ဧကစာ စစ်တမ်း (သို့ ) ကြေငြာချက် ၁၃၇၀
နအဖ ရဲ့  ဆန္ဒခံယူပွဲ နဲ့ ပတ်သက်လို့  ကျနော် စာနှစ်ပုဒ်ရေးပြီးတဲ့ နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် လုံးဝ စာမရေးဖြစ်တော့ဘူး။ မိမိဘဝ ရပ်တည်ရေး မျှော်လင့်ချက် တစ်ချို့  နဲ့  ရှုပ်ထွေးနေ တာတစ်ကြောင်း၊ ဆန္ဒခံယူပွဲ အပေါ်ကျနော် အမြင်ကို ချပြဖို့  တော်တော်လေး သွေး လန့် နေတာတွေ ကြောင့် မရေးဖြစ်တာ ဖြစ်ပါတယ်။ အဓိက သွေးလန့် တဲ့ ကိစ္စကတော့ ပြည်သူတွေ အနေနဲ့ စိတ်ရှုပ်ထွေးမှာ စိုးရိမ်တဲ့အတွက်ဖြစ်ပါတယ်။ ဒီစာကိုတော့ ဆောင်းပါးတစ်ပုဒ် အနေထက် လက်ရှိကာလ စစ်အုပ်စု နဲ့  အတိုက်အခံ အသိုင်းအဝိုင်း အပေါ်ကျနော် အမြင်ကို စစ်တမ်းတစ်ခု အနေနဲ့  ရေးလိုက်ပါတယ်။
စစ်အုပ်စု ရဲ့ နောက်ဆုံးကျည်
စစ်အုပ်စု ဟာ စက်တင်ဘာ အရေးအခင်း ပြီးတဲ့ အခါ မြင့်မားလွန်းတဲ့ တော်လှန်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး ရေချိန်၊ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေ အောက်မှာ အကြီးအကျယ် ဒဏ်ရာဗလပွနဲ့  နလန်မထူနိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ အချိန်ယူ ပြီး အနာကို ကျက်စေခဲ့တဲ့ ကာလတစ်ခု ကျော်ဖြတ်ခဲ့ ပြီးတဲ့ အခါမှာ နောက်ဆုံးကျည် တစ်တွဲ ကို ပစ်ခတ်လိုက်ပါတယ်။ အဲဒီကျည်ဆံကတော့ မေလ ဆန္ဒခံယူပွဲ နဲ့  ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာပါပဲ။
ဒီအချက် ကိုကြည့်တာနဲ့  စစ်အုပ်စု ဟာ ဘယ်ကိစ္စကို မဆို စစ်ရေးအမြင် နဲ့  အဂ္ဂဗျူဟာ ဆန်ဆန် သုံးသပ်ကိုင်တွယ် တယ်ဆိုတာကို သိနိုင်ပါတယ်။ မေလဆန္ဒခံယူပွဲ ဟာ ပထမ ခံစစ်ကြောင်း ဖြစ်တယ်။ ဆန္ဒခံယူပွဲ ဟာ ဒုတိယခံစစ်ကြောင်း ဖြစ်တယ်။ ပထမခံစစ်ကြောင်း မှာ ရန်သူကို အနိုင်ယူဖို့  အဓိကမဟုတ်တဲ့ အခြားသော အကျိုးအမြတ် တွေကို မရမက လုပ်ယူ သွားမှာ ဖြစ်ပါတယ်။ မည်သို့ ပင်ဖြစ်စေ အနိုင်ရဖို့  ကိုတော့ အစွမ်းကုန် ကြိုးစာပါလိမ့် မယ်။
အဖြူ … အမဲ
မေလရွေးကောက်ပွဲမှာ ပြည်သူတွေ ဘက်ကတော့ မူကြမ်းကို ကန့် ကွက်မှာသေချာပါတယ်။ စစ်အုပ်စုဘက်ကလဲ ကန့်  ကွက်မဲ ကို ထောက်ခံမဲ ဖြစ်အောင် စစ်အုပ်စု လက်ကိုင်အဖွဲများ၊ ဝန်ထမ်းအင်အားစုများ ၊ အလိုတော်ရိ စီးပွားရေး သမားများ ရဲ့ အားကို အစွမ်းကုန် အသုံးချဖို့  ကြိုးစားပါလိမ့်မယ်။ အောင်မြင်ကောင်းလဲ အောင်မြင်သွားနိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ သူတို့ ရရှိပြီးသား သင်ခန်းစာ ( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရရှိသော မဲများတွင် လက်နက်ကိုင် အဖွဲ အစည်းမှ ဝန်ထမ်းများနှင့် မိသားစုများရဲ့ ထောက်ခံမဲများ ပါဝင်ခြင်း) ကို ကြေလည်စွာ သုံးသပ်အသုံးပြုပြီး ရွေးကောက်ပွဲကို ၂ နှစ်နီးပါး အချိန်ယူ သတ်မှတ်ထား ပါတယ်။
ဆန္ဒခံယူပွဲ
ယေဘုယျ ကတော့ ဆန္ဒခံယူပွဲ က ထွက်ပေါ်လာမဲ့ ရလာဒ်ဟာ မူကြမ်းကို အတည်ပြုခြင်း ၊ အတည်မပြုခြင်း ဆိုတဲ့ ရလာဒ်နှစ်ခုသာ ထွက်ပေါ်လာဖို့ ရှိပါတယ်။ တကယ်လို့  မူကြမ်း အတည်ဖြစ်တယ် ဆိုရင်လဲ ကျနော်တို့ တိုင်းပြည် တစ်ခုလုံးကို စစ်ကျွန်အဖြင့် တရားဝင် ခြေတော်တင်ခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မူကြမ်းကို ကန့် ကွက်နိုင်ခဲ့တယ် ဆိုရင်လဲ စစ်အုပ်စု အနေနဲ့  အချိန်ကိုထပ်ပြီး ဆွဲဆန့် ဖို့ အခွင့်အရေး ပေးသလို ဖြစ်သွားနိုင်ပါသေး တယ်။
ကျနော် အမြင်ကတော့ စစ်အုပ်စုဟာ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ အစရှိတာတွေကို ဘာကြောင့် ကသမ်းကရမ်း ထလုပ်သလဲ ဆိုတဲ့ အပေါ်မှာ အမြင်ကတော့ ပြည်သူ လူထုဟာ လမ်းပြမြေပုံ ကို ပူးပေါင်းတယ် ဆိုတာကို ပြည်သူလူထုကိုရော နိုင်ငံတကာကိုပါ လက်ခံ စေချင်တာ ကြောင့်လို့  ယူဆပါတယ်။ ခုချိန်ထိ နိုင်ငံတကာအမြင်၊ ပြည်သူလူထု အမြင်မှာ လမ်းပြမြေပုံ ၊ အမျိုးသားညီလာခံ တို့ ဟာ ပြည်သူလူထု ထောက်ခံမှု မရှိပဲ စစ်အုပ်စုနဲ့  စစ်အုပ်စု အလိုတော်ရိ အဖွဲအစည်း အများစုရဲ့  ဇွတ်တရွတ် လုပ်ဆောင်မှုလို ပဲ အသိအမှတ် ပြုထားပါတယ်။ ဆန္ဒခံယူ ပွဲ ပြီးသွားတဲ့ အခါမှာတော့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ စစ်အုပ်စု ရဲ့  လမ်းပြမြေပုံကို ပူပေါင်းလိုက် တာပဲဖြစ်ပါလိမ့်မယ်။ ကျနော်ထင်ပါတယ် စစ်အုပ်စုက လဲ ဒီအချက်ကို ပဲ ပထမခံစစ်ကြောင်း အနေနဲ့  အသုံးချဖို့  ပြင်ဆင်တာ ဖြစ်ပါတယ်။ သေချာတာကတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ဟာ အလိုလို ပျက်စီးသွား ပါလိမ့်မယ်။
အတိုက်အခံများ
အတိုက်အခံ အများစု အနေနဲ့  ကတော့ VOTE NO ဆိုတာကလွဲလို့ တခြားဘာမှ ပြင်ဆင် ထားတာမရှိပါဘူး။ VOTE NO လှုပ်ရှားမှုကို သုံးသပ်တဲ့အခါမှာလဲ ပြည်သူလူထု ဆန္ဒကို မျောလိုက်တာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဆန္ဒခံယူပွဲ အစီအစဉ်ကို ကြေငြာတာနဲ့ တစ်ပြိုင်ထဲ ပြည်သူလူထုဟာ ဖွဲစည်းပုံမူကြမ်းကို ကန့် ကွက်ဖို့  အသင့်ရှိထားတယ်လို့  ကျနော်အနေနဲ့  ယုံကြည်တယ်။ ပြည်သူ အနေနဲ့  ကန့် ကွက်မဲ့ ထဲ့တယ် ဆိုတဲ့ လှုပ်ရှားမှုထက် အရှိန်ပိုကောင်း တဲ့ လှုပ်ရှားမှု ကို မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ကျနော်နဲ့ အဆက်အသွယ် ရှိသလောက် Vote No လှုပ်ရှားမှုကို တက်ကြွစွာ ကြွေးကြော်နေတဲ့ ခေါင်းဆောင်များ၊ တော်လှန်ရေး သမားများ ကို Vote No ပြီးတဲ့ အခါမှာ ဘာတွေ ဆက်လုပ်ဖို့ ရှိလဲ လို့ မေးတဲ့အခါမှာတော့ တော်လှန်ရေး အရှိန်မြင့်မယ် ဆိုတာက လွဲလို့  တိကျတဲ့ ဘယ်လို လမ်းကြောင်း (အစီအစဉ် အတိအကျ ကိုမဆိုလိုပါ) ကို မပြောနိုင် ပါ။ ကျနော်မြင်တွေ ကြားသိသလောက်တော့ Vote No လှုပ်ရှားမှုရဲ့  အခြေခံ အကြောင်းက
၁။ အသင့်ဖြစ်ပြီးသာ ပြည်သူ့  ရေချိန်ကို မျောလိုက်ခြင်း
၂။ ရန်သူလုပ်သမျှ ဆန့် ကျင်မယ်ဆိုတဲ့ အကြမ်းစား အဘိဓမ္မာအပေါ် အခြေခံခြင်း
၃။ အကန့် တစ်ခု ( ဟိုကွေ့ ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက် နဲ့  လှော်) ဆိုတဲ့ အစီအစဉ်မဲ့ တိုက်ပွဲ ခင်းကျင်းခြင်း
စတဲ့ အချက်တွေ အပေါ်မှာ အခြေခံ ထားတာပဲဖြစ်ပါတယ်။
ဆောင်ပုဒ် အမှားများ
“ငုနှင့် ပိတောက်နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်”
“ပုရစ်ဖူးတို့  နွေမှာဝေ၊ စစ်ဘီလူးတို့ မေမှာသေ”
စတဲ့ စာလေးတွေ ကို ကြည့်ရင် မေလ ဆန္ဒခံယူပွဲ နဲ့  ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို ဇွတ်တရွတ် ဆွဲချိတ်ထားတာကို တွေ့ ရပါတယ်။ တကယ်လို မေလဆန္ဒခံယူပွဲ ရဲ့ ရလာဒ်ပေါ် အခြေခံပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို ဆက်လက်အသိအမှတ်ပြု မပြု ဆုံးဖြတ်မယ် ဆိုရင်တော့ ဒီဆောင်ပုဒ်ဟာ အဓိပ္ပါယ် ပြည်ဝတယ်လို့ လက်ခံနိုင်ပါတယ်။ လက်ရှိအခြေအနေ မှာ တော့ မေလဆန္ဒခံယူပွဲ မှာ ဖွဲစည်းပုံကို ကန်ကွက်တာနဲ့ တော့ စစ်အုပ်စု ပြုတ်ကျမှာ မဟုတ်သလို ၊ NLD ပါတီ လွတ်တော်ခေါ်ယူနိုင်ဖို့ လဲ မမြင်ပါဘူး။ ဖြစ်ချင်းဖြစ်ရင် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်လုံးဝ ပျက်သွားပြီး ရွေးကောက်ပွဲ အသစ်တစ်ခု ဖြစ်လာဖို့ ပဲ ရှိပါတယ်။ ဒီလို အဓိပ္ပါယ်ထွက်တဲ့ ဆောင်ပုဒ်မျိုးတွေဟာ ပြည်သူကို အတွေးအခေါ် လွဲမှား စေတဲ့ အတွက် ကျနော်ရှုံချပါတယ်။ ဖွဲစည်းပုံအတည်ပြုခြင်း မပြုခြင်းနဲ့  စစ်အုပ်စုပြုကျခြင်း မပြုတ်ကျခြင်းဟာ သိပ်ကို ဝေးလွန်းအားကြီးပါတယ်။ ဖြစ်နိုင်တာက ရန်သူ့ ဘက်က ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထု အနေနဲ့ ကြီးမားတဲ့ လှုပ်ရှားမှု တစ်ခုမှ ပေါ်ပေါက်မလာပဲ ဆန္ဒခံယူပွဲမှာ ကန့် ကွက်မဲ့ ပေးတာနဲ့  ဒီမိုကရေစီ အစိုးရ ချက်ခြင်းရမယ် ဆိုတဲ့ အသိမျိုးပေးဖို့  အတွက် ပေးတဲ့ နှပ်ကြောင်းမျိုး ဖြစ်နိုင်ပါတယ်။
ကာလံ
ဆန္ဒခံယူပွဲကို ဘာလို့  မေလမှာလုပ်သလဲလို့ တွေးတဲ့ အခါမှာ ရှေ့ တစ်လဖြစ်တဲ့ ဧပြီလဟာ လူထုအုံ့ ကြွမှု တစ်ခုစတင်ဖို့  အတွက်တော်တော် အခက်အခဲရှိ တာကိုတွေ့ ရပါတယ်။ ဧပြီလရဲ့  ၃ ပုံ ၁ ပုံဟာ ဝန်ထမ်းအားလုံး တရာဝင် ပိတ်ရက်ရှည် ဖြစ်တယ်။ တက္ကသိုလ်၊ ကောလိပ်တွေ ၊ အခြေခံပညာကျောင်းတွေ အားလုံးရဲ့ နွေကျောင်းပိတ်ရက်လဲ ဖြစ်တယ်။ နောက် အခက်ခဲဆုံး ပြဿနာတစ်ခုက မြန်မာ လူထုတစ်ရပ်လုံး ရဲ့  အသည်းနှလုံးပွဲတော်လို့ ပြောတဲ့ သင်္ကြန်ပွဲပဲဖြစ်ပါတယ်။ သင်္ကြန်ပွဲ ဟာ အခြားပွဲတော်တွေ နဲ့  မတူတဲ့ အချက်တစ်ခုက မြန်မာပြည်အတွင်းမှာ ရှိတဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့  ပွဲတော် တစ်ခုဖြစ်နေခဲ့ပြီး၊ သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်ဟာ သင်္ကြန်အတွက်ပြင်ဆင်ရင်း၊ သင်္ကြန်ပြီးတစ်ပတ်လောက် ဟာ သင်္ကြန်ဒဏ်တွေ ကို ကုစားကြည်နူးရင် ကုန်လွန်လေ့ရှိပါတယ်။ အချိန်ကာလ ရဲ့ အတားအစီး ကိုက လူထုလှုပ်ရှားမှု တစ်ခု ပေါ်ပေါက်ဖို့ ကို ခက်ခဲစေပါတယ်။
အဂ္ဂံ
ဆန္ဒခံယူပွဲ အပေါ်မှာ ကျနော်တို့  အနေနဲ့  အမြင့်ဆုံး နဲ့  အဖြစ်နိုင်ဆုံး တိုက်ပွဲဟာ ကန့် ကွက်မဲ့ ထည့်ဖို့ ဆိုတာ ကို ကျနော် လက်ခံပါတယ်။ မူကြမ်းကို ကန့် ကွက်ဖို့ ဆိုတာလဲ NLD အပါအဝင်၊ အတိုက်အခံများ လှုံဆော်သည်ဖြစ်စေ မလှုံဆော်သည် ဖြစ်စေ ပြည်သူ အနေနဲ့  အသိစိတ်ဓါတ်အရ၊ ခံစားချက်အရ ဖြစ်ပေါ်လာမဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင်များ အဖွဲအစည်း များ အနေနဲ့  ပထမခံစစ်အဖြစ် NO VOTE လှုပ်ရှားမှု ကို အစပြုပြီး လူထုတိုက်ပွဲ တစ်ခုပေါ် ပေါက်ဖို့  ကြိုးစား သင့်ပါတယ်။ NO VOTE မအောင်မြင်မှ သာ VOTE NO လှုပ်ရှားမှုကို ဗဟိုခံစစ် အနေနဲ့  အသုံးချဖို့  ကောင်းပါတယ်။ အတိုက်အခံပါတီများ၊ အတိုက်အခံ ခေါင်းဆောင်များ အနေနဲ့  တစ်ခါတစ်ရံမှာ လူထုကို ဦးဆောင်မှု ပေးဖို့ ၊ လမ်းကြောင်းတစ်ခုပေါ်ကို ဆွဲတင်ပေးဖို့  တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာက စလို့  အခုအချိန်ထိ အများစု ဟာ လူထုဖြစ်စေချင်တဲ့ သတင်းမျိုးတွေ ပေးလိုက်၊ လူထုနောက်ကို အသာအယာ မျောလိုက်လိုက်နဲ့  ထီထိုးတဲ့ အဆင့် သာသာပဲ ရှိနေသေးတာကို တွေ့ ရပါတယ်။ မင်းသိင်္ခ ဝတ္ထုတွေ ထဲကလို ကျနော်မသိနိုင်တဲ့ နောက်ကွယ် အကြောင်း တွေနဲ့  မယုံနိုင်လောက်တဲ့ အစီအစဉ်တွေ ရှိခဲ့တယ် ဆိုရင်တော့ ကျနော် ရဲ့ ညံ့ဖျင်းမှု သာဖြစ်ပါလိမ့်မယ်။
ယနေ့ တော်လှန်ရေး
ကျနော် ဟာ နိုင်ငံရေးသမား၊ အနုပညာသမား တစ်ယောက်မဟုတ်ပါ။ ဘလော့ရေးသူ တစ်ယောက်လဲ မဟုတ်ပါ။ ကျနော့မှာ စစ်အုပ်စု ရဲ့  မတရားမှုတွေ ကို လက်မခံနိုင်တဲ့ သာမန်လူတစ်ယောက်သာဖြစ်ပါတယ်။ ယောင်္ကျားမိန်းမ သံဝါသ ကိစ္စတွေ မသိခင် ကတည်းက တော်လှန်ရေးကို သိခဲ့တယ်။ ရင်နှီးကျွမ်းဝင်ခဲ့တယ်။ ဒီနေ့ ဒီအချိန်အထိလဲ တော်လှန်ရေး အပေါ်မှာယုံ ကြည်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ ကျနော်ဟာ မဲပေးခွင့်ရဖို့  အသက် လက်တဖက်စာ မကလိုသေးတယ်။ ဒါပေမဲ့ အဲဒီကာလ အပြီးသိပ်မကြာခင်မှာပဲ ကျနော် ကိုယ်တိုင် စစ်အုပ်စုရဲ့  မတရားမှု ရက်စက်မှုတွေ ကို မြင်ခဲ့ဘူးတယ်။ အခု အချိန်မှာတော့ ကျနော့ အသက်ဟာ မဲပေးခွင့်ရှိတဲ့ အသက်က လက်နှစ်ဘက်စာ မကတော့ဘူး။ ဒါပေမဲ့ ကျနော်တို့  တော်လှန်ရေးက အခုအချိန်ထိ အဆုံးမသတ်နိုင်သေးဘူး။
ကျနော် တို့  ဘက်ကလူတွေ ရဲ့ ညံ့ဖျင်းမှုကြောင့်သာ စစ်အုပ်စုအသက်ရှည်နေတာ လို့ မြင်ပါတယ်။ ဂန္ဒီခန်းမ ကအစ ရွှေဝါရောင် အဆုံး ကျနော်တို့  မှာ တိကျတဲ့တော်လှန်ရေး အဘိဓမ္မာ မရှိခဲ့ဘူး။ စစ်အုပ်စုကို အကောင်းမြင်တယ်။ ရန်ငါပြတ် ဖို့ ပါးစပ်က အော်နေတဲ့ လူတွေကိုယ်တိုင် တပ်နဲ့ ပြည်သူ လက်တွဲကူ ဆိုတဲ့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ် အတွေး အခေါ်တွေ ပြည့်နှက်နေတယ်။ အတိုက်အခံတွေ ကြားထဲမှာပဲ အယူဝါဒတွေ ပြိုင်ဆိုင်တယ်။ သြဇာအာဏာပြိုင်ဆိုင်တယ်။ စစ်အုပ်စု မှာလဲ အာဏာအပြိုင်အဆိုင်ပြဿနာတွေ ရှိတယ်ဆိုပေမဲ့ စစ်အုပ်စုမှာ တစ်သွေးတသံ တမိန့် ဆိုတဲ့ သူတော်ချင်းချင်း သတင်းလွေ့ လွေ့  စိတ်ဓါတ်ရှိတယ်။ ပြည်တွင်းရေး ပြဿနာ ၊ တိုင်းရင်းသားအချင်းချင်း သဘောထားကွဲ လွဲမှု လို ပါးစပ်ကပြောနေပေးမဲ့ လက်တွေ့ မှာ အတိုက်အခံ ဟူသမျှ ကလေးအရွယ်က အစ သက်ကြီးရွယ်အိုတွေ အထိ လိုအပ်ရင် ပစ်သတ်ဖို့ ၊ ရိုက်နက်ဖို့ ၊ ထောင်နှစ်ရှည်ချလိုက်ဖို့ ဝန်မလေးဘူး။ ကျနော်တို့ အတိုက်အခံဘက်မှာ ဘုံကျတဲ့ တော်လှန်ရေး အတွေးအခေါ်တစ်ခုနဲ့ (Common Ground) မမောင်းနှင်နိုင်သမျှ တော်လှန်ရေး ကပြီးနိုင်မှာ မဟုတ်ဘူး။
မှန်းဆခြင်း ပြည်သူ
တကယ်လို့  မေလဆန္ဒခံယူပွဲရဲ့ ရလာဒ်ဟာ မူကြမ်းကို အသိအမှတ်ပြုပေးခဲ့ရင် တိုင်းပြည်တစ်ခုလုံး တရားဝင်စစ်ကျွန် ဖြစ်မယ် ဆိုတာကိုတော့ ဆွေးနွေးဖို့ မလိုတော့ပါဘူး။ အခြားအခြားသော ပုဂ္ဂိုလ်များလဲ ရှုထောင့်မျိုးဆုံကနေ တင်ပြပြီးပါပြီ။ ပြည်သူ အပေါ်မှာ ဘယ်လိုသက်ရောက်မလဲ တွက်ချက်ကြည့်တဲ့ အခါ
၁။ ပြည်သူအနေနဲ့  နအဖရဲ့ ဒုတိယအကြိမ်အလိမ်အညာကို သိရက်နဲ့  ခံလိုက်ရတဲ့ အတွက် စိတ်ဓါတ်ကျသွား နိုင်တယ်။
၂။ အတိုက်အခံအဖွဲ အစည်းအချို့ ဟာ “လုံးဝ မရှိတာတဲ့ နည်းနည်းရှိတာကောင်းတယ်” ဆိုတာမျိုးဆန်ဆန် ဟစ်အော်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အတွက်ပြင်ဆင်လိမ့်မယ်။
၃။ ပြည်သူလူထုဟာ အတိုက်အခံ ကိုရော ၊ စစ်အုပ်စုကိုပါ အကြီးမားဆုံး စိတ်ပျက်မှုနဲ့  စိတ်ကုန်ပြီး ဗဟိုချက်ပျောက်ကုန်မယ်။အများစု အတ္တပဒါန ဝါဒီတွေ ဖြစ်ကုန်မယ်။
အသိအမှတ်မပြုခဲ့ တဲ့အခါ
၁။ ရုတ်တရက်တော့ ပြည်သူလူထုဟာ နအဖ ကို ဆန့် ကျင်လိုက်တဲ့အတွက် ပျော်ရွှင်လိမ့်မယ်။
၂။ ပြည်သူလူထု အနေနဲ့  ၁၉၉၀ နောက်ပိုင်း စစ်အုပ်စုသွားချင်တဲ့ လမ်းကြောင်းတစ်ခုကို ဖျက်စီးနိုင်တဲ့ အတွက် တော်လှန်ရေး တစ်ခုပြီးမြောက်တယ် ဆိုတဲ့ ခံစားမှုမျိုး ခံစားရမယ်။ (နောက်ဆုံးတိုက်ပွဲ မဟုတ်ဘူးဆိုတာကို ကာလတစ်ခု အထိ မေ့နေလိမ့်မယ်)
၃။ အခြေခံ ဥပဒေအပေါ်ကို လက်ခံခြင်း၊ လက်မခံခြင်း ကလွဲလို့  အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲတွေ ဖြစ်မလာတဲ့ အခါမှာ နည်းနည်း အားမလိုအားမရဖြစ်လာမယ်။
မှန်းဆခြင်း စစ်အုပ်စု
မေလဆန္ဒခံယူပွဲ ကျင်ပဖြစ်တဲ့ နောက်ကွယ်မှာ ( လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ) စစ်အုပ်စု အပေါ်သက်ရောက် နိုင်တဲ့ အချက်တွေကတော့
၁။ နိုင်ငံတကာရဲ့ အမြင်မှာ လမ်းပြမြေပုံကို ပြည်သူက ပူပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ ဝါဒမျိုး အလိုလို ဖြန့် ချီပြီးဖြစ်မယ်။
၂။ အတိုက်အခံ အဖွဲ့ အစည်းအားလုံးဟာ စစ်အုပ်စု ကြိုးဆွဲရာလိုက်ပါတယ်ဆိုတဲ့ စိတ်အားတက်မှုမျိုး ရရှိနိုင်တယ်။
၃။ ၁၉၉၀ ရွေးကောက်ပွဲ ရဲ့ ရလာဒ်ကို အလိုလို ဖျက်ပြီး ဖြစ်မယ်။
သံသယ ဖြစ်ဖွယ် အတွေးများ
၁။ မဲမပေးပဲ ဆန္ဒခံယူပွဲကို ဖျက်ရင် စစ်အုပ်စုလုပ်ချင်တိုင်း လုပ်ခွင့်ရမည်။ (အစည်းဝေးဖြစ်စေ၊ မဲဆန္ဒခံယူပွဲ ဖြစ်စေ ထမြောက်ရန် အစည်းဝေး တက်ရောက်ခွင့်ရှိသူ၊ မဲဆန္ဒပေးခွင့်ရှိသူရဲ့  ရာခိုင်နှုန်းတချို့ လိုအပ်သည်ဟု ထင်ပါသည်။ )
၂။ “ငုနှင့် ပိတောက်နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်” စတဲ့ဆောင်ပုဒ်တွေ ဟာ မေလဆန္ဒခံယူ ပွဲ ရဲ့  အဓိပ္ပါယ် ကို ပြောင်းလဲ စေပါတယ်။
အထက်ပါ အတွေး အခေါ်များ သည် မိမိဘက်မှ အတွေးခေါ်အားနည်းပြီး ဂရုမမူစွာ ထွက်ပေါ်လာတာမျိုး ဖြစ်နိုင်သလို ၊ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် စိတ်ကူးဖဲစီ နေတဲ့ တတိယအုပ်စု များရဲ့  အသံလဲ ဖြစ်နိုင်ပါတယ်။ ရန်သူ စစ်အုပ်စု ကိုယ်တိုင် ရဲ့ နှပ်ကြောင်းပေး အတွေးအခေါ်မျိုးလဲ ဖြစ်နိုင်ပါသေးတယ်။
မေလဆန္ဒ ခံယူပွဲ မှ သည် ၂၀၁၀
ဒီ ၂ နှစ်သာသာ ကာလအတွင်း စစ်အုပ်စုကို ပွဲသိမ်းအနိုင်ယူနိုင်မှု မရှိပဲ လွန်ခဲ့တဲ့ နှစ်တွေ အတိုင်းရှိနေရင် NLD ၊ ၈၈ ပြည်ပ စတဲ့ အဖွဲ အစည်း အားလုံး ရဲ့ အခန်းဟာ ပြည်သူ့ ရင်ထဲမှာ တစစ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ ၈၈၈၈ အရှိန်နဲ့ သွားနေတဲ့ တော်လှန်ရေးဟာ လုံးဝ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ ပြီးမှသာ တစ်စတစ်စ ပြန်လည်အသက်ဝင်တော်လှန်ရေး (Neo Revolution) တစ်ခု ဆီကို တစစပြောင်းလဲခြင်း အဆင့်(Evolution Stage) ကနေ
ပြန်လည် စတင် ဦးတည်ပါလိမ့်မယ်။
မေတ္တာရပ်ခံချက်
မိသားစု ဘဝကို စနစ်တကျ တည်ဆောက်ပြီး ဖြစ်သော၊ အသက်အရွယ် အိုမင်းပြီး အပိုဒုက္ခမရှာလို သော နိုင်ငံရေးသမား ၊ တော်လှန်ရေး သမားများ အနေနဲ့ လဲ တော်လှန်ရေးပေါ် သစ္စာရှိကြောင်း ပြချင်ယုံ တစ်ခုအတွက် ယှဥ့်လဲလျှောက်သာ၊ ပျားလဲ ဆွဲသာ လှုပ်ရှားမှု မျိုးကို ရပ်တန့် ဖို့ ကောင်းပါပြီ။ လမ်းမပေါ်ထွက်အော်မှ၊ သေနတ်နဲ့ တေ့ ပစ်မှ တော်လှန်ရေးမဟုတ် ပါ။ မိမိရောက် ရှိရာ နိုင်ငံများကနေ ငွေကြေး အကူအညီ ပံ့ပိုးပေးတာလဲ တော်လှန်ရေး ဆိုတာသဘောပေါက်စေချင်ပါတယ်။ ခြံစည်းရိုးခွ ထိုင်မဲ့ အတွေးအခေါ်တွေကို ခေါက်သိမ်းပြီး တကယ်စွန်လွန့် နိုင်မဲ့လူငယ်တွေကို ငွေကြေး၊ ခေါင်းဆောင်နေရာ ၊ နာမည် တို့ ကို လွဲပြောင်း ပေးဖို့  အချိန်ရောက်နေပါပြီ။ ဗျာဒိတ်ပေး ကိုယ်တော်ကြီးတွေလို့  မိန့် မိန့် ကြီးပြုံးပြီး ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား လုပ်နေရမဲ့ ကာလ မဟုတ်တော့ပါဘူး ။ လူထုခေါင်းဆောင်ဆို တဲ့ နေရာဟာ တကယ် လူထု အခက်အခဲ တွေ့ တဲ့ အခါမှာ အလိုလို ပေါ်ထွက်လာလိမ့်မယ်။
(NLD CEC လူကြီးမင်းများနဲ့  အချို့ သော ၈၈ ပြည်ပ များကို မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။)
ဧကစာ ကြေငြာချက် ၁၃၇၀
ဒီနေ့ ဒီအချိန်အထိ ကျနော်ဟာ မဲပေးခွင့် ရှိတဲ့(တသက်လုံး ကြီးတော်နွား အလကားကျောင်းခဲ့ တဲ့ ၊ တခါခါ ကြီးတော်ဖို့  တောင် ဟင်းစားရှာပေးတဲ့ ) နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ကျနော့ အနေနဲ့  မေလဆန္ဒခံယူ ပွဲကို လုံးဝ (လုံးဝ) မဲပေးမည် မဟုတ်ပါ။ ကျနော် သည် နအဖ စစ်အုပ်စုအား ယနေအချိန်အထိ တရားဝန် အစိုးရအနေနဲ့  ဖြစ်စေ၊ တိုင်းပြည် အနာဂါတ်အား ဆုံးဖြတ်ထိန်းကြောင်း နိုင်သည့် အဖွဲ့ အစည်း တစ်ခုအနေနှင့် ဖြစ်စေ အသိအမှတ်မပြုပါ။ ဒါကြောင့် စစ်အုပ်စု အပေါ် အာဏာစွန့် လွတ် ပေးရန်မှ လွဲပြီးမည်သည့် ဆန္ဒမျိုးကိုမှ မပေးနိုင်ပါ။ ယခု အချိန်မှာတော့ နောက်အချိန် တော်လှန်ရေးအသစ်ပေါ်ပေါက်လာတဲ့ အခါမှာ အတွေးအခေါ်ကလွဲလို့  တခြားအကူအညီများ ပေးနိုင်အောင် ပြင် ဆင်ရင်၊ ဝိုးတဝါး မြင်နေရတဲ့ နအဖ ကို ဖြုတ်ချအာဏာသိမ်းရေး ကို တစိုက်မတ်မတ် ဆောင်ရွက်နေတယ် ယုံရတယ် အညတရ တော်လှန်ရေး အဖွဲ့ အစည်း လေးတွေကို စောင့်ကြည့်နေရင် ကျနော် တိတ်တိတ်ကလေး နေနေပါတယ်။
မည်သို့  ပင်ဖြစ်စေ တော်လှန်ရေးက ရှေ့ ဆက်နေလိမ့်မယ်။ စစ်အုပ်စုလဲ မကြာခင် မီးငြိမ်းတော့မယ်။
မိုးထက်နေ
3 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):
တခုလေးပဲပြောပြချင်တယ်။ မဲပေးတာဟာ ၁၉၉၀ ရွေးကောက်ပွဲ ဖျက်ဆီးစေမှာ မဟုတ်ပါဘူး. ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်မပြုပဲ သူ့ဖာသာ ဇွတ်ရေးဆွဲတဲ့ ဥပဒေဖြစ်တဲ့အချက်တခုကိုပဲ ကန့်ကွက်သင့်နေပြီဆိုတဲ့ အတွက် ဒါဟာ ၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုဆဲ ဖြစ်ပြီး ၉၀ ရလာဒ် ဆက်လက်တည်တန့်ဖို့ ကြိုးပမ်းချက်သာ ဖြစ်ပါတယ်. စက်တင်ဘာ မှာ သေဆုံးခဲ့သူတွေအတွက် လေးစားဂုဏ်ပြုဖို့ ကန့်ကွက် မဲတော့ ထည့်သင့်တယ် ထင်တာပဲ။
မိုးထက်နေ ၊
ဒီအမြင်ကိုတော့ ကောင်းတယ်လို့ ပြောရမှာထက်ဖြစ်ကိုဖြစ်သွားမှာကိုပြောချင်ပါတယ်။
အထဲကော၊အပြင်ကော၊ဘယ်သူတွေယုံယုံမယုံယုံ၊ကျွန် တော်ကတော့ န၀တဒီလိုတွေလုပ်ကိုလုပ်မယ်ဆိုတာ
ကိုမြင်နေတယ်၊ အားလုံးကလည်းသိပါတယ်။
မသိချင်ယောင်ဆောင်ပြီးတော့ လိုက်ပြောနေတာပါ။
ခင်ဗျားပြောသလို ဖြစ်သွားရင်လည်းဘာလုပ်မယ်ဆိုတာ
ပြင်ဆင်ထားတာမရှိပါဘူး၊ကြိုပြီးလည်းမကန်ပါဘူး၊
ရိုင်းရိုင်းပြောရရင်တော့ အလိမ်ခံရတာရယ်၊ လိမ်တာပေါ်မှာ ခွပြီးထိုင်ပြောနေတာရယ်၊
ရန်သူကိုဘယ်လို စပြီးတော့ကိုယ်ရဲ့ ပိုင်နက်အောက်၊ကိုယ်ရဲ့ လိုင်းအောက်မှာမလုပ်နိုင်၊မခင်းနိုင်ခဲ့တာကိုက ၁၉၉၀ကတည်းက၊ အခုထိကျွန်တော်တို့ မှာဘာမှအောင်မြင်သောလိုင်းကိုမတင်နိုင်တာကိုသိလည်းသိပါတယ်၊သို့ ပေမဲ့ ဆင်ချေဆင်လက်တွေနဲ့ ဖြေသိမ့်နေကြတော့မခက်ဘူးလားဗျာ။
ဘာဘဲပြောပြောကျွန်တော်တို့ အားလုံးရဲ့ အရေခွံတွေကိုတစ်ခုပြီးတစ်ခုဆုပ်ခွာလိုက်နိုင်သွားပြီဆိုတာကိုအားလုံးမကြေနပ်လည်းပြောရမှာဘဲ၊
ရဲရဲကြီးပေါ့၊ ကိုယ်ဖြစ်ကိုယ်ခံဆိုတာထက်
ခေါင်းဆောင်တွေကော၊ နိုင်ငံရေးသမားကြီးတွေကော၊(ဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်ကြီးတင်ဦး၊ ဦးဝင်း တင်နဲ့  ထောင်ထဲရောက်နေသော နိုင်ငံရေးရဲဘော်ရဲဘက်တွေမပါ) သောက်သုံးကိုမကျတာအမှန်ဘဲလို့ ပြောပါရစေ၊ဆိုတာပါဘဲ။ (ကျွန်တော်လည်းအပါအ၀င်ပေါ့)
မောင်တင်ယု
မှန်၏ မဲပေးခြင်းသည် အချိန်ဖြုန်းခြင်းဖြစ်၏
သိရက်နဲ့ လုပ်နေသူများသည် မသိလို့လုပ်သူများထက် ပိုမိုက်မဲ၏
ဆင်ခြင်ပေးရင်း နဲ့ ကိုယ့်ကိုယ်ကို လိမ်နေသူများဖြစ်၏
သို့မ၏ုတ် တရားဝင် အလိမ်ခံနေချင်သူများ ဖြစ်၏
Post a Comment