ရာဇသံ


စစ်အုပ်စု ဟာ ၄င်းတို့ အာဏာတည်မြဲရေး အတွက် ကလွဲလို့  တခြားဘယ်သူမျက်နှာမှာ မကြည့်ဘူး ဆိုတာ ကျနော်တို့  သဘောပေါက်ဖို့  အချိန်တန်ပြီလို့ ထင်ပါတယ်။ကျောင်းသား တွေ၊ ပြည်သူတွေ ရဲ့ သွေးတွေ၊ အသက်တွေ ကို သူတို့  အာဏာရ န္တယားရဲ့ ချောဆီအဖြစ် သုံးခဲ့တယ်။ ကျနော်တို့  မိဘတွေ ရဲ့ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ က ကျနော်တို့ ရင်ဘတ် တွေ အထိ မရပ်သေးဘူး။

ကျောင်းသားသမဂ္ဂ အဆောက်အဦးက ပေါက်ကွဲ သံနဲ့  အရိုင်းခေတ်ကို စတင်ခဲ့တယ်။ ကိုကိုးကျွန်းပေါ်က လူမသိသူမသိ ယုတ်မာမှုတွေ ရှိတယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် မှာ ကျတဲ့ သွေးတွေ ဟာ ကျနော်တို့  မိဘတွေ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

မြေနီကုန်းမှာ လူမမယ်ကလေးတွေ သတ်ခဲ့တယ်။ အင်းယာကန်စောင်းဟာ ကျောင်းသူ ကျောင်းသား တွေရဲ့ အလောင်းနဲ့  ပိုမြင့်ခဲ့တယ်။ ကျောင်းပညာတပိုင်းတစ နဲ့ ကျောင်း သားတွေ ဟာ ငှက်ဖျားနဲ့  နပန်းလုံးရင်း အနာဂတ်သွေးဆုံး ခဲ့ရတယ်။သူတို့ ဟာ သာသနာ့ ဝန်ထမ်းတွေ ရဲ့ သွေးနဲ့ ခြေဆေးတယ်။ ဒါဟာ ကျနော်တို့  မျိုးဆက်ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

ကျနော်တို့  မပါးနပ်ခဲကြဘူး။ တော်လှန်ရေး တော်လှန်ရေး နဲ့  ပါးစပ်ကအော်ရင်း စစ်အုပ်စု ကြိုးဆွဲရာ မျောပါနေတာ ကြာခဲ့ပြီ။ စစ်အုပ်စုကို မောင်းထုတ်ဖို့  သတ်ကွင်းတွေပြင်ဆင်ရင်းနဲ့  ကျနော်တို့ ကိုကျနော် တို့ တိုက်ပွဲအပြင်ကို မောင်းထုတ်ခဲ့ပေါင်းများ ပြီ။ လူထုတိုက်ပွဲ တွေ အကြိမ်ကြိမ် နွဲခဲ့တယ်။ သူပုန်အကြိမ်ကြိမ်ထခဲ့တယ်။ စေ့စပ်ရေး စားပွဲတွေမှာ အကြိမ်ကြိမ် ထိုင်ခဲ့ ဘူးတယ်။ ကျနော်တို့  အသနားခံခဲ့ဘူးတယ်။ ကျနော်တို့  ကြမ်းတမ်းခဲ့ဘူးတယ်။ကျနော်တို့  ယဉ်ကျေးခဲ့ဘူးတယ်။ ကျနော်တော့ ဘယ်လို ကချိုးပြောင်းပြောင်း စစ်အုပ်စုက တော့ စစ်ရေးအနေနဲ့ မြင်ခဲ့တယ်။ စစ်ပွဲမှာ ရန်သူကို ခြေမှုန်းသလို ပဲ ကိစ္စတုန်းလုပ်ခဲ့တယ်။ စစ်အုပ်စု က ရန်ငါ ပြတ်တယ် ဆိုရမယ်။

စစ်အုပ်စု ဟာ အာဏာတည်မြဲရေးတစ်ခုထဲကို စွဲကိုင်ပြီး ဆန့် ကျင်ဘက်မှန်သမျှ ချေမှုန်တယ်။ ကျနော်တို့ တွေ က တဖက်က စစ်အုပ်စုကို တိုက်ရင်း ကားအကောင်းစား စီးနိုင်ဖို့ ၊ နိုင်ငံကောင်းကောင်း မှာ အခြေချဖို့ ၊ စတဲ့ ပုဂ္ဂိုလ်ရေး ရောထွေးမှုတွေ နဲ့  တိုက်ခိုက်တယ်။ ဒါဟာ တော်လှန်ရေး သက်ကို ကြာစေတဲ့၊ စစ်အုပ်စု သက်စိုးရှည်စေတဲ့ အရင်းခံအချက်လို့  မြင်တယ်။

ကျနော်တို့ လူမျိုးတွေ မင်းလောင်းမျှော်တတ်တဲ့ ဓလေ့ဟာ ဘယ်ကစတယ် မသိဘူး။ ဒါပေမဲ့ သီပေါမင်း ပါတော်မူတဲ့ နောက်ပိုင်း စကြ်ာမင်းလေး ကိုမျှော်တယ်။ ကယ်တင်ရှင်မျှော် တယ်။ တန်ခိုး ရှင်မျှော်တယ်။ ကျနော်တို့ ခေတ်မလဲ UN, EU, US တို့ ဟာ ခေတ်သစ်စကြ်ာမင်းလေး တွေဖြစ်တယ်။ အမှန်တော့ ကျနော်တို့  နိုင်ငံရဲ့  အနာဂတ်ကို သူတို့ ဘယ်လိုမှ မဖန်တီးပေး မယ် မဟုတ်ဘူး။ ကျနော်တို့  သွေးတွေကို အင်္ဂတေလုပ် ၊ အလောင်းတွေကို အုတ်ရိုးလိုစီပြီး ကိုယ်တိုင် ပဲတည်ဆောက် ရမှာဖြစ်တယ်။ ကျနော် တစ်နေရာက လတ်လတ်ဆတ်ဆတ် ဖတ်ခဲ့ တဲ့ စာသားလေး တစ်ခုကိုး ကားလိုပါတယ်။ “နိုင်ငံရေး. စီးပွားရေး.. လှုမှုရေး....အမြတ်ထုတ်စရာ.. လားလားမှမရှိတဲ့တိုင်းပြည်သေးသေးလေး..ငါတို့ ဂရုမစိုက်သေးဘူး..” လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒါဟာ ကျနော်တို့ တိုင်းပြည်အပေါ် နိုင်ငံတကာရဲ့  အတွင်းပိုင်းကြတဲ့ အမြင်ဖြစ်တယ်။ ဘန်ကီမွန်း၊ဂျော့ဘုရှ်၊ ဘရောင်း နဲ့  ဂမ်းဘာရီတို့  လူမြင်ကွင်း မှာ စိတ်ဆိုးပြ၊ စိတ်မကောင်းပြ တာတွေကို ကြည့်ပြီး မျှော်ကြည့်နေဖို့ မလိုဘူး။ ထိုက်သင့်တဲ့ ငွေကြေးအကူ အညီပေးနေတဲ့ အတွက်လဲ တနေ့ တော့ ရမ်ဘိုကြီး တွေမိုးပေါ် က ကျလာလိမ့်မယ်လို့ လဲထင်နေဖို့ မလိုဘူး။ မသာအိမ်ကို လာတဲ့သူတိုင်း လူမှုရေးအရ ဝမ်းနည်းတဲ့ မျက်နှာကို ဝတ်ဆင်ထားကြမှာ ဖြစ်တယ်။ ပြီးတော့ သူတို့ စီးပွား မထိခိုက်နိုင်တဲ့ ကူငွေလောက်တော့ ထည့်ဝင်ကြမှာဖြစ်တယ်။ မသာလေးချပြ ပြီးဖဲဝိုင်းထောင် အကောက်စား နေတဲ့ လူနည်းစု အတွက် အထွာတစ်ခု အဆင်ပြေရုံပဲဖြစ်နေမယ်။

စာရွက်တွေ၊ ကုလားထိုင်တွေ ပေါ်မှာလုပ်တဲ့ ညီညွတ်ရေး တွေနဲ့ ၊ လေ့လာရေး ဆရာ့ဆရာ တွေ ရဲ့  သွေးမဲ့သောကူပြောင်းရေး လမ်းကြောင်းတို့ ၊ အာဏာရှင် စနစ် တစစ ယိုယွင်းလာ ခြင်း တို့  ဆိုတာတွေ နဲ့  စားကြသောက်ကြ ငြင်းကြခုံကြနဲ့  အဝေးက တိုက်ပွဲကွင်း ကို ရပ်ကြည့်နေခဲ့ ကြတာလဲကြာပြီ။ ကာလအကြာကြီးတုန်း က လူထု အသင့်မဖြစ်သေးဘူး၊ တော်လှန်ရေး အသင့်မဖြစ်သေး ဘူးဆိုတဲ့ (တကယ်လဲ ဟုတ်ခဲ့တယ်) အပြောတွေနဲ့  နေခဲ့ကြတယ်။ တကယ်လူထု လမ်းပေါ်ထွက်လာတော့ လဲ ပါးစပ်အဟောင်းသား နဲ့  ကယောင်ကတမ်းငြေကြာချက်တွေ ထုတ်ရုံကလွဲ လို့  ကျနော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ ပြောနေကြတဲ့ တော်လှန်ရေး ရင့်မှဲ့ နေတယ် ဆိုတဲ့ အနေအထားကို ရောက်နေပြီး။ ခူးဖို့ အချိန်ရောက်နေပြီ။ ရင့်မှဲ့ နေတာကို ပါးစပ်လေးဟပြီး ဆက်ကြည့်နေရင်တော့ ပုတ်သိုးပြီး အရည်ပျော်သွားဖို့ ပဲ ကျန်တော့တယ်။

“မတရား တဲ့ အမိန့် ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဒေါ်အောင်ဆန်းစုကြည် ပြည်သူကို ပြောသွားတဲ့ စကားစုလေး။ အတိုက်အခံတွေ ရဲ့ ပါးစပ်မှာ၊ စာမျက်နှာတွေ ပေါ်မှာ အင်မတန် ရေပန်းစားတယ်။ ပြည်သူတွေလဲ သိတယ်။ သဘောပေါက်အောင် လုပ်မပေးနိုင်ဘူး။ အဲဒီစကား ကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ပြောမပြပေးနိုင်ခဲ့ဘူး။ လမ်းပေါ်မတက် ပဲ၊ ကြွေးကြော်သံတွေ မပါပဲ လုပ်လို့ ရတဲ့ အာဏာဖီဆန်ရေး နည်းတွေ ကို ပြမပေးနိုင်ခဲ့ဘူး။ ပြည်သူတွေ လေ့လောကြစည်းပူးကြ တိုက်ပွဲဝင်ကြလို့ အော်နေလို့ မရဘူး။ ထမင်းစားပြီးတာ နဲ့  ဒီနေ့ တော့ ထမင်းမငတ်ဖူးတော်သေးတယ် ဆိုတဲ့ အတွေးနဲ့ သက်ပြင်းချရ၊ ညဘက် အိပ်ယာဝင် ချိန်မှာလဲ မနက်ဖြန် စားဝတ်နေရေး အတွက်ပူပန်ရ ဖြစ်နေတဲ့ လူတွေက ဘယ်လို စာအုပ်စာတမ်းတွေ လေ့လာချိန်ရပါ့မလဲ။ ကျနော်တို့ ရေးနေကြတဲ့ အင်တာနက်စာမျက် နှာဆို တာတော့ ဘုရားသ္ခင် လောက် နီးနီး သူတို့ ဘဝနဲ့ အဝေးကြီးမှာ။

ကျနော်နားလည်သလောက်တော့ တော်လှန်ရေးရင့်မှဲ့ တယ် ဆိုတာဟာ အာဏာရှင်ရဲ့  သရုပ်မှန်ကို ပြည်သူလူထု အများစုက သိသွားတဲ့ အချိန်ဖြစ်တယ်။ အံတုဖို့ ကြိုးစားလာ တဲ့ အချိန်ဖြစ်တယ်။ အခုအချိန်မှာ ပြည်သူတွေ လို ချင်တာ အာဏာရှင် မကောင်းကြောင်း မဟုတ်ဘူး။ အာဏာရှင် ရဲ့  အကျင့်ပျက် ချစားမှု အကြောင်းမဟုတ်ဘူး။ ဒီအကြောင်းတွေ ကို အတွင်းထဲမှာ နေတဲ့ ပြည်သူတွေ က ကျနော်တို့ အားလုံးထက် ပိုပြောနိုင်တယ်။ ခုချိန်မှာ ပြည်သူတွေလို ချင်နေ တာ အာဏာရှင်စနစ် ကို ဘယ်လိုသုတ်သင်မလဲ ဆိုတဲ့ နည်းလမ်းပဲ။ အဲလိုပြတဲ့ အခါမှာလဲ ခေတ်မှီရုံးခန်းကြီးတွေ ထဲက စားပွဲကြီးတွေပေါ်ထိုင်ရင်း စာတမ်းတွေ လှိမ့်ရေးနေလို့ မရဘူး။ “ဒီလို ဆန့် ကျင်ရတယ် ကွ” ဆိုပြီးပြည်သူ နဲ့ တသားထဲမားမားရပ်ပြဖို့ လိုတယ်။

ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ဖို့ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ဆိုတာလိုတယ်။ တော်လှန်ရေးဟာလဲ အဲဒီ အကြောင်းတရား လေးပါးထဲက မလွတ်မြောက်နိုင်ဘူး။ အချိန်ကာလ ကတော့ ဒီထက်ပို အချိန်ကိုက်ဖြစ်ဖို့ မရှိဘူး။ စစ်အုပ်စု ကို ဖြုတ်ချဖို့ အတွက်ကတော့ စစ်အုပ်စု ရှင်သန်နေတဲ့ အရပ်မှာ တော်လှန်ရေး ရှိဖို့ လိုတယ်။ သံရုံတွေနား လှည့်ပတ်အော်လို့  နအဖ ပြုတ်မကျဘူး။ တခြားသော အကြိုးစီးပွားတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နိုင်ငံတကာကို ကျနော်တို့  တော်လှန်ရေးလုပ်နေကြပါတယ် ဆိုတာမျိုးပေါ့။ အကြောင်းတရားအနေနဲ့ ကလဲ ကုန်းဈေးနှုန်း တက်တာ၊ သံဃာတွေ အသတ်ခံရတာ၊ ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းစီး နှိပ်စက်ခံရတာ၊ အမျိုးကောင်း သမီးတွေ မုဒိန်းကျင့်ခံရတာ၊ ရွာတွေမီးရှို့ ခံရတာ၊ စတဲ့ အကြောင်းတွေ ဆက်ရေးရရင် စာအုပ်ထူတစ်အုပ်ဖြစ်သွား နိုင်တယ်။ ဓနံ လိုခေါ်တဲ့ ငွေးကြေး ဆိုတာကတော့ လူထုချစ်ရင် ထမင်းမငတ်ဘူး။ လူထုအနေနဲ့ ဒေါ်လာသိန်းချီအကုန် အကျခံ ပြီး ကားတွေ၊ ရုံးခန်းတွေ ၊ နေစရာ အဆောင်အယောင်တွေ ငှားမပေးနိုင်ဘူးပေါ့။

ညီညွတ်ရေး ၊ ရန်ပုံငွေ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် စတဲ့ တောဆင်ခမည်း လို အကြောင်း ပြချက်တွေ နဲ့ တော်လှန်ရေးသက်ရှည်နေကြဦးမှာလား။ ကျွန်တို့ ခေါင်းကို ရိုက်ခွဲနေတဲ့လက်ကို အကြမ်းဖက်သမား သမုတ်ခံရမှာကြောက်တဲ့ စိတ်တစ်ခုထဲ နဲ့  မခုခံကြတော့ဘူးလား။ ခေါင်းဆောင် ဘယ်မှာလဲ ဆိုတဲ့ အမေးနဲ့ ကျွန်တို့ ကိုကျွန်တော့တို့  ဆက်ဝှက်ထားကြ ဦးမလား။ ဒေါ်အောင်ဆန်းစုကြည်လဲ National Figure တစ်ယောက်အနေ နဲ့ ပဲ ရပ်တည်ပေး နိုင်မယ်။ ရှေ့ ထွက်ပြီး ဦးဆောင်ခွင့် ဘယ်လို မှမရဘူး။ ၈၈ မျိုးဆက်တွေ လဲ ထောင်နှစ်ရှည် အချခံဖို့  သူတို့  နရသိမ်တွေထဲမှာ။ ဂမ်ဘာရီနဲ့ ကုလသမဂ္ဂဆိုတာလဲ စစ်အုပ်စု နားကပ်ဖို့ မပြောနဲ့  တရုတ် နဲ့ ကုလား ဆိုတဲ့ စစ်အုပ်စုရဲ့ တခြားသော တံခါးတွေကို တောင် မဖွင့်နိုင်ရှာဘူး။

ဒေါ်အောင်ဆန်းစုကြည် ကလဲ စကားကုန်ပြော သွားပြီ “အဆိုးဆုံး အတွက်ပြင်ဆင် ကြတော့” တဲ့။ သူပုန်ထကြမှ ဖြစ်တော့မယ်။ ကျနော်တို့  နောက်ထပ်မျိုးဆက်တွေ ရှင်သန်ဖို့  အတွက် ကိုယ်အလောင်း စင်ကို ပြင်ဖို့ အချိန်တန်ပြီ။ နအဖ ဟာ ကျနော်တို့ ကို ရန်သူလို့  သဘောထားသလို ကျနော်တို့ ကလဲ နအဖကို ရန်သူလို့ မြင်ဖို့  ကောင်းပြီ။ ညှိနှိုင်းရေး ဆိုတာလဲ RM ကို အသက်သွင်းဖို့  အချိန်ခိုးထားတဲ့ ပုံပြင်ဖြစ်တယ် ဆိုတာသဘောပေါက် ကြပြီးဖြစ်တယ်။ လိုအပ်သလောက် မထိရောက်တဲ့ စီပွားရေး ပိတ်စို့ မှုတွေ ၊ အစည်းဝေးပွဲတွေ လဲ မျှော်လင့်မနေနဲ့ တော့။ မဖွင့်သေးတဲ့ ထီလက်မှတ်လို့ သဘောထားပြီး ကိုယ့် လွတ်မြောက် မှုကိုကိုယ် ရှာကြဖို့ အချိန်ရောက်ပြီ။ ခေါင်းဆောင်တွေ၊ တန်ခိုးရှင်တွေ ၊ မင်းလောင်းတွေ ၊ ကယ်တင်ရှင်တွေ မျှော်နေမဲ့ အစား ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ်တတ်နိုင်တဲ့ ထောင့်က တော်လှန်ရေးကို စရတော့မှာ ဖြစ်တယ်။

အကြမ်းလဲ မဖက် အကြမ်းဖက်လဲ မခံတဲ့ မြေပ်ါတိုက်ပွဲတွေ ဖော်ထုတ်ကြစို့ ။
လက်ရုံရည်အားကောင်း သူတွေ က လက်နက်စွဲပြီးတိုက်ကြစို့ ။
ကျနော်တို့  နှလုံးသွေးတွေ နဲ့  မျိုးဆက်တိုင်းရဲ့  ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာ တွေ ကို ဆေးကြစို့ ။
ကျဆုံးသွားသူတွေရဲ့ အလာင်းကို အကာအကွယ်ယူ ၊ အလောင်းပေါ်လောင်းဆင့် နင်းတက်ရင်း စစ်အာဏာရှင်ကို ပုလ္လင်ပေါ်က တွန်းချစို့ ။
နအဖ နဲ့ တကွ တွေဝေနေသူ အားလုံး ကို ရာဇသံ ပေးကြစို့ ။


ပုဂ္ဂိုလ်ရေး အကြိတ်အခဲ ရှိသူတွေတောင် ရန်သူကို အတူလက်တွဲ တိုက်တဲ့အခါ ရင်ချင်းအပ်၊ ကျောချင်းကပ်နိုင်ကြပါတယ်။ တော်လှန်ရေး စစ်မျက်နှာကို ဖွင့်လိုက်တာနဲ့  နည်းနာအမျိုးမျိုး နဲ့  ကွဲပြားနေတဲ့ အုပ်စုတွေ အကုန်လုံး တသံထဲထွက်လာပါလိမ့်မယ်။ ကျနော်တို့  အားလုံး ခြေလှမ်းတွေ မတူပေမဲ့ လမ်းကတော့ ဒီတစ်ခုထဲ မဟုတ်လား။အနာဂတ်ကို သန့် စင်နိုင်ဖို့  ကြိုးစားရင် ကျနော်တို့ ကျဆုံးသွားတယ် ဆိုရင်တောင် ကျနော် တို့ တတ်နိုင်သမျှ တန်းကုန်အောင်လုပ်သွား တယ်ဆိုတဲ့ စိတ်နဲ့ သေခွင့်ရမှာ ဖြစ်တယ်။ ဒီတိုင်းဆက်နေ သွား လို့  ကတော့ မတရား မှုကို သိပြီး အံမတုနိုင်တဲ့ လူဟာ မသိလို့  မတရားခံနေရတဲ့ လူတွေ ထက် ပို ရှက်ဖို့ ကောင်းတယ်။ စစ်အုပ်စု လက်ထက်တိုက်ပွဲတွေ မှာအသက်ပေးသွား တဲ့ လူတွေ အားလုံးက ကျနော်တို့ ကို ရယ်မောနေတော့မယ်။ မည်သို့ ပင်ဖြစ်စေ ကျနော် ကတော့ အွန်လှိုင်းစာမျက်နှာတွေ ပေါ်ကပဲ ရာဇသံပေး နိုင်တဲ့ ကောင်ပါ။

တကယ့် စစ်မြေပြင်အတွက်တော့ ဘယ်သူ စပြီး ရာဇသံပေးမလဲ။ ကြည့်မယ်။

မိုးထက်နေ

5 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

အိုအေစစ် said...

ဒီဆောင်းပါး အရမ်းကောင်းတယ်

အားလုံးဖတ်မိအောင် အီးမေးပို့ဖို့ကောင်းတယ်

Anonymous said...

ဟုတ်တာလဲ မဟုတ်ဘူးကွာ၊ ပြည်ပ နေပြီး တောင်ပြော မြောက်ပြောနဲ့၊ ပြီးတော့ ဟုတ်တာလဲ မဟုတ်ဘူး၊

Anonymous said...

I agree with u, pls count on me.

MyoMyanmar said...

သင်၏ တပ်လှန့်လိုက်သော တော်လှန်ရေးဖိတ်ခေါ် ဆောင်းပါးသည် လက်ရှိအစိုးရအား လူအများမှ ထိထိရောက်ရောက် သက်စွန့်ကြိုးပမ်းတော်လှန်ရန် တိုက်တွန်းသော (တိုက်တွန်းခြင်း သက်သက်သာဖြစ်သည်) ဆောင်းပါးတစ်ပုဒ်ဟု ကျွန်တော်မြင်ပါသည်။ ထို့အတွက်လည်း မည်သည့်မှတ်ချက်မျှ မပေးလိုပါချေ။ လူတို့သည် မိမိယုံကြည်ချက်အတွက် တိုက်ပွဲဝင်ရာတွင် နိုင်ငံအား မထိခိုက်စေသည့် မည်သည့်နည်းလမ်းကိုမဆို သုံးပိုင်ခွင့်ရှိပေ၏။

မေးခွန်းအနည်းငယ်မျှသာရှိပါသည်။
၁) ဒီမိုကရေစီသမားများသည် အနောက်နိုင်ငံများမှ မလှုပ်ရှားခြင်းကို ငြူစူကာ အမှန်တကယ်တွင် သင့်ဆောင်းပါးတွင် ဆိုခဲ့သကဲ့သို့ ရမ်ဘိုကြီးတွေမိုးပေါ်ကကျလာကာ မြန်မာနိုင်ငံအား ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ဖို့ကို မျှော်ခဲ့ပါသလား။
(ဒီမိုကရေစီပြည့်ဝသောစိတ်ထားကို အတော်များများတွေ့ရသည့် သင့်ထံမှ စကားကိုကြားလိုပါသည်။)

၂) ပြည်သူအနေဖြင့် ကိုယ်အလောင်း စင်ကို ပြင်ကာတိုက်ပွဲဝင်သင့်ပြီဟု သင်ယူဆသည်။ အဘယ်ကြောင့်ပါနည်း။ အချိန်ဆွဲကာ Road Map ကိုအသက်သွင်းရန် ကြိုးပမ်းနေသည့် နအဖအား မိမိအသက်စွန့် အချိန်မီတားဆီးရမည်အထိ အရေးကြီးသည်ဟုဆိုရန်၊ ပြည်သူအား အဆိုးဆုံးထိ ပြင်ဆင်ကြတော့ဟုဆိုရန်အထိပင် လိုအပ်လောက်အောင် ဖြစ်နေသည့် ဦးတည်ချက်သည် အဘယ်အရာပါနည်း။

ဒီမိုကရေစီဆိုလျှင် နအဖသည် Road Map ဖြင့် ဒီမိုကရေစီသို့သွားမည်ဟု ဆိုထားပြီးဖြစ်၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် မရှင်းလင်းသည်မှာ သင်တို့တားဆီးချင်သည်မှာ
- ထိုRoad Map ဖြင့် ပေါ်ပေါက်လာမည့် ဒီမိုကရေစီလော၊ သို့မဟုတ်
- မရောက်အောင် နအဖမှ အချိန်ဆွဲသွားနေမည်ကို စိုးရိမ်သည်လော၊ သို့မဟုတ်
- ဒေါ်စုကြည်ပါကိုပါရမည့် ဒီမိုကရေစီလော
(ဒီအချက်ဆိုလျှင်မူ Road Map သည် ပြည်သူအားအဆိုးဆုံးပြင်ဆင်ကာ တိုက်ပွဲဝင်ကိုဝင်မှဖြစ်မည့် အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် Road Map တွင် သူမအတွက် နေရာမရှိသောကြောင့် ဖြစ်ချေသည်။ ထို့ကြောင့်ပင် သူမသည် ဖခင်စကားအား အသုံးချကာ မအောင့်အီးနိုင်စွာ လှုံ့ဆော်ခဲ့လေသည်)
- တပ်မတော်၏ 25 % ကြောင့်လော
- ထို Road Map ဖြင့် ဒီမိုကရေစီရခဲ့ပါလျှင် အမှန်တကယ်ထိခိုက်မည်မှာ နိုင်ငံလော၊ အဖွဲ့အစည်းတစ်ခုလော။

ဦးတည်ချက်အား ကျွန်တော်မရှင်းပါ။ သို့သော် ကျွန်တော်ပု၈္ဂလိကယုံကြည်မှုမှာ အထက်အကြောင်း အားလုံးတွင် မည်သည့်အကြောင်းအရာကမျှ နိုင်ငံအား နိုင်ငံတကာတပ်များ ၀င်ရောက်သိမ်းပိုက် စေရန်သော်လည်းကောင်း၊ ပြည်သူအား အဆိုးဆုံးပြင်ဆင်ရန်သော်လည်းကောင်း ထိုက်တန်သည့် အချက်များမဟုတ်ကြပါချေ။

ယခုသင်၏တိုက်တွန်းချက်သည် သာမညမဟုတ်ချေ။ ပြည်သူသည် ထိုဆိုသောအရာ အတွက်အသက်စွန့်ရမည်ဖြစ်သည်။ အဆိုပါ ထိုဆိုသော အရာသည် အဘယ်အရာဖြစ်သနည်း။ ရှင်းလင်းစွာသိရန်လိုအပ်ပါသည်။

တိုင်းပြည်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆိုလျှင်မူ ကျွန်တော်တို့ အဓိကတိုက်ထုတ်ရမည်မှာ စီးပွားရေးပိတ်ဆို့မှုပင်ဖြစ်ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ လူများအား အသိပညာမြင့်မားစေခြင်းသည် လက်ရှိတပ်မတော်အစိုးရအား ဖြုတ်ချရန်၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် အကောင်းဆုံးနည်းလည်းဖြစ်သည်။ ထိုအရာများထက် ပိုမိုကောင်းမွန်သည်မှာ နိုင်ငံအားအထိမနာစေသော နည်းလမ်းဖြစ်ခြင်းပင်။

ညီညွတ်မှုသည်လည်းကောင်း၊ စိတ်ဓါတ်အင်အားသည်လည်းကောင်း လူတို့အတွက် ကြီးမားသောအားကိုဖြစ်စေပါသည်။ ထို့ကြောင့် ထိုအင်အားများကို အသုံးချကာ အနောက်အင်အားကြီးနိုင်ငံများ၏ နိုင်ထက်စီးနင်း အပေါ်စီးဆန်လှသော စီးပွားရေးပိတ်ဆို့မှုကို တိုက်ဖျက်ကာ မြန်မာနိုင်ငံအကျိုး အမှန်တကယ် သယ်ပိုးနိုင်သော သူများဖြစ်အောင် ကျွန်တော်တို့သည် အမှန်တကယ် ကြိုးပမ်းဖို့လိုအပ်နေပြီဟု ခိုင်မာစွာယုံကြည်ပါသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

pinni said...

very good...