ရာဇသံ


စစ်အုပ်စု ဟာ ၄င်းတို့ အာဏာတည်မြဲရေး အတွက် ကလွဲလို့  တခြားဘယ်သူမျက်နှာမှာ မကြည့်ဘူး ဆိုတာ ကျနော်တို့  သဘောပေါက်ဖို့  အချိန်တန်ပြီလို့ ထင်ပါတယ်။ကျောင်းသား တွေ၊ ပြည်သူတွေ ရဲ့ သွေးတွေ၊ အသက်တွေ ကို သူတို့  အာဏာရ န္တယားရဲ့ ချောဆီအဖြစ် သုံးခဲ့တယ်။ ကျနော်တို့  မိဘတွေ ရဲ့ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ က ကျနော်တို့ ရင်ဘတ် တွေ အထိ မရပ်သေးဘူး။

ကျောင်းသားသမဂ္ဂ အဆောက်အဦးက ပေါက်ကွဲ သံနဲ့  အရိုင်းခေတ်ကို စတင်ခဲ့တယ်။ ကိုကိုးကျွန်းပေါ်က လူမသိသူမသိ ယုတ်မာမှုတွေ ရှိတယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် မှာ ကျတဲ့ သွေးတွေ ဟာ ကျနော်တို့  မိဘတွေ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

မြေနီကုန်းမှာ လူမမယ်ကလေးတွေ သတ်ခဲ့တယ်။ အင်းယာကန်စောင်းဟာ ကျောင်းသူ ကျောင်းသား တွေရဲ့ အလောင်းနဲ့  ပိုမြင့်ခဲ့တယ်။ ကျောင်းပညာတပိုင်းတစ နဲ့ ကျောင်း သားတွေ ဟာ ငှက်ဖျားနဲ့  နပန်းလုံးရင်း အနာဂတ်သွေးဆုံး ခဲ့ရတယ်။သူတို့ ဟာ သာသနာ့ ဝန်ထမ်းတွေ ရဲ့ သွေးနဲ့ ခြေဆေးတယ်။ ဒါဟာ ကျနော်တို့  မျိုးဆက်ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

ကျနော်တို့  မပါးနပ်ခဲကြဘူး။ တော်လှန်ရေး တော်လှန်ရေး နဲ့  ပါးစပ်ကအော်ရင်း စစ်အုပ်စု ကြိုးဆွဲရာ မျောပါနေတာ ကြာခဲ့ပြီ။ စစ်အုပ်စုကို မောင်းထုတ်ဖို့  သတ်ကွင်းတွေပြင်ဆင်ရင်းနဲ့  ကျနော်တို့ ကိုကျနော် တို့ တိုက်ပွဲအပြင်ကို မောင်းထုတ်ခဲ့ပေါင်းများ ပြီ။ လူထုတိုက်ပွဲ တွေ အကြိမ်ကြိမ် နွဲခဲ့တယ်။ သူပုန်အကြိမ်ကြိမ်ထခဲ့တယ်။ စေ့စပ်ရေး စားပွဲတွေမှာ အကြိမ်ကြိမ် ထိုင်ခဲ့ ဘူးတယ်။ ကျနော်တို့  အသနားခံခဲ့ဘူးတယ်။ ကျနော်တို့  ကြမ်းတမ်းခဲ့ဘူးတယ်။ကျနော်တို့  ယဉ်ကျေးခဲ့ဘူးတယ်။ ကျနော်တော့ ဘယ်လို ကချိုးပြောင်းပြောင်း စစ်အုပ်စုက တော့ စစ်ရေးအနေနဲ့ မြင်ခဲ့တယ်။ စစ်ပွဲမှာ ရန်သူကို ခြေမှုန်းသလို ပဲ ကိစ္စတုန်းလုပ်ခဲ့တယ်။ စစ်အုပ်စု က ရန်ငါ ပြတ်တယ် ဆိုရမယ်။

စစ်အုပ်စု ဟာ အာဏာတည်မြဲရေးတစ်ခုထဲကို စွဲကိုင်ပြီး ဆန့် ကျင်ဘက်မှန်သမျှ ချေမှုန်တယ်။ ကျနော်တို့ တွေ က တဖက်က စစ်အုပ်စုကို တိုက်ရင်း ကားအကောင်းစား စီးနိုင်ဖို့ ၊ နိုင်ငံကောင်းကောင်း မှာ အခြေချဖို့ ၊ စတဲ့ ပုဂ္ဂိုလ်ရေး ရောထွေးမှုတွေ နဲ့  တိုက်ခိုက်တယ်။ ဒါဟာ တော်လှန်ရေး သက်ကို ကြာစေတဲ့၊ စစ်အုပ်စု သက်စိုးရှည်စေတဲ့ အရင်းခံအချက်လို့  မြင်တယ်။

ကျနော်တို့ လူမျိုးတွေ မင်းလောင်းမျှော်တတ်တဲ့ ဓလေ့ဟာ ဘယ်ကစတယ် မသိဘူး။ ဒါပေမဲ့ သီပေါမင်း ပါတော်မူတဲ့ နောက်ပိုင်း စကြ်ာမင်းလေး ကိုမျှော်တယ်။ ကယ်တင်ရှင်မျှော် တယ်။ တန်ခိုး ရှင်မျှော်တယ်။ ကျနော်တို့ ခေတ်မလဲ UN, EU, US တို့ ဟာ ခေတ်သစ်စကြ်ာမင်းလေး တွေဖြစ်တယ်။ အမှန်တော့ ကျနော်တို့  နိုင်ငံရဲ့  အနာဂတ်ကို သူတို့ ဘယ်လိုမှ မဖန်တီးပေး မယ် မဟုတ်ဘူး။ ကျနော်တို့  သွေးတွေကို အင်္ဂတေလုပ် ၊ အလောင်းတွေကို အုတ်ရိုးလိုစီပြီး ကိုယ်တိုင် ပဲတည်ဆောက် ရမှာဖြစ်တယ်။ ကျနော် တစ်နေရာက လတ်လတ်ဆတ်ဆတ် ဖတ်ခဲ့ တဲ့ စာသားလေး တစ်ခုကိုး ကားလိုပါတယ်။ “နိုင်ငံရေး. စီးပွားရေး.. လှုမှုရေး....အမြတ်ထုတ်စရာ.. လားလားမှမရှိတဲ့တိုင်းပြည်သေးသေးလေး..ငါတို့ ဂရုမစိုက်သေးဘူး..” လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒါဟာ ကျနော်တို့ တိုင်းပြည်အပေါ် နိုင်ငံတကာရဲ့  အတွင်းပိုင်းကြတဲ့ အမြင်ဖြစ်တယ်။ ဘန်ကီမွန်း၊ဂျော့ဘုရှ်၊ ဘရောင်း နဲ့  ဂမ်းဘာရီတို့  လူမြင်ကွင်း မှာ စိတ်ဆိုးပြ၊ စိတ်မကောင်းပြ တာတွေကို ကြည့်ပြီး မျှော်ကြည့်နေဖို့ မလိုဘူး။ ထိုက်သင့်တဲ့ ငွေကြေးအကူ အညီပေးနေတဲ့ အတွက်လဲ တနေ့ တော့ ရမ်ဘိုကြီး တွေမိုးပေါ် က ကျလာလိမ့်မယ်လို့ လဲထင်နေဖို့ မလိုဘူး။ မသာအိမ်ကို လာတဲ့သူတိုင်း လူမှုရေးအရ ဝမ်းနည်းတဲ့ မျက်နှာကို ဝတ်ဆင်ထားကြမှာ ဖြစ်တယ်။ ပြီးတော့ သူတို့ စီးပွား မထိခိုက်နိုင်တဲ့ ကူငွေလောက်တော့ ထည့်ဝင်ကြမှာဖြစ်တယ်။ မသာလေးချပြ ပြီးဖဲဝိုင်းထောင် အကောက်စား နေတဲ့ လူနည်းစု အတွက် အထွာတစ်ခု အဆင်ပြေရုံပဲဖြစ်နေမယ်။

စာရွက်တွေ၊ ကုလားထိုင်တွေ ပေါ်မှာလုပ်တဲ့ ညီညွတ်ရေး တွေနဲ့ ၊ လေ့လာရေး ဆရာ့ဆရာ တွေ ရဲ့  သွေးမဲ့သောကူပြောင်းရေး လမ်းကြောင်းတို့ ၊ အာဏာရှင် စနစ် တစစ ယိုယွင်းလာ ခြင်း တို့  ဆိုတာတွေ နဲ့  စားကြသောက်ကြ ငြင်းကြခုံကြနဲ့  အဝေးက တိုက်ပွဲကွင်း ကို ရပ်ကြည့်နေခဲ့ ကြတာလဲကြာပြီ။ ကာလအကြာကြီးတုန်း က လူထု အသင့်မဖြစ်သေးဘူး၊ တော်လှန်ရေး အသင့်မဖြစ်သေး ဘူးဆိုတဲ့ (တကယ်လဲ ဟုတ်ခဲ့တယ်) အပြောတွေနဲ့  နေခဲ့ကြတယ်။ တကယ်လူထု လမ်းပေါ်ထွက်လာတော့ လဲ ပါးစပ်အဟောင်းသား နဲ့  ကယောင်ကတမ်းငြေကြာချက်တွေ ထုတ်ရုံကလွဲ လို့  ကျနော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ ပြောနေကြတဲ့ တော်လှန်ရေး ရင့်မှဲ့ နေတယ် ဆိုတဲ့ အနေအထားကို ရောက်နေပြီး။ ခူးဖို့ အချိန်ရောက်နေပြီ။ ရင့်မှဲ့ နေတာကို ပါးစပ်လေးဟပြီး ဆက်ကြည့်နေရင်တော့ ပုတ်သိုးပြီး အရည်ပျော်သွားဖို့ ပဲ ကျန်တော့တယ်။

“မတရား တဲ့ အမိန့် ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဒေါ်အောင်ဆန်းစုကြည် ပြည်သူကို ပြောသွားတဲ့ စကားစုလေး။ အတိုက်အခံတွေ ရဲ့ ပါးစပ်မှာ၊ စာမျက်နှာတွေ ပေါ်မှာ အင်မတန် ရေပန်းစားတယ်။ ပြည်သူတွေလဲ သိတယ်။ သဘောပေါက်အောင် လုပ်မပေးနိုင်ဘူး။ အဲဒီစကား ကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ပြောမပြပေးနိုင်ခဲ့ဘူး။ လမ်းပေါ်မတက် ပဲ၊ ကြွေးကြော်သံတွေ မပါပဲ လုပ်လို့ ရတဲ့ အာဏာဖီဆန်ရေး နည်းတွေ ကို ပြမပေးနိုင်ခဲ့ဘူး။ ပြည်သူတွေ လေ့လောကြစည်းပူးကြ တိုက်ပွဲဝင်ကြလို့ အော်နေလို့ မရဘူး။ ထမင်းစားပြီးတာ နဲ့  ဒီနေ့ တော့ ထမင်းမငတ်ဖူးတော်သေးတယ် ဆိုတဲ့ အတွေးနဲ့ သက်ပြင်းချရ၊ ညဘက် အိပ်ယာဝင် ချိန်မှာလဲ မနက်ဖြန် စားဝတ်နေရေး အတွက်ပူပန်ရ ဖြစ်နေတဲ့ လူတွေက ဘယ်လို စာအုပ်စာတမ်းတွေ လေ့လာချိန်ရပါ့မလဲ။ ကျနော်တို့ ရေးနေကြတဲ့ အင်တာနက်စာမျက် နှာဆို တာတော့ ဘုရားသ္ခင် လောက် နီးနီး သူတို့ ဘဝနဲ့ အဝေးကြီးမှာ။

ကျနော်နားလည်သလောက်တော့ တော်လှန်ရေးရင့်မှဲ့ တယ် ဆိုတာဟာ အာဏာရှင်ရဲ့  သရုပ်မှန်ကို ပြည်သူလူထု အများစုက သိသွားတဲ့ အချိန်ဖြစ်တယ်။ အံတုဖို့ ကြိုးစားလာ တဲ့ အချိန်ဖြစ်တယ်။ အခုအချိန်မှာ ပြည်သူတွေ လို ချင်တာ အာဏာရှင် မကောင်းကြောင်း မဟုတ်ဘူး။ အာဏာရှင် ရဲ့  အကျင့်ပျက် ချစားမှု အကြောင်းမဟုတ်ဘူး။ ဒီအကြောင်းတွေ ကို အတွင်းထဲမှာ နေတဲ့ ပြည်သူတွေ က ကျနော်တို့ အားလုံးထက် ပိုပြောနိုင်တယ်။ ခုချိန်မှာ ပြည်သူတွေလို ချင်နေ တာ အာဏာရှင်စနစ် ကို ဘယ်လိုသုတ်သင်မလဲ ဆိုတဲ့ နည်းလမ်းပဲ။ အဲလိုပြတဲ့ အခါမှာလဲ ခေတ်မှီရုံးခန်းကြီးတွေ ထဲက စားပွဲကြီးတွေပေါ်ထိုင်ရင်း စာတမ်းတွေ လှိမ့်ရေးနေလို့ မရဘူး။ “ဒီလို ဆန့် ကျင်ရတယ် ကွ” ဆိုပြီးပြည်သူ နဲ့ တသားထဲမားမားရပ်ပြဖို့ လိုတယ်။

ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ဖို့ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ဆိုတာလိုတယ်။ တော်လှန်ရေးဟာလဲ အဲဒီ အကြောင်းတရား လေးပါးထဲက မလွတ်မြောက်နိုင်ဘူး။ အချိန်ကာလ ကတော့ ဒီထက်ပို အချိန်ကိုက်ဖြစ်ဖို့ မရှိဘူး။ စစ်အုပ်စု ကို ဖြုတ်ချဖို့ အတွက်ကတော့ စစ်အုပ်စု ရှင်သန်နေတဲ့ အရပ်မှာ တော်လှန်ရေး ရှိဖို့ လိုတယ်။ သံရုံတွေနား လှည့်ပတ်အော်လို့  နအဖ ပြုတ်မကျဘူး။ တခြားသော အကြိုးစီးပွားတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နိုင်ငံတကာကို ကျနော်တို့  တော်လှန်ရေးလုပ်နေကြပါတယ် ဆိုတာမျိုးပေါ့။ အကြောင်းတရားအနေနဲ့ ကလဲ ကုန်းဈေးနှုန်း တက်တာ၊ သံဃာတွေ အသတ်ခံရတာ၊ ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းစီး နှိပ်စက်ခံရတာ၊ အမျိုးကောင်း သမီးတွေ မုဒိန်းကျင့်ခံရတာ၊ ရွာတွေမီးရှို့ ခံရတာ၊ စတဲ့ အကြောင်းတွေ ဆက်ရေးရရင် စာအုပ်ထူတစ်အုပ်ဖြစ်သွား နိုင်တယ်။ ဓနံ လိုခေါ်တဲ့ ငွေးကြေး ဆိုတာကတော့ လူထုချစ်ရင် ထမင်းမငတ်ဘူး။ လူထုအနေနဲ့ ဒေါ်လာသိန်းချီအကုန် အကျခံ ပြီး ကားတွေ၊ ရုံးခန်းတွေ ၊ နေစရာ အဆောင်အယောင်တွေ ငှားမပေးနိုင်ဘူးပေါ့။

ညီညွတ်ရေး ၊ ရန်ပုံငွေ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် စတဲ့ တောဆင်ခမည်း လို အကြောင်း ပြချက်တွေ နဲ့ တော်လှန်ရေးသက်ရှည်နေကြဦးမှာလား။ ကျွန်တို့ ခေါင်းကို ရိုက်ခွဲနေတဲ့လက်ကို အကြမ်းဖက်သမား သမုတ်ခံရမှာကြောက်တဲ့ စိတ်တစ်ခုထဲ နဲ့  မခုခံကြတော့ဘူးလား။ ခေါင်းဆောင် ဘယ်မှာလဲ ဆိုတဲ့ အမေးနဲ့ ကျွန်တို့ ကိုကျွန်တော့တို့  ဆက်ဝှက်ထားကြ ဦးမလား။ ဒေါ်အောင်ဆန်းစုကြည်လဲ National Figure တစ်ယောက်အနေ နဲ့ ပဲ ရပ်တည်ပေး နိုင်မယ်။ ရှေ့ ထွက်ပြီး ဦးဆောင်ခွင့် ဘယ်လို မှမရဘူး။ ၈၈ မျိုးဆက်တွေ လဲ ထောင်နှစ်ရှည် အချခံဖို့  သူတို့  နရသိမ်တွေထဲမှာ။ ဂမ်ဘာရီနဲ့ ကုလသမဂ္ဂဆိုတာလဲ စစ်အုပ်စု နားကပ်ဖို့ မပြောနဲ့  တရုတ် နဲ့ ကုလား ဆိုတဲ့ စစ်အုပ်စုရဲ့ တခြားသော တံခါးတွေကို တောင် မဖွင့်နိုင်ရှာဘူး။

ဒေါ်အောင်ဆန်းစုကြည် ကလဲ စကားကုန်ပြော သွားပြီ “အဆိုးဆုံး အတွက်ပြင်ဆင် ကြတော့” တဲ့။ သူပုန်ထကြမှ ဖြစ်တော့မယ်။ ကျနော်တို့  နောက်ထပ်မျိုးဆက်တွေ ရှင်သန်ဖို့  အတွက် ကိုယ်အလောင်း စင်ကို ပြင်ဖို့ အချိန်တန်ပြီ။ နအဖ ဟာ ကျနော်တို့ ကို ရန်သူလို့  သဘောထားသလို ကျနော်တို့ ကလဲ နအဖကို ရန်သူလို့ မြင်ဖို့  ကောင်းပြီ။ ညှိနှိုင်းရေး ဆိုတာလဲ RM ကို အသက်သွင်းဖို့  အချိန်ခိုးထားတဲ့ ပုံပြင်ဖြစ်တယ် ဆိုတာသဘောပေါက် ကြပြီးဖြစ်တယ်။ လိုအပ်သလောက် မထိရောက်တဲ့ စီပွားရေး ပိတ်စို့ မှုတွေ ၊ အစည်းဝေးပွဲတွေ လဲ မျှော်လင့်မနေနဲ့ တော့။ မဖွင့်သေးတဲ့ ထီလက်မှတ်လို့ သဘောထားပြီး ကိုယ့် လွတ်မြောက် မှုကိုကိုယ် ရှာကြဖို့ အချိန်ရောက်ပြီ။ ခေါင်းဆောင်တွေ၊ တန်ခိုးရှင်တွေ ၊ မင်းလောင်းတွေ ၊ ကယ်တင်ရှင်တွေ မျှော်နေမဲ့ အစား ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ်တတ်နိုင်တဲ့ ထောင့်က တော်လှန်ရေးကို စရတော့မှာ ဖြစ်တယ်။

အကြမ်းလဲ မဖက် အကြမ်းဖက်လဲ မခံတဲ့ မြေပ်ါတိုက်ပွဲတွေ ဖော်ထုတ်ကြစို့ ။
လက်ရုံရည်အားကောင်း သူတွေ က လက်နက်စွဲပြီးတိုက်ကြစို့ ။
ကျနော်တို့  နှလုံးသွေးတွေ နဲ့  မျိုးဆက်တိုင်းရဲ့  ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာ တွေ ကို ဆေးကြစို့ ။
ကျဆုံးသွားသူတွေရဲ့ အလာင်းကို အကာအကွယ်ယူ ၊ အလောင်းပေါ်လောင်းဆင့် နင်းတက်ရင်း စစ်အာဏာရှင်ကို ပုလ္လင်ပေါ်က တွန်းချစို့ ။
နအဖ နဲ့ တကွ တွေဝေနေသူ အားလုံး ကို ရာဇသံ ပေးကြစို့ ။


ပုဂ္ဂိုလ်ရေး အကြိတ်အခဲ ရှိသူတွေတောင် ရန်သူကို အတူလက်တွဲ တိုက်တဲ့အခါ ရင်ချင်းအပ်၊ ကျောချင်းကပ်နိုင်ကြပါတယ်။ တော်လှန်ရေး စစ်မျက်နှာကို ဖွင့်လိုက်တာနဲ့  နည်းနာအမျိုးမျိုး နဲ့  ကွဲပြားနေတဲ့ အုပ်စုတွေ အကုန်လုံး တသံထဲထွက်လာပါလိမ့်မယ်။ ကျနော်တို့  အားလုံး ခြေလှမ်းတွေ မတူပေမဲ့ လမ်းကတော့ ဒီတစ်ခုထဲ မဟုတ်လား။အနာဂတ်ကို သန့် စင်နိုင်ဖို့  ကြိုးစားရင် ကျနော်တို့ ကျဆုံးသွားတယ် ဆိုရင်တောင် ကျနော် တို့ တတ်နိုင်သမျှ တန်းကုန်အောင်လုပ်သွား တယ်ဆိုတဲ့ စိတ်နဲ့ သေခွင့်ရမှာ ဖြစ်တယ်။ ဒီတိုင်းဆက်နေ သွား လို့  ကတော့ မတရား မှုကို သိပြီး အံမတုနိုင်တဲ့ လူဟာ မသိလို့  မတရားခံနေရတဲ့ လူတွေ ထက် ပို ရှက်ဖို့ ကောင်းတယ်။ စစ်အုပ်စု လက်ထက်တိုက်ပွဲတွေ မှာအသက်ပေးသွား တဲ့ လူတွေ အားလုံးက ကျနော်တို့ ကို ရယ်မောနေတော့မယ်။ မည်သို့ ပင်ဖြစ်စေ ကျနော် ကတော့ အွန်လှိုင်းစာမျက်နှာတွေ ပေါ်ကပဲ ရာဇသံပေး နိုင်တဲ့ ကောင်ပါ။

တကယ့် စစ်မြေပြင်အတွက်တော့ ဘယ်သူ စပြီး ရာဇသံပေးမလဲ။ ကြည့်မယ်။

မိုးထက်နေ

ကျနော်မြင်တဲ့ မီဒီယာစစ်ပွဲ

ဒီဆောင်းပါးကို တော်လှန်ရေး သမားတွေကို အားပေးပြီး ကိုယ်တိုင်တော်လှန်ရေး မလုပ်တဲ့ သူငယ်ချင်း တစ်ယောက်ကြည့်ခိုင်းလို့  ကြည့်မိလိုက်တဲ့ ဘလော့လေးတစ်ခု ကို အကြောင်း ပြုပြီးရေးဖြစ်ပါတယ်။ ပထမဆုံးတွေး မိတာကျနော် တို့ လမ်းတွေချော်နေပြီလား ဆိုတဲ့အ ကြောင်းပဲ။ နအဖ လျှောက်စေ့ချင်တဲ့ လမ်းကြောင်းကို ကျနော်တို့ အများစုရောက် ကုန်ပြီလား ဆိုတဲ့ မေးခွန်းကို ကိုကျနော် တတ်သလောက်သုံးသပ် ကြည့်ချင်းလဲ ဖြစ်ပါတယ်။

ကျနော်တို့ လက်ရှိဖြတ်သန်းနေရတဲ့ ကာလဟာ တကယ်တော့ တော်တော်ကို တိတ်ဆိတ်ပြီး စိတ်မရှည်စရာ ကောင်းတဲ့အချိန်ပါ။ မုန်တိုင်း အသေးလေးတိုက်ပြီး တလောကလုံးတိတ်စိတ် ငြိမ်သက်နေတဲ့ ကာလမျိုး။ ကြီးကျယ်တဲ့ စစ်ပွဲတစ်ခုအတွက် စစ်ပွဲအသေးလေးတစ်ခု အပြီးမှာ အနားယူနေတဲ့ အခါမျိုး ဖြစ်ပါတယ်။ နှစ်ဘက်လုံးအနေနဲ့ လဲ ဒါဟာ နောက်ဆုံးတိုက်ပွဲ ဆိုတာ ကို သလောပေါက်ပြီး ကိုယ်လူတွေနဲ့ ကိုယ် အသီးသီး ခေါင်းခြင်းရိုက်ပြင်ဆင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ တစ်ဘက်နဲ့ တစ်ဘက် (PsyWar) စစ်အေးကာလ ဖြစ်တာကြောင့် အမြင်မှာ စကားလုံးတွေနဲ့ တိုက်ခိုက်နေကြရင်း ပွဲသိမ်းလက်သီး ထိုးဖို့  စောင့်ကြည့်နေကြတဲ့ အခါလဲ ဖြစ်ပါတယ်။ နအဖ ဘက်ကတော့ နည်းမျိုးစုံနဲ့  အတိုက်အခံ တွေစိတ်ဓါတ်ကျအောင် တိုက်ပွဲပုံစံရော ထွေးအောင် နည်းမျိုးစုံဘက်ပေါင်း စုံကနေ ကြံစဉ်နေ တာဖြစ်သလို ၊ အတိုက်အခံတွေ ဘက်ကလဲ ခြေသံလုံနိုင်သမျှ လုံအောင် လူထုအနေနဲ့ လဲ စိတ်ဓါတ်မကျအောင် ရပ်တည်နေရတယ် လို့ နားလည်ပါတယ်။

မီဒီယာကို မီဒီယာနဲ့ တိုက်

ဒီစကားလုံးဟာ နအဖ ရဲ့ စက်တင်ဘာနောက်ပိုင်း ကာလသုံးလာတဲ့ ဗျူဟာတစ်ခုဖြစ်ပါ တယ်။ စက်တင်ဘာမှာ ဘလော့တွေ၊ အွန်လှိုင်းမီဒီယာတွေ ကနေတဆင့် သတင်းတွေ တဟုန်ထိုး စီးဆင်းတာကို မြင်ပြီးတဲ့ နောက်ပိုင်း မျက်စိစုံမှိတ်ပြီး တင်လာတဲ့ လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ နအဖ အနေနဲ့  မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ကိစ္စဟာ စကားလုံးသာ ရှိပြီး တိုက်စရာ စစ်မှန်တဲ့ အချက်အလက် ဘာတစ်ခုမှ မရှိတာကို သူတို့ ကိုယ်တိုင်လဲ သိပါတယ်။ တကယ့်မီဒီယာတိုက်ပွဲ ဆိုတာမျိုးက နှစ်ဘက်လုံး ရှိတဲ့ မီဒီယာသမားတိုင်း ကိုတာဝန်ယူနိုင်တာကို လွတ်လွတ်လပ်လပ်ရေး ခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ ပြောတဲ့ မီဒီယာတိုက်ပွဲ ဆိုတာ ဆန့် ကျင်ဘက် ဆန်တဲ့ အရေးအသား မှန်သမျှကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ ၊တားစည်းခြင်း နဲ့  တဘက်သတ်ဝါဒ ဖြန့် ချီရေး ဘလော့တွေ၊ အွန်လှိုင်း သတင်းတွေ တည်ထောင်အားပေး တာပဲဖြစ်ပါတယ်။ အတိုက်အခံတွေ ရဲ့  ဘလော့တွေ ၊ သတင်းလွင့် ဋ္ဌာနတွေကို တော့ ပိတ်ဆို့ တားဆီး ထားတာပဲဖြစ်ပါတယ်။ နအဖ ရဲ့ မီဒီယာတိုက်ပွဲ ပုံစံကို ကျနော် အကြမ်းအားဖြင့် နားလည်တာကတော့
၁။ နိုင်ငံရေး သမားလူဟောင်း တွေကို မီဒီယာစင်ပေါ်ခေါ်တင် ပြီး လူထုကို နားလည်မှု ရှုပ်ထွေအောင် လုပ်ခြင်း
၂။ လူထုစိတ်ဝင်စားတဲ့ လူတန်းစားတွေရဲ့ သာမန်ကိစ္စများကို မှန်ဘီလူးတပ်ခြင်း
၃။ နအဖ ဘက်သားဘလော့တွေ ကတဆင့် အတိုက်အခံ ဘလော့ရေးသားသူတွေကို တိုက်ပွဲ လမ်းလွဲခြင်း

၁။ နိုင်ငံရေး သမားလူဟောင်း တွေကို မီဒီယာစင်ပေါ်ခေါ်တင် ပြီး လူထုကို နားလည်မှု ရှုပ်ထွေအောင် လုပ်ခြင်း

နအဖ လက်ကိုင်တုတ်မြတ်ခိုင် ရဲ့ လျှပ်တပြက်ဂျာနယ် (ကျနော်လဲ အွန်လိုင်းက ဖတ်လို့ ရတဲ့ အဲဒီတစ်ခုပဲ လက်လှမ်းမှီတယ် ) ကတဆင့် သခင်တင်မြ၊ ဗိုလ်အောင်ကြီး တို့ လို နိုင်ငံရေး သမား လူဟောင်းတွေကို အင်တာဗျူးလုပ်တာမျိုး တွေဖြစ်တယ်။ စက်တင်ဘာမှာ မျက်စိပွင့် လာတဲ့ မဆလ ခေတ်နိုင်ငံရေး နောက် ၁၉၉၀ နိုင်ငံရေး အခြေအနေကို သေချာမသိထားတဲ့ လူတွေကို အသိအမြင်ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ ပွဲထုတ်တာဖြစ်ပါတယ်။ ထုံးစံအတိုင်း NLD နဲ့ ကွန်မြူနစ်ကို ဆက်စပ်ပြတယ်။ ကွန်မြူနစ်မကောင်းကြောင်း နဲ့  ဒေါ်အောင်ဆန်း စုကြည် ရဲ့ နိုင်ငံရေး အခန်းကို မှိန်အောင် အားထုတ်ထားတာဖြစ်ပါတယ်။ နောက် သခင်တင်မြ၊ ဗိုလ်အောင်ကြီး စတဲ့ အစဉ်အလာရှိတဲ့ လူတွေ ကတဆင့် အမျိုးသားညီလာခံနဲ့  RM (လမ်းပြမြေပုံ) ကို ထောက်ခံသင့်တယ် ဆိုတဲ့ အသိမျိုးကို သွယ်ဝိုက်တဲ့ လမ်းကြောင်းတွေ နဲ့  တင်သွင်းတာ ဖြစ်တယ်။

၂။ လူထုစိတ်ဝင်စားတဲ့ လူတန်းစားတွေရဲ့ သာမန်ကိစ္စများကို မှန်ဘီလူးတပ်ခြင်း
ဒီကိစ္စကတော့ နအဖ အမြဲသုံးလေ့ရှိတဲ့ နည်းလမ်းဖြစ်တယ်။ ဗိုလ်ခင်ညွန် သြဇာရှိစဉ် ကတည်း က အကြိမ်ကြိမ်အသုံး ချခဲ့ပြီးလဲ ဖြစ်တယ်။ စက်တင်ဘာပြီးတဲ့ နောက်ပိုင်းမှာ နန္ဒလှိုင် ဖုန်းပြောတဲ့ အခွေ ထွက်လာတာမျိုး ဟာ လူထုကို အနည်းနဲ့ အများအာရုံပြောင်း နိုင်စေတယ် ဆိုတဲ့ ရည်ရွယ်ချက်ပါတဲ့ လုပ်ရပ်ဖြစ်တယ်။ နောက်နာမည်ကြီးမင်းသား တစ်ယောက်နဲ့  မင်းသမီးတစ်ယောက်ရဲ့  စကားပြောအခွေရှိတယ်။ နောက် ဗီဒီယို အတိုလေး တွေ ထွက်လာတာလဲ ရှိတယ်။ ဒါတွေဟာ အပေါ်ယံတွေးရင် ကာယကံရှင်တွေရဲ့ ပေါ့ဆမှု ကြောင့် လူတွေလက်ထဲ ရောက်လာတယ် လို့ ထင်စရာ ရှိပေမဲ့ နန္ဒလှိုင်တို့ ပြောတဲ့ စကားတွေ ထဲမှာ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိတ်ဆုံး ပုဂ္ဂိုလ်ကနေ မနေ့ တစ်နေ့ က မင်းသားဖြစ်တဲ့ လူထိ အတွင်းရေး အကုန်ပါတယ်။ ကိုယ်သေတွင်း ကိုယ်တူးသလိုပဲ။ တဖက်ကတွေးရင်လဲ ကျနော် တို့ နိုင်ငံမှာ ပုဂ္ဂလိက ဖုန်းကုမ္မဏီ တစ်ခုမှ မရှိတဲ့ အချက်ဟာလဲ တွေးစရာအချက်တစ်ခု ဖြစ်ပါတယ်။ နောက် အော်တိုအိတ်ချိန်းတွေ သုံးနေတဲ့ ခေတ်မှာ ဘယ်သူမှလဲ အလကားနေ ရင်း သူများဖုန်းတွေကို ထိုင်နားထောင်နေမယ် မထင်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ သူများဖုန်း နားထောင်ပြီး ပိုက်ဆံရတာ ဘယ်လို လူတွေဆိုတာ ကတော့လူတိုင်း သိပြီးသားပါ။

၃။ နအဖ ဘက်သားဘလော့တွေ ကတဆင့် အတိုက်အခံ ဘလော့ရေးသားသူတွေကို တိုက်ပွဲ လမ်းလွဲခြင်း
အပေါ်နှစ်ချက် က အရေးမကြီးတာမဟုတ်ပေမဲ့ ကျနော်တို့ ဘက်ကနေ ပြန်ပြီး ထိန်းကြောင်း ခေါ်ယူသွားလို့ ရပါတယ်။ ဒီ နံပတ် သုံး အချက်ကတော့ နိုင်ငံရေး ကို အစဉ်တစိုက်လေ့လာ ပြီးလုပ်လာတာ မဟုတ်ပဲ စက်တင်ဘာမှာ နအဖ ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို မြင့်ပြီးရှိ သလောက် အသိနဲ့ ရေး နေရတဲ့ ဘလော့ရေးသူတွေ အတွက်တော်တော် သတိထားဖို့  ကောင်းပါတယ်။ နအဖ က ဘလော့တွေ ကတဆင့်တိုက်တဲ့ နေရာမှာ ပိတောက်မြေလို ညက်ညက်လေး နဲ့ ပညာသားပါပါ တိုက်ခိုက်တဲ့ ပုံစံနဲ့  ကျေးစေတမန် က ရဲဘော်အောင်ထက် ရဲ့ တုတ်ကြီး (တုတ်ကြီး ခေတ္တတာဝတိံသာ မဟုတ်ပါ) နာမည်နဲ့ ရေးတဲ့ NLD ကို လူမှုရေး ဒေါင့်ကနေ တိုက်ခိုက်တဲ့ ဆောင်းပါးအမျိုး အစားတွေ ဖြစ်ပါတယ်။ ပိတောက်မြေရဲ့  ရည်ရွယ်ချက် နအဖ ကောင်း၏ မကောင်း၏ အတိုက်အခံကောင်း၏ မကောင်း၏ ပြောဆို တာထက် RM ကို လက်ခံလာအောင် ကြားလူဟန်နဲ့ ကောင်းချီးပေးခြင်း ဖြစ်ပါတယ်။ ရဲဘော်အောင်ထက်ခေါ် တုတ်ကြီးကတော့ သမီးရည်စား ကိစ္စတွေလို မျိုး ပုဂ္ဂိုလ်ရေး ကိစ္စတွေ ကို တိုက်ခိုက် တဲ့ ပုံစံဖြစ်ပါတယ်။

ခုဆို ကျနော်တို့ ဘက်က ဘလော့ရေး တဲ့ လူငယ်တွေ ကလဲ ရုရှားရောက် စစ်ဗိုလ်ငယ်တွေ ရဲ့  သမီးရည်စား ကိစ္စတွေကို ပြန်ရေး တာမျိုး မရမက လိုက်စုံစမ်းကြတာမျိုး တွေဖြစ်လာပါ တယ်။ ဒါတင်မက ဘူး ရုရှားက အရာရှိငယ်တွေ အချင်းချင်း မိန်းကလေး ကိစ္စပေါ်အခြေခံ တဲ့ ပြဿနာတွေ ကို ဒီဘက် မီဒီယာတွေ ဆီကို ပို့ တာဖြစ်ပါတယ်။ (ကိုနစ်နေမန်း ကြုံတဲ့ ပြဿနာမျိုးပါ) အမှန်တော့ ဒီ ခြင်ထောင်သံထွက်နေတဲ့ ကိစ္စတွေ ဆိုတာ လူရယ်လို့ ဖြစ်လာ ရင် အနည်းနဲ့ အများတော့ ရှိမှာပါပဲ။ ကျနော် တို့ အနေ နဲ့ နိုင်ငံခေါင်းဆောင်က အစ သူတောင်းစား အဆုံး သာမန်လူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို နားလည်ရင် ဒါတွေဟာ နိုင်ငံရေး စစ်မျက်နှာကို တတ်လာဖို့  ဘာအကြောင်းမှ မရှိဘူး ဆိုတာ ကျနော်တို့ ဘက်ကလူ တွေ သဘောပေါက်ထားဖို့ ပါ။ ကျနော်တို့ လူမျိုးတွေ က ကိုယ်ချစ်တဲ့ လေးစားတဲ့ လူကို သူတော်စင်တစ်ယောက်နီးပါ ကြည်ညိုလေ့ ရှိပါတယ်။ နအဖ သတင်းစာတွေ မှာ ဖော်ပြတဲ့ ဆောင်းပါ အချို့ မှာ ဆို ဒေါ်အောင်ဆန်းစုကြည် ကို ဘိုကတော် ဆိုတာမျိုးတွေ သုံးလေ့ ရှိပြီး ဝန်ကြီးအောင်သောင်း ရဲ့  ကြံဖွတ်တွေ ကို ပြောတဲ့ အတွင်းမိန့် ခွန်းတွေမှာဆိုရင် အယဉ်ကျေး ဆုံးအသုံးအနှုန်းက ကုလားကုန်းမ နဲ့  ဘိုကုန်းမ ဆိုတဲ့ အလုံးတွေ ပဲဖြစ်တယ် လို့ သိရပါတယ်။ ကျနော်တို့ ခင်ဗျားတို့ ကို တော်လှန်ရေး က စောင့်နေပါတယ်။ ကျနော်တို့  သူများ ခြင်ထောင် ကို ဝင်မကြည့်ဖို့ မလိုသလို ပြန်လည်တိုက်ခိုက်ဖို့ လဲ မလိုပါဘူး။ တကယ်လို့  ဒီလို သူ့ ဘက်က ခြင်ထောင် ထဲ ကိုယ်တွေက ချောင်းကြည့်ပြီးအော်လိုက်၊ ကိုယ်တွေ ဘက်က ခြင်ထောင်ထဲ သူတို့ က ချောင်းပြီးအော်လိုက် လုပ်နေရင် နအဖ အကြိုက်ဖြစ်သွားပါ လိမ့်မယ်။ နအဖ တီးတဲ့ တီးလုံး ကို ကိုယ်ကလိုက် ကသလိုဖြစ် နေပါလိမ့်မယ်။

သတိပေးချင်တဲ့အကြောင်း
နောက်ဆုံးဖတ်လိုက်ရတဲ့ (ဆောင်းပါးအစ မှာရေးခဲ့တဲ့) ဘလော့မှာဆို ပြည်ပရောက် အမျိုးသမီးငယ်တစ်ယောက် ရဲ့ အကြောင်းရေးထားတာပါ။ ကြည့်ရတဲ့ ပုံက ပုဂ္ဂိုလ်ရေး ပြဿနာကို နိုင်ငံရေးပြဿနာနဲ့ ရောထွေးပြီးရှင်းထား ဟန်တူပါတယ်။ ပုံမှန်ဘလော့ရေး နေတဲ့ လူအုပ်ထဲက လဲ မဟုတ်နိုင်ဘူးလို့ ထင်ပါတယ်။ ကျနော့အနေနဲ့ အဲဒီ အမျိုးသမီး ဘယ်သူဘယ်ဝါဆိုတာ မသိပေမဲ့ တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ကျနော်လုပ်မှ ဖွသလို ဖြစ်သွားမှာ စိုးရိမ်တဲ့ အတွက်ဘလော့ နာမည်ကိုတော့ မဖော်ပြတော့ပါဘူး။ ဒါပေမဲ့ ဒီလိုတိုက်ခိုက် မှုတွေကို ရှုံချတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ကလောင်ပိုင်ထားတဲ့ လူအားလုံး အနေနဲ့ လဲ ဒီလိုတိုက်ခိုက် မှုတွေမလုပ်ဖို့  သတိပေးချင်ပါတယ်။ ခြင်ထောင် ကိစ္စနဲ့ တိုက်ခိုက်မှုတွေ ဟာ အကောင်းထက် အဆိုးကို ပိုများလာစေဖို့ လဲ ရှိပါတယ်။ အောက်ခြေအရာရှိငယ်တွေ ရဲ့  လှံတံပစ်ပြိုင်ပွဲသတင်း မပြောနဲ့  တကယ်တမ်း ဗိုလ်သန်းရွှေသမီး လူမှုရေးဖောက်ပြန်ခဲ့လို့  သတင်းရေးနိုင်ခဲ့ရင်တောင် တော်လှန်ရေး ချက်ချင်းအောင်သွားဖို့  မရှိပါဘူး။ နအဖ ကို လူထုက အမြင်အရ အသိအရကို မုန်းတီးထား ပြီးဖြစ်ပါတယ်။ ကျနော်တို့ ဘက်ကလူတွေ ကို ခြင်ထောင်သတင်းတွေ နဲ့ တိုက်ခိုက်လို့ လဲ ဒေါသနဲ့  တုံ့ ပြန်ဖို့ မလိုပါဘူး။ အားလုံးဟာ သာမန်လူတွေ ဖြစ်တယ် ဆိုတဲ့ အသိနဲ့ နားလည် ပေး ဖို့ လိုပါတယ်။ ကလင်တန် ရဲ့ ခြင်ထောင်ကိစ္စ (မော်နီကာလူဝင်စကီ) ဟာ အမေရိကန် ပြည်ထောင်စု ကို ဘယ်လို ဒုက္ခမှ မပေးခဲ့ကြောင်း သတိရှိပါ။ ပုဂ္ဂိုလ်ရေး သိက္ခာဆိုတာဟာလဲ ခြင်ထောင် ကိစ္စတစ်ခုထဲ နဲ့  တည်ဆောက်ထားတာ မဟုတ်ပါဘူး။ နအဖ ဆွဲခေါ်တဲ့ လမ်းကြောင်းကို မလိုက်မိဖို့  အထူး သတိပေးလို ပါတယ်။

ဒီမိုကရေစီဘက်သား တွေ ဘာလုပ်နေလဲ
ဒါဟာ ကျနော်က အစ နိုင်ငံရေးခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင် တွေ အဖွဲ့  အစည်းတွေ နဲ့  အလှမ်းဝေးတဲ့ သူတိုင်း အားမလိုအားမရတွေး မိနေတဲ့အတွေးပါ။ စက်တင်ဘာ ကိုဖြတ်သန်းစဉ် အချိန်နဲ့ စက်တင်ဘာအလွန် နီးကပ်တဲ့ ကာလတွေမှာ အင်တာနက်သတင်းစာ မျက်နှာတွေ၊ ဘလော့တွေမှာ သတင်းတွေ ဆောင်းပါတွေ နဲ့  နေ့  စဉ် မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေ ရာကနေ အခုအခါ မှာ သတင်းအနည်း နဲ့ ဆောင်းပါးထုထည် ဟာ သိသိသာသာ လျော့ကျသွားတဲ့ အချက်က အားလုံးရဲ့ စိတ်ကို အားမလိုအားမရ ဖြစ်စေ ပါတယ်။ ဒါပေမဲ့ ဒါဟာလက်ရှိ ကာလရဲ့ ပုံမှန်အနေအထားပါပဲ။ ပြည်တွင်းလူထု လုပ်ရှားမှု တွေ ခေတ္တငုတ်လျှိုးနေ တဲ့ အခါမှာ ပြည်ပခေါင်းဆောင်တွေ ၊ ပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်တွေ အားလုံးဟာ ပွဲသိမ်းတိုက်ပွဲ အတွက် ကိုယ်စီပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နေတဲ့ အကြောင်းကို အသေးစိတ် အချက်အလက်တိုင်း အင်တာနက်စာ မျက်နှာတွေ၊ သတင်းဋ္ဌာနတွေ ဘလော့တွေ မှာ ဖော်ပြဖို့ တော့ မျှော်လင့်လို့  မရပါဘူး။ ရန်သူကို စိတ်ဓါတ်ရေးရာ တိုက်စစ်အရ၊ မျှော့သွေးစမ်း ဖို့  လိုအပ်ချက်အရ ထုတ်ပြန်သင့် တဲ့ သတင်း အချို့ ကလွဲလို့  သိပ်များများ စားစား မျှော်လင့်လို့ မရနိုင်ပါဘူး ။ နောက်တစ်ချက်က ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့  နအဖသတင်းစာတွေ လို့  ဆောင်းပါးဖြစ် ပြီးရော ဆိုတဲ့ အထာနဲ့ ရေးသားနေသူ တွေ တစ်ယောက်တစ်မှ မရှိပါဘူး။ နောက်တစ်ခု က ကျနော်တို့  ဒီမိုကရေစီ ဘက်သားတွေ အနေနဲ့  နအဖစားတွေ လို နအဖ မကောင်းကြောင်း ဝါဒဖြန့် ဖို့ လဲ မလိုအပ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူလူထုဟာ နအဖ ရဲ့ ပကတိ အနေအထားကို ချွေးတွေ၊ သွေးတွေ၊ ဘဝတွေ၊ အသက်တွေ နဲ့ ရင်းနှီး သိထားပြီးလို့ ဖြစ်ပါ တယ်။ ပြည်သူ အများစု ဒီအချိန်မှာ သိလိုတဲ့တစ်ခုထဲ သော မေးခွန်းဖြစ်တဲ့ နအဖ ကို ဘယ်လို ဖြုတ်ချ ပစ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ သတင်းဋ္ဌာနတွေ ကတဆင့်ဖြေဆိုဖို့ ဖြစ်နိုင် မယ် မထင်ပါဘူး။ လိုအပ်တဲ့ အချိန်မှာ ဘာတွေလုပ်ကြမယ် ဘာတွေလုပ်ရမယ် ဆိုတာ ပုံပေါ် လာပါလိမ့်မယ်။ ကျနော်တို့  အားလုံး အဲဒီအချိန်မှာ ဘယ်လိုနေရာက ပါဝင်မလဲ ဆိုတာ ကိုယ့် ကို ကိုယ် တောင်းဆိုထားဖို့  ပဲလိုအပ်ပါတယ်။

တကယ်တော့ မီဒီယာတိုက်ပွဲဆိုတာ စိတ်ဓါတ်ရေးရာ ထိုးနှက်ဖို့  အတွက်ကျနော်တို့  မလွဲမသွေ တိုက်ခိုက်ရမဲ့ စစ်မြေပြင်ဆိုတာ မှန်ပေမဲ့ ဘယ်ဘောင်အတွင်းမှာ တိုက်မယ် ဆိုတာကိုတော့ ကိုယ့်ဘက်က သတ်မှတ်ထားဖို့  လိုအပ်ပါတယ်။ ဘောင်ကျော်လာတဲ့ တိုက်ခိုက်မှုမျိုးကို တုံ့ ပြန်တိုက်ခိုက်ဖို့  မလိုသလို ကိုယ်ဘက်ကလဲ ဘောင်ကျော်တိုက်ခိုက် မှုမျိုး မလုပ်ကျဖို့  သတိပေးပါရစေ။ နအဖ ဘက်က တိုက်ခိုက်လာရင် လဲ အပျင်းပြေ သတင်းတစ်ပုဒ်အနေနဲ့ သာ ဖတ်လိုက်ရုံ ပဲရှိပါတယ်။လူထုတရပ်လုံးပါတဲ့ တ်ာလှန်ရေး မှာ ခေါင်းလဲပါမယ်၊ မိန်းမပျက်လဲပါမယ်၊ နှစ်ပိုင်တစ်ပိုင်းတွေလဲပါမယ်၊ ဆိုက်ကားသမားလဲ ပါမယ်၊ သူခိုးလဲပါမယ် ၊ ဆိုတာကို တော့ သတိမမေ့စေ့ချင်ပါဘူး။ တော်လှန်ရေးအတွက် အရေးမပါတဲ့ သတင်းတွေအပေါ် အပြန်အလှန် ငြင်းခုန်တိုက်ခိုက် ထိုးနှက်နေကြမဲ့ အစား မကြာခင် ဖြစ်ပေါ်လာတော့မဲ့ နောက်ဆုံးတိုက်ပွဲ အတွက် ကိုယ်စီကိုယ်စီ တတ်နိုင်တဲ့ နေရာအတွက် ပြင်ဆင်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

မိုးထက်နေ
(ဒီစာထဲမှာ ပါတဲ့ ဆိုဒ်လင့်တွေ ဗီဒီယိုတွေ အတွက် မိုးထက်နေ လိုက်ကြည့်နေလို့  သိတာပေါ့ ဆိုတဲ့ အလုံးတွေ နဲ့ တိုက်ခိုက်လဲ လုံးဝ အိပ်ရေးပျက်ခံမည် မဟုတ်ပါ။ ကျနော်လဲ သာမန်လူ တစ်ယောက်ဖြစ်ပါတယ်။)

အချိန်ကိုက်ဗုံး

၁၁.၁.၂၀၀၈ သောကြာနေ့ မနက် နိုးနိုးခြင်း ကျနော့ ဂျီတော့မှာ ပလူပျံနေတဲ့ မက်ဆေ့တွေက တော့ ဏေပျီဒေါ် ဘူတာရုံမှာ ဗုံကွဲတယ် ။ လူတစ်ယောက်သေတယ်။ အသေခံ ဖောက်ခွဲမှု ဖြစ်နိုင်တဲ့ ဆိုတဲ့ စာသားတွေ ပါပဲ။ ဝမ်းသာရမလို ဝမ်းနည်းရမလို ခံစားချက်နဲ့  တစ်မနက်လုံး နိုင်ငံတကာ သတင်းဋ္ဌာန ဆိုဒ်တွေ ရှာဖတ်လိုက်၊ ပြည်တွင်း နအဖ သတင်းဋ္ဌာနတွေ ဆိုဒ်တွေ ဝင်ဖတ်လိုက် နဲ့  ပုဂ္ဂိုလ်ရေး ပြဿနာတွေ အလုပ်တွေတောင် ခနမေ့လို့ ပေါ့။

ပထမဆုံးတွေး မိတဲ့ အတွေးကတော့ အသေခံဗုံးခွဲလောက်တဲ့ အကြောင်းတရား၊ အတွေးခေါ် တစ်ခု လူထုသွေးသားထဲ မှာ ဖြစ်ပေါ်နေပြီလား ဆိုတာပါပဲ။ နောက်တစ်မဟုတ်ခြင်း ကျနော် ခံစားလိုက်ရတာက အသေခံဗုံးခွဲသူ (အဲဒီအချိန်က အသိအရ) အမျိုးသမီးကို လေးစားစိတ် နဲ့  ကိုယ့်ကိုကိုယ် မကျေနပ်စိတ်နဲ့ ပူလောင်နေပါတယ်။ စာကြီးပေကြီးသမားတွေ၊ ငြိမ်းချမ်းရေး သမားတွေ အနေနဲ့  အကြမ်းဖက်မှုလို့ သမုဒ်ကြမယ်။ အပစ်မရှိတဲ့ ဘေးလူတွေပါ ဒုက္ခရောက် ကုန်ရော ဆိုတဲ့ အဝေဖန်သံတွေ ကြားရတယ်။ အသေခံဗုံးခွဲတာတို့ ၊ လုပ်ကြံရေးတို့  ဆိုတာတွေ ဟာ တော်လှန်ရေး တစ်ခုရဲ့ အဆုံးသတ်အဖြေ မဟုတ်ပေမဲ့ တော်လှန်ရေး ရဲ့  တချို့ အချိုးအကွေ့ တွေအတွက် အဲဒီတက်လို တယ်လို့  ကျနော်တော့ မြင်တယ်။ တကယ်တမ်း ကိုယ့် အသက်ကို ရင်းပြီး လုပ်ဖို့ ဆိုတာ ဆုံးဖြတ်ချက်ချဖို့ မလွယ်သလို၊ တာဝန်ပြီးဆုံး အောင် အကောင်အထည်ဖော်ဖို့ ဆိုတာလဲ မလွဲပါဘူး။ ဒီဖောက်ခွဲမှု သာ သူ့  ဘဝရဲ့ နောက်ဆုံးနဲ့  အကောင်းဆုံး လုပ်နိုင်တဲ့ လမ်းလို့  တွေးနိုင်မှသာ ဒီအလုပ်ကို အောင်မြင် အောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်။

ကိုယ့်ဘက်က တချို့ ကလည်း ဗုံးတွေခွဲလို့  ဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်လဲ ဘေးကလူတွေ ပဲထိကုန်တာ ဘယ်လောက်သနားဖို့  ကောင်းလဲ ဆိုတာမျိုးပြောတယ်။ တချိုကလဲ ဒါဟာ တော်လှန်ရေးကို လှုပ်နှိုးတာလို့  ပြောတယ်။ ကျနော် ကိုယ်တိုင်လဲ စိတ်မကောင်းတာရယ်၊ အားမလို အားမရဖြစ်တာရယ် ပြွန်းတီးတဲ့ ခံစားမှုနဲ့ စကားလုံးတွေ မဲ့နေခဲ့တယ်။ စိတ်မကောင်း ဖြစ်တာကတော့ ရှင်းပါတယ် လူတိုင်းမလုပ်ရဲ တဲ့ မြတ်မြတ်တဲ့ စွန့် စားမှုအတွက်ပါ။ အားမလို အားမရဖြစ်တာ ကတော့ ယူနီဖောင်းဝတ်တစ်ကောင်မှ အပါခေါ်မသွား နိုင်တဲ့ အတွက်ရယ်၊ ကျနော် သူမလို စွန့် ဖို့ အသင့် မဖြစ်နိုင်သေးတာကို တွေးမိလို့ ပဲဖြစ်ပါတယ်။ ကျနော် တို့  အားလုံး သွေးထွက်သံယိုမှုကို မလိုချင်ဘူး။ နာမှာ သေမှာ ကို ကြောက်ကြတဲ့လူတွေ ပါပဲ။ ဒါပေမဲ့ စက်တင်ဘာ ဇာတ်ခုံပေါ်မှာ နအဖ ကခဲ့တဲ့ ဇာတ်ကွက်အရ သွေးအကျခံ မလား၊ လမ်းပြမြေပုံ ယူမလား ဆိုတာ ကျနော်တို့  တစ်ခုရွေးရတော့ မယ်လို့  ခံစားရပါတယ်။ ကျနော်တို့  စစ်တုရင် ကစားတဲ့ အခါ တဖက်လူရယ် ရွေ့ တဲ့ အကွက်တွေ ပေါ်တည်လို့  တုံ့  ပြန်ရပါတယ်။

နောက် ၁၂.၁.၂၀၀၈ နေလည်လောက်မှာတော့ သတင်းတစ်ခုထပ်ကြား ရပြန်တယ်။ ၁၁.၁.၂၀၀၈ ညနေမှာပဲ ဖြူမြို့ နယ် ညောင်ပင်သာရွာမှာ နောက်တစ်ခါ ခွဲပြန်ပါရော တဲ့။ အဲဒီမှာတော့ ဖောက်ခွဲသူလဲသေ၊ တချို့ က အမျိုးသမီးနှစ်ဦးနဲ့ ကလေး ငယ်တစ်ဦး ဒဏ်ရာရ လို့ ဆိုတယ်။ တချို့ ကလဲ စွမ်းအားရှင်လေး ဦးသေတယ်ရယ်လို့ ဆိုပြန်တယ်။ နောက် သေဆုံးသူ ဆီကနေပြီး သေနတ်၊ကျည်ဆံ၊ မိုင်း (၂) ခု ပါတွေ့ ရတယ်လို့  ဖော်ပြ ထားတာကို တွေ့ ရတယ်။ ကျနော့ စိတ်ထဲ တော်တော် ထိတ်လန့် လာတယ်။ ဖောက်ခွဲရေးလုပ်တာ ကို လိုအပ်ချက်အရ နားလည်ပေးနိုင်ပေမဲ့ ဘေးလူတွေ ထိတာကို တော့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ နောက်တစ်ခါ ၁၃.၁. ၂၀၀၈ မှာလဲ ရန်ကုန်ဘူတာကြီး အမျိုးသမီး အိမ်သာနဲ့  အုတ်တံတိုင်း အကြား နောက်တစ်လုံး ကွဲတယ်လို့ ဆိုပြန်ပါတယ်။ တဝုန်းဝုန်း နဲ့  အိမ်သာတွေ၊ အများဆိုင်နေရာတွေကို ဗုံးတွေ ခွဲနေတာတော်လှန်ရေးလား ဆိုတဲ့ မေးခွန်းကို လဲ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်မေး မိပါတယ်။

ဒါနဲ့ ပဲ ဗုံးခွဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် သိသလို လေး ချရေးကြည့်မိတာကတော့
1. ဗုံးဖောက်ခွဲ မှုဟာ အခြေအနေရဲ့ တောင်းဆိုမှု အရ တော်လှန်ရေးလို အပ်ချက်ကို ဖြည့်စည်း ခြင်း ဖြစ်ကြောင်း အသိမှတ်ပြုပါသည်။
2. အများပြည်သူ နေရာများ ဖြစ်သည့် အတွက် ဗုံဖောက်ခွဲ မှု ရလဒ်ဟာ ရေရှည်မှာစည်းရုံးရေး အရ ထိခိုက်မှုများရှိလာ နိုင်ပါသည်။
3. ထို့ ကြောင့် ဗုံးဖောက်ခွဲ မှုသည် မိမိတို့ ဘက်မှ အင်အားစုများ ရဲ့ လုပ်ကိုင်မှု ဖြစ်ပါက မဟာ ဗျုဟာနေရာများ (ဥပမာ။ ။ လျှပ်စစ်ဓါတ်အားပေး ထရန်စဖော်မာ၊ စစ်ကား၊ ဘူတာရုံများ တွင် ရှိသော RTO ရုံးခန်းများ၊ ကြံဖွတ်/စွမ်း ရုံးခန်းများ၊ အစိုးရရုံးများအား ညဖက်ဖောက်ခွဲခြင်း) ဘက်သို့ ပြောင်းလဲ တိုက်တွန်းဖို့ လိုသည်။
4. ထိုအပြင် ရန်သူဘက်က မိမိတို့ ၏ ပေါ်ပေါက် လာခါနီး လက်နက်ကိုင်တော်လှန်ရေး အား အပုတ်ချရန် ပြည်သူများရှိရာ နေရာများ ကို ဖောက်ခွဲ မှုများ ပြုလုပ်နေခြင်း လဲ ဖြစ်နိုင်ကြောင်း သိရှိထားရန်လို သည်။
5. ဗုံးဖောက်ခွဲ မှု သည် အခြေအနေပေးပါက စစ်ဗိုလ်ချုပ်များ၊ စစ်တပ်အေရိယာ များကို ထိုးနှက် တိုက်ခိုက်နှိုင် ရန်ကြိုးစားသင့်ပါသည်။
6. သို့ မဟုတ်ပါက ပြည်သူလူထု အထိအခိုက် မရှိသော သက်မဲ့ နေရာများ ကို သာ ထိုးနှက် တိုက်ခိုက်ရမည်။
7. ပြည်သူလုထု အထိအရှကို အတတ်နှိုင်ဆုံး လျော့ချ (လုံးဝအထိအပါး မရှိသည်အထိ) လုပ်ဆောင်သွား နိုင်ဖို့ လို အပ်သည်။
8. ဗုံးဖောက်ခွဲ ခြင်း ရဲ့ အနှစ်သာရမှာ လူသေခြင်းမသေခြင်းထက် ပြည်သူလုထု အားတက်စေ ရန်၊ ရန်သူ ထိန်လန့် စေရန် တော်လှန်ရေး အကြိုကာလ သွေးပူ၊သွေးနွှေး၊တပ်လန့် ၊နှိုးဆော် ခြင်း အတွက် လုပ်ဆောင်နေကြောင်း အသိရှိရမည်။
9. ပြည်သူလူထု အမြင်ရှင်းရန်အတွက် မိမိတို့ ဘက်မှ လက်ချက်ဆိုလျှင်လဲ (သက်ဆိုင်ရာ အဖွဲ့ အစည်း မှ) တရာဝင် ဖွင့် ပြ ရမည်ဖြစ်သည်။ ဝါဒဖြန်ချီရေး လိုအပ်ချက်ဟူသော အမြင်မှား ဖြင့် ဟုတ်ခြင်ဟန်ဆောင်နေပါက လူထု အထင် မှား မှု နှင့် ကာလရှည်တွင် ရင်ဆိုင်လာရမည်။
ဒါတွေပဲ ဖြစ်ပါတယ်။ ကျနော် နဲ့ ခင်တဲ့ သူငယ်ချင်း တချို့ ကလွဲလို့ ဘယ်သူမှလဲ မပြဖြစ်ခဲ့ပါ ဘူး။ အခြေအနေ အရ ဒီရက်ပိုင်းစာတွေ မရေးဖြစ်ပေမဲ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲ တွေကို ကိုယ့်ဟာကိုယ် မှတ်ချက် ဒါမဟုတ် သဘောထား သင့်ထားတဲ့ သဘောပါပဲ။ သတင်း ရှုပ်ထွေးမှု တွေကြောင့် ဘယ်သူ လက်ချက်မှန်း မသေချာ မှုအပေါ်မှာ ပဲ သဘောထားပေး လိုက်ရတယ်။

နောက်ဟိုလိုက်ဖတ် ဒီလိုက်ဖတ်နဲ့  နအဖ ကတော့ KNU ကို အခိုင်အမာ စွတ်စွဲထားတာကို သတိထားမိလာတယ်။ ဒါနဲ့ ပဲ ကျနော် KNU နဲ့ ပတ်သက်ပြီး ကျနော် ကိုယ်တွေ့ ကြုံခဲ့ဘူး တာကို ပြန်စဉ်းစားကြည့်မိတယ်။ ပထမတစ်ခု က ၁၉၉၂ (ဒါမှ မဟုတ် ၁၉၉၃) မတ်လလောက် မှာ ဖြစ်ပါတယ်။ KNU အင်းအား ၃၀၀ လောက် ဘားအံမြို့ ကို ဝင်စီးတာပါ။ အဓိကကတော့ ပြည်ထောင်စု ဆိုတဲ့ ရပ်ကွက်ဖက် ကို ဖြစ်ပါတယ်။ ညပိုင်း ၈ နာရီလောက် မှာ စတင်ဝင်ရောက် လာပြီး အစိုးရ အဆောက်အအုံ တချို့ ကို ဗုံးသီးနဲ့  ပစ်တယ်။ ညဖက် ပိုင်း ဖြစ်တဲ့ အတွက် လူမရှိလို့  အထိအခိုက်မရှိပါ။ ရယ်စရာတစ်ခုဖြစ်ခဲ့တာက ဒေသန္တရ ကျန်မာရေး ရုံးကို ပစ်တော့ အဲဒီနေ့ က တာဝန်ခံ ဆရာဝန်လေးတစ်ယောက် က ရုံးထဲမှာ အိပ်ပျော်နေပါတယ်။ ဗုံးသီနဲ့ ထုတဲ့ အခါ ရပ်ကွက်ထဲ က ကလေးတွေ သရက်သီးခူးရင် ရေကန်အုပ်ကျွတ်ဖုံး (ဘားအံမြို့ ရေကန်အများစု အုပ်ကျွတ်ဖုံး လေ့ရှိပါတယ်) ပေါ်ကျတယ် ထင်ပြီး “လူရှိတယ်ကွ…” လို့ လှမ်းအော် ပြောတဲ့ အခါ ဆက်မပစ်တော့ပဲ ထွက်သွားတယ်လို့  နောက်နေ ပြန်ပြောပြပါတယ်။ မနက်လင်းလို့ ကြည့်မှ လူနာစောင့်တဲ့ အဆောင်တခြမ်းပွင့် ထွက်နေတာ မြင်ပြီး တစ်ပတ်လောက် အပြင်းဖျားခဲ့ပါတယ်။

နောက် ည ၁၀ နာရီ ၁၁ နာရီလောက်မှာ ပြည်ထောင်စု ဈေးအနီးတဝိုက်မှာ ရှိတဲ့ အိမ်တွေကို KNU ဗိုလ်အချို့ က လိုက်နှိုးပြီး ပစ္စည်းသိမ်းချိန် ၁၅ မိနစ်ပေး ခဲ့ပြီးမှ ဈေးကို မီးရှို့  ပြီး စစ်ကြောင်း ပြန်ရုတ်သွားခဲ့တယ်လို့  သိရပါတယ်။ ကျနော်တို့ ကတော့ မြို့ ထဲ မှာဖြစ်တဲ့ အတွက် အသံတွေသာ ကြားရပြီးလှုပ်ရှားမှု ကို မမြင်ရပါ။ နောက်နေ မနက်ရောက်မှ သိရတာ ကတော့ ဘားအံမြို့ မှာ ရှိတဲ့ စစ်သင်္ဘောဟာ KNU မြို့ ထဲဝင် လာတာ သိသိခြင်း မြစ်လယ် ကို ထွက်သွားခဲ့ပါတယ်။ ဘားအံမြို့ ပေါ်မှာ ရှိတဲ့ တပ်တွေ က မော်လမြိုင်မှာ ရှိတဲ့ စစ်ဋ္ဌာန ချုပ်က တိုက်ခိုက်မိန့် မရလို့  ထွက်မတိုက်ဘူး လို့ ပြောပါတယ်။ KNU ဆုတ်ခွါပြီး နောင်လုံ ဘက်ရောက် မှ ဘုရားသုံးဆူ ပြောင်းမိန့် ကျထားတဲ့ ရဲ တပ်စိတ်တစ်စိတ်က ထွက်တိုက်တယ် လို့ သိရပါတယ်။ ( အဲလို ထွက်တိုက်လို့ ရဲ ပြည်နယ်မင်းကြီး ချင်းပြည်ပို့ ခံရပါတယ်) ဗိုလ်ချုပ်ကက်စိန် တိုင်းမှုး၊ ဖားအံ စစ်ဒေသမှုး က ဗိုလ်မှုးချုပ်တင်ငွေ လက်ထက်မှာ အဲဒီ အဖြစ် အပျက် ကျနော့ မျက်စိရှေ့ တင်ဖြစ်ခဲ့ပါတယ်။ နောက် အိမ်တွေကို နှိုး ပြီး ပစ္စည်းသိမ်း ဖို့ ပြောတဲ့ အုပ်ထဲ က ဗိုလ်လေးတစ်ယောက် အကြောင်းဟာ ပြည်ထောင်စုဈေးနား က အပျိုတွေ ပါးစပ်မှာ တော်တော် ရေပန်းစား ခဲ့တာကို လဲ သတိရမိပါတယ်။

နောက်တစ်ခု ကတော့ တောင်ငူနားက ငွေတောင်ဆည် ဖွင့်ပွဲမှာဖြစ်ပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီ ၁၂ မှာ လုပ်ခဲ့တဲ့ အဲဒီဆည်ဖွင့် ပွဲကို ဗိုလ်သန်းရွှေ ကိုတိုင်တတ်ရောက်ခဲ့ ပါတယ်။ တကယ် KNU လှုပ်ရှားနယ်မြေ ထဲကို လာတာဖြစ်တဲ့ အတွက် တစ်လလောက် ကတည်းက နယ်မြေခံ တပ်တွေ သာမက အားဖြည့်တပ်ပေါင်း များစွား နဲ့ လှုံခြုံရေးကို စီမံခဲ့ပါတယ်။ မိုင်လေးဆယ်လောက် အတွင်း ဘယ်သူမှ ဝင်လာလို့ မရဘူး ဆိုတာမျိုးတွေကလဲ စိတ်ဓါတ် စစ်ဆင်ရေး အနေနဲ့ ရော ၊ကောလဟာလတွေ ရော ကြွားဝါတာတွေရော နဲ့ လှိုင်လှိုင်ထလို့ ပါ။ ဒီလိုနဲ့  ၁၂ ရက်နေ မနက်ခင်းမှာ ရန်ကုန်က ရဟတ်ယာဉ်တွေ နဲ့  ဗိုလ်သန်းရွှေ နဲ့  အပေါင်းအပါ များရောက်လာ ဖွင့်ပွဲလုပ် ပြီးတော့ နေ့ လည် ၁၁ နာရီလောက်မှာ ပြန်သွား သည် အထိ အေးအေးဆေးဆေးပဲ။ ဖွင့်ပွဲ အထိန်းအမှတ် စားကြသောက်ကြ တီးဝိုင်တွေ တီးကြနဲ့ ပေါ့။ ရန်သူကိုရော၊ ကရင်ပြည်နယ်က ပြည်သူလူထုကိုပါ အကောင်းဆုံး စိတ်ဓါတ် စစ်ဆင်ရေး လုပ်လိုက်နိုင်တယ်လို့ ထင်စရာရှိတာကို။ အဲလို နဲ့  ညရှစ်နာရီ နောက်ပိုင်းလောက် မှ တောင်ငူမြို့ အထွက်က ဟင်းငုတ်ပင် ဓါတ်အားလိုင်းခွဲ ရုံးက ပင်မ ထရန်စဖော်မာ တွေထပေါက်ကွဲ ပါရော။ စုစုပေါင်း လေးလုံး ရှိတာမှာ ဗုံးတစ်လုံး အသွားတဲ့ အတွက် ၁ လုံး အကောင်းအတိုင်းကျန်ခဲ့ပါတယ်။ လူအသေ အပျောက် မရှိပါ။ တောင်ငူ တစ်မြို့ လုံးတော့ လမ်းမီးမှ အပ မလင်းတော့တာတော့ ရှိတာပေါ့။

ဒါဟာ ကျနော် ထိစပ်ဖူး သမျှ KNU ရဲ့ တိုက်ခိုက်ရေး အကြောင်းပါပဲ။ ဗိုလ်ထိန်လင်း၊ ဂျော်နီ၊ ဂျော်ဖြူ ၊ကျော်တုတု စတဲ့ ကျနော် ကြားဖူး ရုံသား ကြားဖူး တဲ့ KNU တိုက်ခိုက်ရေး သမားများ အကြောင်းကို တော့ မဆွေးနွေးနိုင်ပါဘူး ။ ကျနော် သတိထားမိသလောက် တော့ စစ်ဖြစ်တာ လူအသေအပျောက် အထိအခိုက် ရှိမယ်။ အင်္ဂလိပ်ကို တိုက်တုန်းက ၊ ဂျပန်ကို တိုက်တုန်းက၊ တရုတ်ဖြူကို တိုက်တုန်းက စစ်သား ရော၊ သာမန်အရပ်သားရော အသက်ပေါင်း များစွာ ကြဆုံး ခဲ့ရပါတယ်။ ဒါဟာ စစ်ပွဲ တစ်ခု ၊ တော်လှန်ရေး တစ်ခု မှာ မဆိုင်သူရော ဆိုင်သူရော အသက်ပေး ရခြင်း ဆိုတာကို ကျနော်တို့ ရှောင်လွဲလို့ မရပါဘူး။ အခု ကျနော် အနေနဲ့  ဒီမိုကရေး အတွက် တိုက်ပွဲ ဝင်နေကြတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကို တစ်ခုတောင်း ဆိုချင်တာက ဒီဖောက်ခွဲမှုတွေ နောက်ကွယ်မှာ ရှိနေခဲ့တယ်ဆိုရင် ရှိနေကြောင်း တရာဝင် အသိပေးစေ့ချင်ပါတယ်။ အယ်ကိုင်ဒါတွေ ဘယ်လောက်ပဲ ဆိုးဆိုး သူတို့ လုပ်တဲ့ ဖောက်ခွဲ မှုတိုင်း ကို တာဝန်ယူဝန်ခံ တဲ့ အကျင့်လေးကို တော့ ကျနော်လေးစားတယ်။ မဟုတ်ရင် ဟိုလူလက်ချက်လိုလို ဒီလူလက်ချက်လိုလို နဲ့  ပြည်သူ အထင်လွဲ ဖို့ ရှိနေတယ် ဆိုတာ သိစေ့ချင်ပါတယ်။ နောက်တစ်ခု က စစ်တပ်ကို ဗုံးဝင်ခွဲ ရင် တပ်မိသားစု တွေနား ဈေးရောင်း နေတဲ့ ဈေသယ်သေသွားတာ မဆန်းပါဘူး။ ဒါဟာတော်လှန်ရေးရဲ့ သာမန်ဖြစ် စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ စစ်သားတစ်ယောက်မှ မထိပဲ အခုလို မဆိုင်သူတွေ ထိခိုက်နေမယ်ဆိုရင်တော့ ပြည်သူတရပ်လုံး ဟာ တော်လှန်ရေး အပေါ်စိတ်ကုန်လာနိုင်ပါတယ်။

ဆက်တွေးကြည့်တော့ ဗုံးပေါက်ကွဲမှုတွေက နှစ်ရက်လောက်အတွင်း သုံးမြို့ မှာ သုံးခါဖြစ်တယ်။ လူလဲ အနည်းဆုံး တစ်ယောက်တော့ သေတယ်။ သတင်းတွေ အရ ဏေပျီဒေါ် ဘူတာရုံမှာ သေတဲ့ အမျိုး သမီးကို လဲ KNU အနွယ်လို့ ပြောဆိုတာကို တွေ့  ရတယ်။ ဖြူးမှာ သေတဲ့ လူမှာ လဲ တခြားဗုံး နှစ်လုံးကိုပါ တွေ့ ရတယ်လို့ ပြောတယ်။ သေချာစဉ်းစား ကြည့်ရင် KNU ကလွတ်သမျှ ဖောက်ခွဲရေး သမား ၇၀% ( ပေါက်ကွဲမှုသုံးခု) ခန့် ဟာ ဖောက်ခွဲ ရေး မိုင်းကို မနိုင်းနင်းတဲ့ လူတွေ လို့ ကောက်ချက်ချရမလို ဖြစ်နေတယ်။ ကျနော့ ကိုယ်တွေ့ (ဟင်းငုတ်ပင်) ဖောက်ခွဲမှုမှာ ဖောက်ခွဲရေး နည်းပညာမှာ တော်တော် သပ်သပ် ရပ်ရပ် ရှိတာကို တွေ့ ရတယ်။ နောက်တစ်ခု က KNU ကဖောက်ခွဲ တာဆို ဘာကြောင့် အိမ်သာတွေ ချည်း လိုက်ခွဲနေသလဲ လို့ တွေးဖို့ ဖြစ်လာတယ်။ (အိမ်သာမှ မိန်းမအိမ်သာ) ကျနော် ခပ်ဆန်းဆန်းတွေး မိတာတော မိန်းမတစ်ယောက်ယောက်ကို များလိုက်လုပ်ကြံနေ သလားလို့ ။
တော်တော်ထူး ဆန်းတာက ဗုံးတွေ တဝုန်းဝုန်းကွဲနေတုန်းပဲ ကာလအတော်ကြာ နားထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်တွေ့ တာပဲဖြစ်ပါတယ်။ အဲဒီ အကြောင်းကြားမှ ပဲ အချိန်ကိုက်ဗုံး ဆိုတဲ့ အဓိပ္ပါယ်ကို သဘောပေါက်ပါတော့ တယ်။ ဘာကြောင့်တွေ့ ဆုံရေး နှောင့်နေးရတယ် ဆိုတာ ဒေါ်စု ကိုရော၊ ကမ္ဘာကို ပါ ပြောဖို့  အချိန်ကိုက် ခွဲလိုက်တဲ့ ဗုံးတွေ ကို ခေါ်တယ်ဆိုတာ။ ဒီနေ့ မြန်မာပြည်လူထုကို ထိခိုက်လောက်အောင် ရှိနေတဲ့ လျှို့ ဝှက် မှုတွေ အကုန်လုံး အတွက် အနာဂတ်မှာ သမိုင်းနဲ့ ရှင်းဖို့ ပြင်ဆင်ထားစေချင်တယ်။

မိုးထက်နေ
တမင် ဏေပျီဒေါ် ဟုရေးပါသည်။
(ခုဆောင်းပါရေး နေတုန်းပဲ ပဲခူနဲ့  ပန်းဆိုးတန်းမှာ ဗုံးထပ်ကွဲ တယ် ကြားရတယ်။ လက်ညှိးထိုး ခံရတဲ့ အဖွဲ့ အစည်းများ အနေနဲ့  တရားဝင်ဖြေရှင်းချက်များပြုလုပ်ပါလို့  ထပ်ပြီး တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ )