် သိမ်ပိုက်မှုမျိုးသာ မက လက်နက်မဲ့ စီးပွားရေး အရ အတွေးခေါ် အရ ထိန်းချုပ်လွမ်းမိုးမှုကို လဲ မခံနိုင်ပါ။ ဒါတင်မက လက်ရှိတရုတ်၊ အိန္ဒိယ၊ အာစီယံ နိုင်ငံများ ရဲ့  ကျနော် တို့  တိုင်းပြည်အပေါ် သဘောထားကို လဲ လက်မခံနိုင်ပါ။ တကယ်လို့  အမေရိကန် နဲ့  နိုင်ငံတကာ တပ်တွေစစ်အုပ်စု ကို မောင်းချပေးဖို့  အိရတ်ကို ဝင်သလိုဝင်လာ မယ် (ဖြစ်လာမယ်လို့  လုံးဝ မယုံကြည်ပါ၊ လုံးဝ မမျော်လင့်ပါ) ဆိုရင်လဲ မောင်းထုတ်ပေးတဲ့ အတွက်ကျေးဇူးတင်မယ်။ နှောင်ကြိုးတွေ ပါလာမယ် ။ မိတ်ဆွေအဆင့်ထက် ကျော်လာပြီး လက်ရှိ တရုတ်လို ၊ အာစီယံလို အပေါက်မျိုး ဖြစ်လာပြီး ဆိုရင်တော့ အဲဒီအုပ်စုတွေ ကို ကျနော် တော့ တိုက်မယ်။ ကျနော် တိုက်လို့ ရတဲ့နေရာက တိုက်မယ်။ ဒါဟာ ကျနော်နဲ့  ထိတွေ ဖူး တဲ့ တော်လှန်ရေး သမား (နိုင်ငံရေး သမား မဟုတ်ပါ) အများစုရဲ့  အမြင်ဖြစ် တယ်။ ပြည်ပအားကိုး ဘာဖြစ်တို့ ၊ အနောက်မျှော် တို့ ဆိုတာ စစ်အုပ်စု ရဲ့ ၎င်းတို့ နဲ့  တရုတ် ဆက်ဆံရေး၊ ရုရှားဆက်ဆံရေး၊ အိန္ဒိယဆက်ဆံရေး နဲ့  အာစီယံဆက်ဆံရေး စတဲ့ ဖြစ်စဉ်းတွေ ပေါ်ကနေ မြင်ပြီး ဆွဲယူထားတဲ့ ကောက်ချက်လို့ ပဲ ကျနော်တော့ မြင်တယ်။ စစ်အုပ်စု ရဲ့ ငါတို့ တောင် အားကိုးရှာ တာ သူတို့ လဲ အားကိုးရှာ မှာပဲဆိုတဲ့ တန်းညှိ ကောက်ချက် ဖြစ်တယ်။


၂) ပြည်သူအနေဖြင့် ကိုယ်အလောင်း စင်ကို ပြင်ကာတိုက်ပွဲဝင်သင့်ပြီဟု သင်ယူဆသည်။ အဘယ်ကြောင့်ပါနည်း။ အချိန်ဆွဲကာ Road Map ကိုအသက်သွင်းရန် ကြိုးပမ်းနေသည့် နအဖအား မိမိအသက်စွန့် အချိန်မီတားဆီးရမည်အထိ အရေးကြီးသည်ဟုဆိုရန်၊ ပြည်သူအား အဆိုးဆုံးထိ ပြင်ဆင်ကြတော့ဟုဆိုရန်အထိပင် လိုအပ်လောက်အောင် ဖြစ်နေသည့် ဦးတည်ချက်သည် အဘယ်အရာပါနည်း။


ကျနော့ ရေးတဲ့ ထဲမှာပါပြီးပါပြီ။ စစ်အုပ်စုရဲ့ စက်တင်ဘာလူထုလှုပ်ရှားမှု အပေါ်ကိုင်တွယ် သွားတဲ့ ပုံစုံကို ကြည့်ရင် ပြည်သူနဲ့  အစိုးရကြားက ပြဿနာလို ကိုင်တွယ်တာ မဟုတ်ပဲနဲ့  ရန်သူနဲ့  စစ်တပ်ဆိုတဲ့ သဘောထားအပေါ်မှာ စစ်ရေးအရ ကိုင်တွယ်သွား တာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော် အလောင်းပြင်ဖို့  တိုက်တွန်းတာ ဖြစ်ပါတယ်။ ချောချောမွေ့ မွေ့  အသွင်ကူးပြောင်းဖို့  ကျနော်တို့  အနှစ် ၂၀ လောက်စောင့်ခဲ့တာပဲ။် RM နဲ့  ပတ်သက်လို့  အသိအမှတ်ပြုစေချင်တယ်။ အလေးထားစေ့ချင်တယ် ဆိုရင် ဦးဝင်းတင် က အစ မနေ့  တစ်နေ့ ကမှ ဖမ်းသွားတဲ့ ကိုသီဟန် နဲ့ ကိုထိန်ဝင်း ( ဒီချုပ်တာဝန်ခံ) အထိ အရင် လွတ်ပေးလိုက်ဖို့ လိုပါလိမ့်မယ်။ နောက်ဆုံး အပြင်မှာ မထားနိုင်ဘူး ဆိုရင်တောင် ညောင်နှစ်ပင်မှာ အတိုက်အခံတွေ အားလုံးကို အကျယ်ချုပ်ထားရင်း အလုပ်ဖြစ်မဲ့ အချက်တစ်ခုခုလုပ်ခိုင်း ဖို့ ကောင်းပါတယ်။ အဆိုးဆုံးထိ ပြင်ဆင်ဖို့  ကိစ္စကတော့ ကျနော့ စကား မဟုတ်တဲ့ အတွက် ကျနော် ဖြေဖို့ မဖြစ်နိုင်လို့  မဖြေတော့ပါဘူး။

ဒီမိုကရေစီဆိုလျှင် နအဖသည် Road Map ဖြင့် ဒီမိုကရေစီသို့သွားမည်ဟု ဆိုထားပြီးဖြစ်၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် မရှင်းလင်းသည်မှာ သင်တို့တားဆီးချင်သည်မှာ
- ထိုRoad Map ဖြင့် ပေါ်ပေါက်လာမည့် ဒီမိုကရေစီလော၊ သို့မဟုတ်

ဒီအချက်နဲ့ ပတ်သက်ရင် RM ကြောင့် ဒီမိုကရေစီ ပေါ်ပေါက်လာမယ်ဆိုတဲ့ အချက် အပေါ်မှာ ကို သဘောတရား အရရော လက်တွေ့ အရရော မယုံကြည်ပါ။ လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝ သော နိုင်ငံတော်ပေါ်ပေါက်ဖို့  ဖိနှိပ်ချုပ်ချယ် မှုတွေနဲ့  သွားနေတယ်လို့  မြင်ပါတယ်။

- မရောက်အောင် နအဖမှ အချိန်ဆွဲသွားနေမည်ကို စိုးရိမ်သည်လော၊ သို့မဟုတ်

အချိန်ဆွဲမဆွဲ ဆိုတာကတော့ ကျနော်ဖြေဖို့ လိုမယ်မထင်တော့ပါဘူး။

- ဒေါ်စုကြည်ပါကိုပါရမည့် ဒီမိုကရေစီလော

ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ကို ဝိုင်းရန်နေခြင်း ဟာ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့ ဒီမိုကရေစီ ဆိုတဲ့ အဓိပ္ပါယ် မရောက်ဘူးထင်တယ်။ ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စု ကို လက်တွဲတိုက် ပွဲ ဝင်နေကြချင်းပဲဖြစ်ပါတယ်။ နအဖ ဆန့် ကျင်တဲ့ နေရာမှာ သက်တန်း အရင့် ဆုံး BCP ကနေ သက်တန်းအနုဆုံး ဖြစ်တဲ့ GW အဖွဲ့ တွေ အထိ အားလုံး လက်တွဲ သွားမှာ ဖြစ်တယ်။ နောင်တစ်ချိန် ဒီမိုကရေစီ ရလို့  ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD အဖွဲ ဟာ ပြည်သူပေါ်မှာ၊ နိုင်ငံပေါ်မှာ မကောင်းသော အမှားအယွင်း များ ကျူးလွန်လာခဲ့ရင်လဲ ကျနော် အပါအဝင် ပြည်သူတစ်ရပ်လုံး က ခုလို ပဲ ဆန္ဒပြဆန့် ကျင် ကြဦးမှာပဲ ဖြစ်ပါတယ်။ လောလောဆယ် တော့ NLD ကောင်းတာ မကောင်းတာ ကျနော့ အနေနဲ့  မပြောနိုင်ပါဘူး။ ကျနော် အသေအချာပြော နိုင်တာ စစ်အုပ်စု မကောင်းဘူး ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဲလို ဆန္ဒပြ ဆရာ အဖြစ်မျိုး နဲ့  ကြုံလာခဲ့ရင်လဲ လူကြားသူကြား မှာ ဖုန်းတော်ကြီးတွေ ကို တုတ်နဲ့  ရိုက်မယ် မဟုတ်ဘူး ၊ ဘုန်းကြီးကျောင်းတွေ ကို လူဆိုးစခန်းလို ဝင်စီးမှာ မဟုတ်ဘူး။ လူတွေ ကိုလဲ နိုင်ငံရေးလုပ်တာ၊ စာရေးတာလောက်နဲ့  နှစ်ရှည်ထောင်ချမှာ မဟုတ်ဘူးလို့ တော့ ယုံတယ်။ ဒီမိုကရေစီ လို ချင်သူတိုင်းဟာ နိုင်ငံရေးသမားတွေ ချည်းပဲ။ အဖွဲ့ အစည်းစွဲ နဲ့  လုပ်နေတာပဲ ဆိုတာ စစ်အုပ်စု ရဲ့  ဝါဒဖြန့် ချီမှု သက်သက်ဖြစ်ပါတယ်။ အများစု က တော်လှန်ရေး စိတ်နဲ့ လုပ်နေကြတာဖြစ်ပါတယ်။

- တပ်မတော်၏ 25 % ကြောင့်လော

ဟုတ်ပါတယ် လို့ ရှင်းရှင်းဖြေရပါလိမ့်မယ်။ တိုင်းပြည်ပေါ် တကယ်စေတနာထားရင် အရပ်သား အစိုးရအောက် မှာ တိုင်းပြည်ကာကွယ်ရေး ကို ပဲ စောက်ချလုပ်ပေါ့။ လွတ်တော် ဆိုတာ ပြည်သူတွေ အတွက်ပါ။ ဘယ်ယူနီဖောင်းဝတ်နဲ့ မှ (လေလာသူအနေနဲ့  လည်းကောင်း လွတ်တော်က လို အပ်လို့  ဆင့်ခေါ်တဲ့ အခါမျိုး မှာလည်းကောင်း ) မဆိုင်ပါဘူး။ စစ်ဝတ်စုံ ဝတ် လွတ်တော် အမတ် လက်မခံနိုင်ပါဘူး။ တပ်မတော်ကသာ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုတဲ့ ခံညံ့ညံ့ကောက် ချက်ကိုလဲ လက်မခံနိုင်ပါဘူး။ တဖက်ကလဲ စစ်အုပ်စုလက်ထက်မှာသာ အရပ်သား အစိုးရဖြစ်လာ နိုင်ဖို့ ကို အကြောက်ကန် ငြင်းဆန်နေတာပါ။ ဒီမိုကရေစီ ခေတ် ရောက်ရင်တော့ တပ်မတော် ဆိုတာ တိုင်းပြည်ရဲ့  အဆောင်အယောင် တစ်ခု ၊ အင်အားတစ်ခု အနေနဲ့  ဆက်လက်တည်ရှိနေဦးမှာပါ။ ဗိုလ်သန်းရွှေပါသော တပ်မတော်၊ ဗိုလ်ရွှေမန်း ပါသောတပ်မတော် ကို ဆိုလိုတယ် ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့လေ။

- ထို Road Map ဖြင့် ဒီမိုကရေစီရခဲ့ပါလျှင် အမှန်တကယ်ထိခိုက်မည်မှာ နိုင်ငံလော၊ အဖွဲ့အစည်းတစ်ခုလော။

RM ဖြင့် ဖြင့် ဒီမိုကရေစီရခဲ့ပါလျှင် အမှန်တကယ်ထိခိုက်မည်မှာ နိုင်ငံလော၊ အဖွဲ့အစည်းတစ်ခုလော ဆိုတဲ့ အမေးကို ဖြေပါမယ်။ ကျနော်တို့  အနာဂတ်တစ်ခုလုံး ထိခိုက်ပါ လိမ့်မယ်။ တပ်မတော် က တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ်လုပ်၊ အစိုးရအဖွဲ့  ကပြည်သူတွေ အတွက်အလုပ်လုပ်တဲ့ နိုင်ငံတော်ကိုပဲလို ချင်ပါတယ်။

ယခုသင်၏တိုက်တွန်းချက်သည် သာမညမဟုတ်ချေ။ ပြည်သူသည် ထိုဆိုသောအရာ အတွက်အသက်စွန့်ရမည်ဖြစ်သည်။ အဆိုပါ ထိုဆိုသော အရာသည် အဘယ်အရာဖြစ်သနည်း။ ရှင်းလင်းစွာသိရန်လိုအပ်ပါသည်။

နိုင်ငံတကာ ကလဲ စီးပွားရေး ပိတ်ဆို့ တာထက်၊ပြင်းထန်စွာ ရှုံချတယ်ဆိုတာထက် ဘာမှ ပိုလုပ်ပေးမယ် မဟုတ်ဘူး၊ စစ်အုပ်စုကလဲ အာဏာလွဲ ပြောင်းဖို့ ကို အကြောက်ကန်ငြင်းဆန်၊ ဒီလို အခြေအနေကြား မှာ ပြည်သူက တဖြည်းဖြည်း မွဲသထက်မွဲ ၊ အောက်တန်းကျသည် ထက်ကျ လာတဲ့ အခြေအနေ ကို ကျော်ဖြတ် ဖို့  ဒီလမ်းတစ်ခု ကျနော်တွေး နိုင်တဲ့ အတွက်ပါ။ ထိုအရာ ဆိုတာကတော့ ကျနော်တို့  ချိုးဖောက်ခံထား ရတဲ့ အခွင့်အရေး တွေ အတွက်ပါ။ အုပ်ချုပ်သူ ဆိုသူရဲ့  မျက်နှာကို လက်ညိုးနဲ့ တဲ့တဲ့ ထိုးပြီး “ခင်ဗျား တလွဲတွေလုပ် မနေနဲ့ ” လို့ ပြောနိုင်ဖို့  အတွက်ပါ။

တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆိုလျှင်မူ ကျွန်တော်တို့ အဓိကတိုက်ထုတ်ရမည်မှာ စီးပွားရေးပိတ်ဆို့မှုပင်ဖြစ်ပါသည်။

စီပွားရေးပိတ်ဆို့ မှု ဆိုတာ ကို တိုက်ထုတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်တဲ့ သူတွေဆိုတာ ပိုက်ဆံလိုချင်လို့ လုပ်တယ်ဆိုတဲ့ အချက်ကို တော့ မေ့ထားလို့ မရပါဘူး။ ကျနော်တို့  ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေရဲ့  စီးဆင်းမှု ချောမွေ့  နေတယ် ဆိုရင် ဘယ်သူတားတား လုပ်တဲ့လူက လုပ်မှာပဲ။ သူတို့ နိုင်ငံတွေ မှာကလဲ အစိုးရအမိန့် နဲ့ တားထားတာကို ချိုးဖောက်လို့  နှစ်ရှည်ထောင်ချလို့ မှ မရပဲ။ မတော် ဒဏ်ငွေရိုက်ရုံပေါ့။ အဲဒီ ဒဏ်ငွေဆိုတာလဲ ကျနော်တို့ တိုင်းပြည်ကို လာလုပ်လို့  ရတဲ့ အမြတ်အစွန်း နဲ့ ဖာထေးနိုင်ရင် ဘယ်သူမဆိုလာလုပ်ကြမှာပါပဲ။ လက်ရှိလဲ စည်းပွားရေး အရ တွက်ချေကိုက်နေတဲ့ အနောက်ကုမ္မဏီတွေ ရှိနေတုန်းပါပဲ။ ပြင်ပစီးပွား ရေးပိတ်စို့ မှု ကို မတိုက်ခင် ပြည်တွင်း စီးပွားရေး ကန့် သတ်ချက်တွေကို အရင် တိုက်ထုတ်ဖို့ အရးကြီးမယ်လို့  ထင်ပါတယ်။ ဥပမာ။ ။ ဆန် ကို နယ်ကူးသယ်လို့ မရတာမျိုး၊ ကားပါမစ်တွေကို ထိန်းချုပ်ထား တာမျိုးတွေပါ။ စစ်အုပ်စု အနေနဲ့  ကြိုးနီစနစ်နဲ့  လိုရာဆွဲ စီးပွားရေး ဥပဒေတွေ ကို သာ ရပ်နိုင်ရင် အစိုးရတွေ အနေနဲ့  ကျနော်တို့ နိုင်ငံအပေါ် စီးပွားရေး ဘယ်လောက်ပိတ်ဆို့  ပိတ်ဆို့  လုပ်ငန်းရှင်ဆိုတဲ့ လူတွေကတော့ ဝင်လာမဆဲ တသဲသဲနေပါလိမ့်မယ်။

လုံလောက်ကျေနပ်နိုင်မယ် လို့ ထင်ပါတယ်။ နောက်အခါတွေတော့ ဒီလိုထပ်ဖြေ နိုင်မယ် မထင်တော့ ဘူး။ မေးစရာရှိရင်တော့ မေးထားပါ။ အားတဲ့အခါ ကိုမျိုးမြန်မာ သိချင်တာတွေ ကို ခြုံငုံနိုင်မဲ့ ဆောင်းပါး ရေး ဖို့ ကြိုးစားပေးပါ့မယ်။

မိုးထက်နေ