ကျနော်မြင်တဲ့ မီဒီယာစစ်ပွဲ

ဒီဆောင်းပါးကို တော်လှန်ရေး သမားတွေကို အားပေးပြီး ကိုယ်တိုင်တော်လှန်ရေး မလုပ်တဲ့ သူငယ်ချင်း တစ်ယောက်ကြည့်ခိုင်းလို့  ကြည့်မိလိုက်တဲ့ ဘလော့လေးတစ်ခု ကို အကြောင်း ပြုပြီးရေးဖြစ်ပါတယ်။ ပထမဆုံးတွေး မိတာကျနော် တို့ လမ်းတွေချော်နေပြီလား ဆိုတဲ့အ ကြောင်းပဲ။ နအဖ လျှောက်စေ့ချင်တဲ့ လမ်းကြောင်းကို ကျနော်တို့ အများစုရောက် ကုန်ပြီလား ဆိုတဲ့ မေးခွန်းကို ကိုကျနော် တတ်သလောက်သုံးသပ် ကြည့်ချင်းလဲ ဖြစ်ပါတယ်။

ကျနော်တို့ လက်ရှိဖြတ်သန်းနေရတဲ့ ကာလဟာ တကယ်တော့ တော်တော်ကို တိတ်ဆိတ်ပြီး စိတ်မရှည်စရာ ကောင်းတဲ့အချိန်ပါ။ မုန်တိုင်း အသေးလေးတိုက်ပြီး တလောကလုံးတိတ်စိတ် ငြိမ်သက်နေတဲ့ ကာလမျိုး။ ကြီးကျယ်တဲ့ စစ်ပွဲတစ်ခုအတွက် စစ်ပွဲအသေးလေးတစ်ခု အပြီးမှာ အနားယူနေတဲ့ အခါမျိုး ဖြစ်ပါတယ်။ နှစ်ဘက်လုံးအနေနဲ့ လဲ ဒါဟာ နောက်ဆုံးတိုက်ပွဲ ဆိုတာ ကို သလောပေါက်ပြီး ကိုယ်လူတွေနဲ့ ကိုယ် အသီးသီး ခေါင်းခြင်းရိုက်ပြင်ဆင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ တစ်ဘက်နဲ့ တစ်ဘက် (PsyWar) စစ်အေးကာလ ဖြစ်တာကြောင့် အမြင်မှာ စကားလုံးတွေနဲ့ တိုက်ခိုက်နေကြရင်း ပွဲသိမ်းလက်သီး ထိုးဖို့  စောင့်ကြည့်နေကြတဲ့ အခါလဲ ဖြစ်ပါတယ်။ နအဖ ဘက်ကတော့ နည်းမျိုးစုံနဲ့  အတိုက်အခံ တွေစိတ်ဓါတ်ကျအောင် တိုက်ပွဲပုံစံရော ထွေးအောင် နည်းမျိုးစုံဘက်ပေါင်း စုံကနေ ကြံစဉ်နေ တာဖြစ်သလို ၊ အတိုက်အခံတွေ ဘက်ကလဲ ခြေသံလုံနိုင်သမျှ လုံအောင် လူထုအနေနဲ့ လဲ စိတ်ဓါတ်မကျအောင် ရပ်တည်နေရတယ် လို့ နားလည်ပါတယ်။

မီဒီယာကို မီဒီယာနဲ့ တိုက်

ဒီစကားလုံးဟာ နအဖ ရဲ့ စက်တင်ဘာနောက်ပိုင်း ကာလသုံးလာတဲ့ ဗျူဟာတစ်ခုဖြစ်ပါ တယ်။ စက်တင်ဘာမှာ ဘလော့တွေ၊ အွန်လှိုင်းမီဒီယာတွေ ကနေတဆင့် သတင်းတွေ တဟုန်ထိုး စီးဆင်းတာကို မြင်ပြီးတဲ့ နောက်ပိုင်း မျက်စိစုံမှိတ်ပြီး တင်လာတဲ့ လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ နအဖ အနေနဲ့  မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ကိစ္စဟာ စကားလုံးသာ ရှိပြီး တိုက်စရာ စစ်မှန်တဲ့ အချက်အလက် ဘာတစ်ခုမှ မရှိတာကို သူတို့ ကိုယ်တိုင်လဲ သိပါတယ်။ တကယ့်မီဒီယာတိုက်ပွဲ ဆိုတာမျိုးက နှစ်ဘက်လုံး ရှိတဲ့ မီဒီယာသမားတိုင်း ကိုတာဝန်ယူနိုင်တာကို လွတ်လွတ်လပ်လပ်ရေး ခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ ပြောတဲ့ မီဒီယာတိုက်ပွဲ ဆိုတာ ဆန့် ကျင်ဘက် ဆန်တဲ့ အရေးအသား မှန်သမျှကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ ၊တားစည်းခြင်း နဲ့  တဘက်သတ်ဝါဒ ဖြန့် ချီရေး ဘလော့တွေ၊ အွန်လှိုင်း သတင်းတွေ တည်ထောင်အားပေး တာပဲဖြစ်ပါတယ်။ အတိုက်အခံတွေ ရဲ့  ဘလော့တွေ ၊ သတင်းလွင့် ဋ္ဌာနတွေကို တော့ ပိတ်ဆို့ တားဆီး ထားတာပဲဖြစ်ပါတယ်။ နအဖ ရဲ့ မီဒီယာတိုက်ပွဲ ပုံစံကို ကျနော် အကြမ်းအားဖြင့် နားလည်တာကတော့
၁။ နိုင်ငံရေး သမားလူဟောင်း တွေကို မီဒီယာစင်ပေါ်ခေါ်တင် ပြီး လူထုကို နားလည်မှု ရှုပ်ထွေအောင် လုပ်ခြင်း
၂။ လူထုစိတ်ဝင်စားတဲ့ လူတန်းစားတွေရဲ့ သာမန်ကိစ္စများကို မှန်ဘီလူးတပ်ခြင်း
၃။ နအဖ ဘက်သားဘလော့တွေ ကတဆင့် အတိုက်အခံ ဘလော့ရေးသားသူတွေကို တိုက်ပွဲ လမ်းလွဲခြင်း

၁။ နိုင်ငံရေး သမားလူဟောင်း တွေကို မီဒီယာစင်ပေါ်ခေါ်တင် ပြီး လူထုကို နားလည်မှု ရှုပ်ထွေအောင် လုပ်ခြင်း

နအဖ လက်ကိုင်တုတ်မြတ်ခိုင် ရဲ့ လျှပ်တပြက်ဂျာနယ် (ကျနော်လဲ အွန်လိုင်းက ဖတ်လို့ ရတဲ့ အဲဒီတစ်ခုပဲ လက်လှမ်းမှီတယ် ) ကတဆင့် သခင်တင်မြ၊ ဗိုလ်အောင်ကြီး တို့ လို နိုင်ငံရေး သမား လူဟောင်းတွေကို အင်တာဗျူးလုပ်တာမျိုး တွေဖြစ်တယ်။ စက်တင်ဘာမှာ မျက်စိပွင့် လာတဲ့ မဆလ ခေတ်နိုင်ငံရေး နောက် ၁၉၉၀ နိုင်ငံရေး အခြေအနေကို သေချာမသိထားတဲ့ လူတွေကို အသိအမြင်ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ ပွဲထုတ်တာဖြစ်ပါတယ်။ ထုံးစံအတိုင်း NLD နဲ့ ကွန်မြူနစ်ကို ဆက်စပ်ပြတယ်။ ကွန်မြူနစ်မကောင်းကြောင်း နဲ့  ဒေါ်အောင်ဆန်း စုကြည် ရဲ့ နိုင်ငံရေး အခန်းကို မှိန်အောင် အားထုတ်ထားတာဖြစ်ပါတယ်။ နောက် သခင်တင်မြ၊ ဗိုလ်အောင်ကြီး စတဲ့ အစဉ်အလာရှိတဲ့ လူတွေ ကတဆင့် အမျိုးသားညီလာခံနဲ့  RM (လမ်းပြမြေပုံ) ကို ထောက်ခံသင့်တယ် ဆိုတဲ့ အသိမျိုးကို သွယ်ဝိုက်တဲ့ လမ်းကြောင်းတွေ နဲ့  တင်သွင်းတာ ဖြစ်တယ်။

၂။ လူထုစိတ်ဝင်စားတဲ့ လူတန်းစားတွေရဲ့ သာမန်ကိစ္စများကို မှန်ဘီလူးတပ်ခြင်း
ဒီကိစ္စကတော့ နအဖ အမြဲသုံးလေ့ရှိတဲ့ နည်းလမ်းဖြစ်တယ်။ ဗိုလ်ခင်ညွန် သြဇာရှိစဉ် ကတည်း က အကြိမ်ကြိမ်အသုံး ချခဲ့ပြီးလဲ ဖြစ်တယ်။ စက်တင်ဘာပြီးတဲ့ နောက်ပိုင်းမှာ နန္ဒလှိုင် ဖုန်းပြောတဲ့ အခွေ ထွက်လာတာမျိုး ဟာ လူထုကို အနည်းနဲ့ အများအာရုံပြောင်း နိုင်စေတယ် ဆိုတဲ့ ရည်ရွယ်ချက်ပါတဲ့ လုပ်ရပ်ဖြစ်တယ်။ နောက်နာမည်ကြီးမင်းသား တစ်ယောက်နဲ့  မင်းသမီးတစ်ယောက်ရဲ့  စကားပြောအခွေရှိတယ်။ နောက် ဗီဒီယို အတိုလေး တွေ ထွက်လာတာလဲ ရှိတယ်။ ဒါတွေဟာ အပေါ်ယံတွေးရင် ကာယကံရှင်တွေရဲ့ ပေါ့ဆမှု ကြောင့် လူတွေလက်ထဲ ရောက်လာတယ် လို့ ထင်စရာ ရှိပေမဲ့ နန္ဒလှိုင်တို့ ပြောတဲ့ စကားတွေ ထဲမှာ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိတ်ဆုံး ပုဂ္ဂိုလ်ကနေ မနေ့ တစ်နေ့ က မင်းသားဖြစ်တဲ့ လူထိ အတွင်းရေး အကုန်ပါတယ်။ ကိုယ်သေတွင်း ကိုယ်တူးသလိုပဲ။ တဖက်ကတွေးရင်လဲ ကျနော် တို့ နိုင်ငံမှာ ပုဂ္ဂလိက ဖုန်းကုမ္မဏီ တစ်ခုမှ မရှိတဲ့ အချက်ဟာလဲ တွေးစရာအချက်တစ်ခု ဖြစ်ပါတယ်။ နောက် အော်တိုအိတ်ချိန်းတွေ သုံးနေတဲ့ ခေတ်မှာ ဘယ်သူမှလဲ အလကားနေ ရင်း သူများဖုန်းတွေကို ထိုင်နားထောင်နေမယ် မထင်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ သူများဖုန်း နားထောင်ပြီး ပိုက်ဆံရတာ ဘယ်လို လူတွေဆိုတာ ကတော့လူတိုင်း သိပြီးသားပါ။

၃။ နအဖ ဘက်သားဘလော့တွေ ကတဆင့် အတိုက်အခံ ဘလော့ရေးသားသူတွေကို တိုက်ပွဲ လမ်းလွဲခြင်း
အပေါ်နှစ်ချက် က အရေးမကြီးတာမဟုတ်ပေမဲ့ ကျနော်တို့ ဘက်ကနေ ပြန်ပြီး ထိန်းကြောင်း ခေါ်ယူသွားလို့ ရပါတယ်။ ဒီ နံပတ် သုံး အချက်ကတော့ နိုင်ငံရေး ကို အစဉ်တစိုက်လေ့လာ ပြီးလုပ်လာတာ မဟုတ်ပဲ စက်တင်ဘာမှာ နအဖ ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို မြင့်ပြီးရှိ သလောက် အသိနဲ့ ရေး နေရတဲ့ ဘလော့ရေးသူတွေ အတွက်တော်တော် သတိထားဖို့  ကောင်းပါတယ်။ နအဖ က ဘလော့တွေ ကတဆင့်တိုက်တဲ့ နေရာမှာ ပိတောက်မြေလို ညက်ညက်လေး နဲ့ ပညာသားပါပါ တိုက်ခိုက်တဲ့ ပုံစံနဲ့  ကျေးစေတမန် က ရဲဘော်အောင်ထက် ရဲ့ တုတ်ကြီး (တုတ်ကြီး ခေတ္တတာဝတိံသာ မဟုတ်ပါ) နာမည်နဲ့ ရေးတဲ့ NLD ကို လူမှုရေး ဒေါင့်ကနေ တိုက်ခိုက်တဲ့ ဆောင်းပါးအမျိုး အစားတွေ ဖြစ်ပါတယ်။ ပိတောက်မြေရဲ့  ရည်ရွယ်ချက် နအဖ ကောင်း၏ မကောင်း၏ အတိုက်အခံကောင်း၏ မကောင်း၏ ပြောဆို တာထက် RM ကို လက်ခံလာအောင် ကြားလူဟန်နဲ့ ကောင်းချီးပေးခြင်း ဖြစ်ပါတယ်။ ရဲဘော်အောင်ထက်ခေါ် တုတ်ကြီးကတော့ သမီးရည်စား ကိစ္စတွေလို မျိုး ပုဂ္ဂိုလ်ရေး ကိစ္စတွေ ကို တိုက်ခိုက် တဲ့ ပုံစံဖြစ်ပါတယ်။

ခုဆို ကျနော်တို့ ဘက်က ဘလော့ရေး တဲ့ လူငယ်တွေ ကလဲ ရုရှားရောက် စစ်ဗိုလ်ငယ်တွေ ရဲ့  သမီးရည်စား ကိစ္စတွေကို ပြန်ရေး တာမျိုး မရမက လိုက်စုံစမ်းကြတာမျိုး တွေဖြစ်လာပါ တယ်။ ဒါတင်မက ဘူး ရုရှားက အရာရှိငယ်တွေ အချင်းချင်း မိန်းကလေး ကိစ္စပေါ်အခြေခံ တဲ့ ပြဿနာတွေ ကို ဒီဘက် မီဒီယာတွေ ဆီကို ပို့ တာဖြစ်ပါတယ်။ (ကိုနစ်နေမန်း ကြုံတဲ့ ပြဿနာမျိုးပါ) အမှန်တော့ ဒီ ခြင်ထောင်သံထွက်နေတဲ့ ကိစ္စတွေ ဆိုတာ လူရယ်လို့ ဖြစ်လာ ရင် အနည်းနဲ့ အများတော့ ရှိမှာပါပဲ။ ကျနော် တို့ အနေ နဲ့ နိုင်ငံခေါင်းဆောင်က အစ သူတောင်းစား အဆုံး သာမန်လူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို နားလည်ရင် ဒါတွေဟာ နိုင်ငံရေး စစ်မျက်နှာကို တတ်လာဖို့  ဘာအကြောင်းမှ မရှိဘူး ဆိုတာ ကျနော်တို့ ဘက်ကလူ တွေ သဘောပေါက်ထားဖို့ ပါ။ ကျနော်တို့ လူမျိုးတွေ က ကိုယ်ချစ်တဲ့ လေးစားတဲ့ လူကို သူတော်စင်တစ်ယောက်နီးပါ ကြည်ညိုလေ့ ရှိပါတယ်။ နအဖ သတင်းစာတွေ မှာ ဖော်ပြတဲ့ ဆောင်းပါ အချို့ မှာ ဆို ဒေါ်အောင်ဆန်းစုကြည် ကို ဘိုကတော် ဆိုတာမျိုးတွေ သုံးလေ့ ရှိပြီး ဝန်ကြီးအောင်သောင်း ရဲ့  ကြံဖွတ်တွေ ကို ပြောတဲ့ အတွင်းမိန့် ခွန်းတွေမှာဆိုရင် အယဉ်ကျေး ဆုံးအသုံးအနှုန်းက ကုလားကုန်းမ နဲ့  ဘိုကုန်းမ ဆိုတဲ့ အလုံးတွေ ပဲဖြစ်တယ် လို့ သိရပါတယ်။ ကျနော်တို့ ခင်ဗျားတို့ ကို တော်လှန်ရေး က စောင့်နေပါတယ်။ ကျနော်တို့  သူများ ခြင်ထောင် ကို ဝင်မကြည့်ဖို့ မလိုသလို ပြန်လည်တိုက်ခိုက်ဖို့ လဲ မလိုပါဘူး။ တကယ်လို့  ဒီလို သူ့ ဘက်က ခြင်ထောင် ထဲ ကိုယ်တွေက ချောင်းကြည့်ပြီးအော်လိုက်၊ ကိုယ်တွေ ဘက်က ခြင်ထောင်ထဲ သူတို့ က ချောင်းပြီးအော်လိုက် လုပ်နေရင် နအဖ အကြိုက်ဖြစ်သွားပါ လိမ့်မယ်။ နအဖ တီးတဲ့ တီးလုံး ကို ကိုယ်ကလိုက် ကသလိုဖြစ် နေပါလိမ့်မယ်။

သတိပေးချင်တဲ့အကြောင်း
နောက်ဆုံးဖတ်လိုက်ရတဲ့ (ဆောင်းပါးအစ မှာရေးခဲ့တဲ့) ဘလော့မှာဆို ပြည်ပရောက် အမျိုးသမီးငယ်တစ်ယောက် ရဲ့ အကြောင်းရေးထားတာပါ။ ကြည့်ရတဲ့ ပုံက ပုဂ္ဂိုလ်ရေး ပြဿနာကို နိုင်ငံရေးပြဿနာနဲ့ ရောထွေးပြီးရှင်းထား ဟန်တူပါတယ်။ ပုံမှန်ဘလော့ရေး နေတဲ့ လူအုပ်ထဲက လဲ မဟုတ်နိုင်ဘူးလို့ ထင်ပါတယ်။ ကျနော့အနေနဲ့ အဲဒီ အမျိုးသမီး ဘယ်သူဘယ်ဝါဆိုတာ မသိပေမဲ့ တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ကျနော်လုပ်မှ ဖွသလို ဖြစ်သွားမှာ စိုးရိမ်တဲ့ အတွက်ဘလော့ နာမည်ကိုတော့ မဖော်ပြတော့ပါဘူး။ ဒါပေမဲ့ ဒီလိုတိုက်ခိုက် မှုတွေကို ရှုံချတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ကလောင်ပိုင်ထားတဲ့ လူအားလုံး အနေနဲ့ လဲ ဒီလိုတိုက်ခိုက် မှုတွေမလုပ်ဖို့  သတိပေးချင်ပါတယ်။ ခြင်ထောင် ကိစ္စနဲ့ တိုက်ခိုက်မှုတွေ ဟာ အကောင်းထက် အဆိုးကို ပိုများလာစေဖို့ လဲ ရှိပါတယ်။ အောက်ခြေအရာရှိငယ်တွေ ရဲ့  လှံတံပစ်ပြိုင်ပွဲသတင်း မပြောနဲ့  တကယ်တမ်း ဗိုလ်သန်းရွှေသမီး လူမှုရေးဖောက်ပြန်ခဲ့လို့  သတင်းရေးနိုင်ခဲ့ရင်တောင် တော်လှန်ရေး ချက်ချင်းအောင်သွားဖို့  မရှိပါဘူး။ နအဖ ကို လူထုက အမြင်အရ အသိအရကို မုန်းတီးထား ပြီးဖြစ်ပါတယ်။ ကျနော်တို့ ဘက်ကလူတွေ ကို ခြင်ထောင်သတင်းတွေ နဲ့ တိုက်ခိုက်လို့ လဲ ဒေါသနဲ့  တုံ့ ပြန်ဖို့ မလိုပါဘူး။ အားလုံးဟာ သာမန်လူတွေ ဖြစ်တယ် ဆိုတဲ့ အသိနဲ့ နားလည် ပေး ဖို့ လိုပါတယ်။ ကလင်တန် ရဲ့ ခြင်ထောင်ကိစ္စ (မော်နီကာလူဝင်စကီ) ဟာ အမေရိကန် ပြည်ထောင်စု ကို ဘယ်လို ဒုက္ခမှ မပေးခဲ့ကြောင်း သတိရှိပါ။ ပုဂ္ဂိုလ်ရေး သိက္ခာဆိုတာဟာလဲ ခြင်ထောင် ကိစ္စတစ်ခုထဲ နဲ့  တည်ဆောက်ထားတာ မဟုတ်ပါဘူး။ နအဖ ဆွဲခေါ်တဲ့ လမ်းကြောင်းကို မလိုက်မိဖို့  အထူး သတိပေးလို ပါတယ်။

ဒီမိုကရေစီဘက်သား တွေ ဘာလုပ်နေလဲ
ဒါဟာ ကျနော်က အစ နိုင်ငံရေးခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင် တွေ အဖွဲ့  အစည်းတွေ နဲ့  အလှမ်းဝေးတဲ့ သူတိုင်း အားမလိုအားမရတွေး မိနေတဲ့အတွေးပါ။ စက်တင်ဘာ ကိုဖြတ်သန်းစဉ် အချိန်နဲ့ စက်တင်ဘာအလွန် နီးကပ်တဲ့ ကာလတွေမှာ အင်တာနက်သတင်းစာ မျက်နှာတွေ၊ ဘလော့တွေမှာ သတင်းတွေ ဆောင်းပါတွေ နဲ့  နေ့  စဉ် မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေ ရာကနေ အခုအခါ မှာ သတင်းအနည်း နဲ့ ဆောင်းပါးထုထည် ဟာ သိသိသာသာ လျော့ကျသွားတဲ့ အချက်က အားလုံးရဲ့ စိတ်ကို အားမလိုအားမရ ဖြစ်စေ ပါတယ်။ ဒါပေမဲ့ ဒါဟာလက်ရှိ ကာလရဲ့ ပုံမှန်အနေအထားပါပဲ။ ပြည်တွင်းလူထု လုပ်ရှားမှု တွေ ခေတ္တငုတ်လျှိုးနေ တဲ့ အခါမှာ ပြည်ပခေါင်းဆောင်တွေ ၊ ပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်တွေ အားလုံးဟာ ပွဲသိမ်းတိုက်ပွဲ အတွက် ကိုယ်စီပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နေတဲ့ အကြောင်းကို အသေးစိတ် အချက်အလက်တိုင်း အင်တာနက်စာ မျက်နှာတွေ၊ သတင်းဋ္ဌာနတွေ ဘလော့တွေ မှာ ဖော်ပြဖို့ တော့ မျှော်လင့်လို့  မရပါဘူး။ ရန်သူကို စိတ်ဓါတ်ရေးရာ တိုက်စစ်အရ၊ မျှော့သွေးစမ်း ဖို့  လိုအပ်ချက်အရ ထုတ်ပြန်သင့် တဲ့ သတင်း အချို့ ကလွဲလို့  သိပ်များများ စားစား မျှော်လင့်လို့ မရနိုင်ပါဘူး ။ နောက်တစ်ချက်က ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့  နအဖသတင်းစာတွေ လို့  ဆောင်းပါးဖြစ် ပြီးရော ဆိုတဲ့ အထာနဲ့ ရေးသားနေသူ တွေ တစ်ယောက်တစ်မှ မရှိပါဘူး။ နောက်တစ်ခု က ကျနော်တို့  ဒီမိုကရေစီ ဘက်သားတွေ အနေနဲ့  နအဖစားတွေ လို နအဖ မကောင်းကြောင်း ဝါဒဖြန့် ဖို့ လဲ မလိုအပ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူလူထုဟာ နအဖ ရဲ့ ပကတိ အနေအထားကို ချွေးတွေ၊ သွေးတွေ၊ ဘဝတွေ၊ အသက်တွေ နဲ့ ရင်းနှီး သိထားပြီးလို့ ဖြစ်ပါ တယ်။ ပြည်သူ အများစု ဒီအချိန်မှာ သိလိုတဲ့တစ်ခုထဲ သော မေးခွန်းဖြစ်တဲ့ နအဖ ကို ဘယ်လို ဖြုတ်ချ ပစ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ သတင်းဋ္ဌာနတွေ ကတဆင့်ဖြေဆိုဖို့ ဖြစ်နိုင် မယ် မထင်ပါဘူး။ လိုအပ်တဲ့ အချိန်မှာ ဘာတွေလုပ်ကြမယ် ဘာတွေလုပ်ရမယ် ဆိုတာ ပုံပေါ် လာပါလိမ့်မယ်။ ကျနော်တို့  အားလုံး အဲဒီအချိန်မှာ ဘယ်လိုနေရာက ပါဝင်မလဲ ဆိုတာ ကိုယ့် ကို ကိုယ် တောင်းဆိုထားဖို့  ပဲလိုအပ်ပါတယ်။

တကယ်တော့ မီဒီယာတိုက်ပွဲဆိုတာ စိတ်ဓါတ်ရေးရာ ထိုးနှက်ဖို့  အတွက်ကျနော်တို့  မလွဲမသွေ တိုက်ခိုက်ရမဲ့ စစ်မြေပြင်ဆိုတာ မှန်ပေမဲ့ ဘယ်ဘောင်အတွင်းမှာ တိုက်မယ် ဆိုတာကိုတော့ ကိုယ့်ဘက်က သတ်မှတ်ထားဖို့  လိုအပ်ပါတယ်။ ဘောင်ကျော်လာတဲ့ တိုက်ခိုက်မှုမျိုးကို တုံ့ ပြန်တိုက်ခိုက်ဖို့  မလိုသလို ကိုယ်ဘက်ကလဲ ဘောင်ကျော်တိုက်ခိုက် မှုမျိုး မလုပ်ကျဖို့  သတိပေးပါရစေ။ နအဖ ဘက်က တိုက်ခိုက်လာရင် လဲ အပျင်းပြေ သတင်းတစ်ပုဒ်အနေနဲ့ သာ ဖတ်လိုက်ရုံ ပဲရှိပါတယ်။လူထုတရပ်လုံးပါတဲ့ တ်ာလှန်ရေး မှာ ခေါင်းလဲပါမယ်၊ မိန်းမပျက်လဲပါမယ်၊ နှစ်ပိုင်တစ်ပိုင်းတွေလဲပါမယ်၊ ဆိုက်ကားသမားလဲ ပါမယ်၊ သူခိုးလဲပါမယ် ၊ ဆိုတာကို တော့ သတိမမေ့စေ့ချင်ပါဘူး။ တော်လှန်ရေးအတွက် အရေးမပါတဲ့ သတင်းတွေအပေါ် အပြန်အလှန် ငြင်းခုန်တိုက်ခိုက် ထိုးနှက်နေကြမဲ့ အစား မကြာခင် ဖြစ်ပေါ်လာတော့မဲ့ နောက်ဆုံးတိုက်ပွဲ အတွက် ကိုယ်စီကိုယ်စီ တတ်နိုင်တဲ့ နေရာအတွက် ပြင်ဆင်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

မိုးထက်နေ
(ဒီစာထဲမှာ ပါတဲ့ ဆိုဒ်လင့်တွေ ဗီဒီယိုတွေ အတွက် မိုးထက်နေ လိုက်ကြည့်နေလို့  သိတာပေါ့ ဆိုတဲ့ အလုံးတွေ နဲ့ တိုက်ခိုက်လဲ လုံးဝ အိပ်ရေးပျက်ခံမည် မဟုတ်ပါ။ ကျနော်လဲ သာမန်လူ တစ်ယောက်ဖြစ်ပါတယ်။)

3 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

ကောင်း၏ စ လယ် ဆုံး အဆင်ပြေ၏

လူတိုင်း လိုက်နာသင့်၏

တော်လှန်ရေးတိုက်ပွဲ အောင်မြင်ပါစေ

မောင်တင်ယု said...

အရေးသားကောင်းတယ်၊ဒီထက်ပိုပြီးပြောရရင်သေသေချာချာအားလုံးလုပ်နိုင်အောင် မိုးထက်နေ ပြောဆိုစုဆောင်းသင့်တယ်........
ဒါကြောင့် မိုးထက်နေရေးသောစာကို အပိုဒ်လိုက်
ကိုယ်ပြန်မြင်တာကိုပွင့်ကွင့်လင်းလင်းရေးလိုက်ပါတယ်၊


၁)ပြတ်ပြတ်သားသားမြင်ရရင် ဦးအောင်ကြီး၊ဦးတင်မြတို့ 
ဘဲဖြစ်ဖြစ်၊တခြားသောနိုင်ငံရေးအိုကြီးတွေကိုဘဲခေါ်ပြီးတော့ဆိုဆို၊အားလုံးရဲ့ သဘောထားတွေကတော့ န၀တနဲ့ တူသောပုံစံမိုးဆန်ဆန်ရှိကြပေမဲ့ နည်းနည်းလေးဘဲကွာခြားပါတယ်၊
သိုပေမဲ့ အားလုံးကတော့  ညာဘက်အိပနဲ့ဘယ်ဘက်အိပ်ဆိုတာမိုးပါဘဲ
ဝတ်ထားသောအ၀တ်စားကတော့အတူတူပါဗျာလို့ 
ပြောပါရစေ၊ ဒါကို မကျေနပ်လို့ ပြောချင်သပဆိုရင်
လည်း ရပါတယ် ဖိတ်ခေါ်ပါတယ်။

၂) အတိုက်ခံအားလုံးက န၀တကို နိုင်ငံရေးအရ တိုက်နေကြတယ်၊ တကယ်တန်းန၀တက အတိုက်ခံကို သော်၎င်း ၊ လက်နက်ကတိုင်အဖွဲ့ စည်းအားလုံးကို
နိုင်ငံရေးဆိုတာထက် ၊စစ်ရေးနည်းဗျူဟာနဲ့  နယ်မြေတစ်ခုကို အပြီးသိမ်းပိုက်ခြင်းမိုးမဟုတ်ဘဲ
တိုက်လိုက်၊နားလိုက်နဲ့ သူ့ ရဲ့  အခူပ်ချာအာဏာကို လက်နက်ကိုင်ပြီး နည်းပေါင်းစုံနဲ့ မဆလတုံးကထက်ပို
ညှစ်ပတ်သောနည်းကိုသုံးတာကို သေသေချာမသိသေးရင်၊သိအောင်သေသေချာချာဖြစ်
ပျက်သောအနေအထား၊ပုံစံတွေကို စာရွက်ပေါ်တွင်ချပြီးကြည့်ကြပါ၊
ဘယ်သူတွေက အရှုးဘ၀ကိုရောက်ခဲ့ကြရသလည်းဆိုတာကိုကွင်းကွင်းကြီးမြင်မှာပါ၊
၃) ဒီလိုအုပ်စုတွေက ကာလတိုင်းမှာရှိပါတယ်၊ သိုပေမဲ့
အောင်ထက်ဆိုသောကောင်ကော၊ မောင်မင်ချင်း၊စူးရှမေတ္တာ နဲ့ ပိတောက်မြေမှာ
ဝင်ပြီးတော့ရေးနေကြသောသူတော်တော်များများမှာ
( kojew ဆိုသောသူကလွဲလို့ ပေါ့)
ရှင်းရှင်းပြောရရင် န၀တခွေးဘ၀ကို ကိုယ်ဟာကို ခံယူပြီး ဟိုမရောက်ဒီမရောက်စကောဇက ကောင်တွေပါဘဲ၊ အားလုံးပြောသောအကြောင်းရာတွေက ကိုယ်တိုင်ကိုယ်ကြဦးဆောင်အခန်းမှမပါဝင်ခဲ့ရသော
အနေအထားမှ၊ဦးဆောင်သောအနေအထားကို ရအောင်
တွေသမျှအကြောင်းကို (ပြောခဲ့သောသူတွေ၊ကြားခဲ့ဘူးသောအကြောင်းတွေကို
)ကိုယ်ကဘဲ ဒါမိုးကိုမြင်ကြောင်းသေချာကြောင်းလိုက်ပြီးတော့
သူများအလုံးကိုယ်ပါးစပ်ထဲကိုထည့်ပြီးပြောနေကြတာပါဘဲ ( မျက်မမြင်ပုဏား ဆင်ကိုင်သကဲ့ထက်ဆိုးခြင်းအဖြစ်ပါဘဲ)
သို့ သော်လက်တွေ့ တွင်မှုမိမိပြောနေသောအကြာင်းကို ပင်လက်တွေ့ ကိုယ်တိုင်မကျင့်သုံး၊မလုပ်ဆောင်
နိုင်ကျသောသူတွေကြီးပါဘဲ၊
ရှေ့ကနေထွက်ပြီးတော့၊ ဘယ်တော့မှလည်းရှေ့ကနေတထွက်ပြီးတော့ပြောကြမှာ
မဟုတ်သလို၊ ပုဆိုးခြုံပြီး လက်သီးပြသောလူတန်းစားတွေလိုသာသတ်မှတ်လိုက်
ပါ။
၎) အရေးကြီးဆုံးကတော့ ခင်ဗျားပြောသလိုပါဘဲ
ဒီမိုကရေစီဘက်သား တွေ ဘာလုပ်နေလဲ
ဒါဟာ ကျနော်က အစ နိုင်ငံရေးခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင် တွေ အဖွဲ့  အစည်းတွေ နဲ့  အလှမ်းဝေးတဲ့ သူတိုင်း အားမလိုအားမရတွေး မိနေတဲ့အတွေးပါ။ အပြည့်အ၀ထောက်ခံပါတယ်၊

ဘာကြောင့်လည်းဆိုတော့ အပေါ်ကလူတွေကိုပြောတိုင်း
ဖြေရှင်းချက်တွေထွက်လာတာကတော့ ၊ အားလုံးကသူတို့အလုပ်ကိုသူတို့လုပ်နေကြပါတယ်၊ ခင်ဗျားတို့ လည်းခင်ဗျားတို့ အလုပ်ကိုလုပ်ကြပါတယ်၊
ဘယ်လောက်ရိုင်းသလည်း၊ ဒီအဖြေက၊ တော်တော်လေးကို စော်ကားသောအဖြေပါ၊
လမ်းမပေါ်မှာစစ်တပ်ကမတရားပစ်သတ်လို့  သေသွားသောသူတွေ ရဲ့ သွေးတွေလည်း မခမ်းချောက်သေးပါဘူး၊ ထောင်ထဲမှာယုံကြည်ချက်အတွက်ဘ၀ဆုံးသွားသောသူတွေရဲ့ဝိဥာင်တွေလည်း ရှိနေကြအုံးမှာပါ၊ အားလုံးကတော့တော်လှန်ရေးကြီးကို
အသက်ဘဲဆက်နေတယ်လို့ ဘဲမြင်ပါတယ်၊
အားလုံးကလည်း မပြီးနိုင်သောညီညွတ်ရေးကိုအော်နေတာ နှစ်ပေါင်း ၅၀ကျော်နေပါပြီး၊
ညီညွှတ်ရေးဆိုတာကို ပြောနေကြတာလည်း၊ အမြဲတမ်းပါဘဲ၊ ဘာကိုညီညွတ်ရေးလုပ်နေကြတာပါလည်း

နောက်ဆုံးပြောချင်တာကတော့ဗျာ၊ ကျွန်တော်တို့ 
ရဲ့  မိတ်ဆွေတစ်ယောက်ပြောနေသောစကားကိုဘဲယူ
ပြီးပြောပါရစေ၊

ညီညွတ်ရေးကို အလုပ်နဲ့ အတူတည်ဆောက်ယုံကလွဲပြီး
ဘာလိုမတည်ဆောက်လို့ မရဘူး၊ အဲ့ ဒါမှမဟုတ်ရင်အားလုံးဟာ စကားပြော၊စာရွက်အထက်မှာပြောသော
ညီညွတ်ရေးဘဲဖြစ်မယ်တဲ့ ။

သေးငယ်သောအလုပ်လေးတွေကိုတတ်နိုင်သမျှ
များများဝိုင်းလုပ်ကြရင်း ၊ဒါကို ဗဟိုပြုပြီးတော့ ၀ိုင်း
ဝန်းလုပ်ကိုင်ရင်နဲ့ အခြေတည်သော ကြီးမားသော
လူထုအဖွဲ့ စုစည်းကိုလုပ်ကြဖို့ ဘဲရှိတယ်။

လူငယ်တွေကိုဝိုင်းပြီးတော့ နေရာပေးဖို့ လုပ်ကြ၊ လူကြီတွေကဖယ်ပေးကြတော့တဲ့ ။

မောင်တင်ယု

Burmakin said...

This is a well-reasoned article.
The scruple and conscience are the pillars of the universe.The process is also as important as the result.

Thanks,
Burmakin